ပလစ်စတစ်သုံးစွဲမှု လျော့ချရေး မြေကမ္ဘာနေ့ စုရုံးလှုပ်ရှား

အမှိုက်စွန့်ပစ်နေကြ။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနေတဲ့ ပလစ်စတစ်သုံးစွဲမှု လျှော့ချရေးလှုပ်ရှားမှုတွေကို ဒီနေ့ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာအဝှမ်း စုရုံး လှုပ်ရှားနေကြပါတယ်။ သဘာဝကြီး ရဲ့ တနှစ်ကူးတဲ့နေ့သဘောမျိုး ကမ္ဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို လူတွေ သတိပြုမိလာအောင် နှစ်စဉ် ဧပြီလ ၂၂ ရက်နေ့ကို မြေကမ္ဘာနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုထားပါတယ်။ ကမ္ဘာကြီးအတွက် ဘယ်လို ပိုပြီး တာဝန်ယူကြမလဲဆိုတာမျိုးကို ကမ္ဘာမြေနေ့ သန္နိဋ္ဌာန်ဆိုပြီး ဒီနေ့မှာ ချမှတ်လေ့ရှိကြပါတယ်။

၁၉၇၀ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ စခဲ့တဲ့ မြေကမ္ဘာနေ့ လှုပ်ရှားမှုဟာ တကမ္ဘာလုံးကို ပျံနှံလာတာ အခုဆို ရာစုနှစ်တဝက်ရှိပါတော့မယ်။ ဒီနေ့မှာတော့ မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်တာ၊ လူထုလှုပ်ရှားဆန္ဒပြကြတာ၊ သစ်ပင်စိုက်တာ စတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေလုပ်ပြီး ဂုဏ်ပြုလေ့ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းကတော့ ကမ္ဘာ့ဥတုရာသီဖောက်ပြန်မှုကို ပြန်လည်ကုစားဖို့ ပဲရစ်သဘောတူညီချက်ဆိုတဲ့ နိုင်ငံတကာသဘောတူညီချက်တခု လက်မှတ်ထိုးခဲ့ကြပါတယ်။ အခု ၂၀၁၈ ခုနှစ် မြေကမ္ဘာနေ့ ရဲ့ ဆောင်ပုဒ်ကတော့ ပလစ်စတစ် သန့်စင်ကင်းရှင်းရေးပါ။

ပစိဖိတ်သမုဒ္ဒရာထဲမှာ စွန့်ပစ်ပလစ်စတစ်တွေဟာ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်ရဲ့ နှစ်ဆလောက်ရှိမယ့် စတုရမ်းမိုင် ပတ်လည် ၆သိန်းကျော်ပမာဏ အမှိုက်ပုံကြီးအဖြစ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပလစ်စတစ်တွေကို ကမ္ဘာမှာ ၁၉၅၀ ဝန်းကျင်ကတည်းက သုံးစွဲလာခဲ့ကြတာပါ။

ပလစ်စတစ် အမျိုးအတော်များများဟာ နှစ်ပေါင်း ၂၀၀၀ ကြာအောင်အထိ မပျက်မစီး ရှိနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါကြောင့် အခုနှစ် ကမ္ဘာမြေနေ့မှာတော့ တခါသုံးပလစ်စတစ်အသုံးပြုမှု အလေ့အထကို ဖျောက်ဖျက်ပစ်ဖို့ဆိုတာကို ရည်မှန်းထားပါတယ်။ ပလစ်စတစ်အစား ပတ်ဝန်းကျင်အတွက်သင့်တော့မယ့်အရာနဲ့အစားထိုးသုံးစွဲဖို့၊ ပလစ်စတစ်ကို တခါသုံးမဟုတ်ပဲ ပြန်လည်အသုံးပြုနိုင်တဲ့စနစ်ထားဖို့၊ ပလစ်စတစ်သုံးစွဲမှုနဲ့ပတ်သက်ပြီးတော့ တာဝန်ယူဖို့ ရှိဖို့ စတာတွေကို အများပြည်သူအကြား ပညာပေးဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

ဒီနေ့မှာပဲ ကမ္ဘာအဝှမ်းမြို့ကြီးတွေမှာလည်း မြေကမ္ဘာနေ့ကို ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ပြုကျင်းပသွားဖို့ ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် သဘာဝပတ်ဝန်းကျင်ထိမ်သိမ်းရေးအဖွဲ့အစည်းတွေ စုစည်းပြီး ပတ်ဝန်းကျင်သန့်ရှင်ရေးနဲ့ အခြား သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ပလစ်စတစ်သုံးစွဲမှု လျော့ချရေး မြေကမ္ဘာနေ့ စုရုံးလှုပ်ရှား