အမေရိကန် ဗီဇာကံစမ်းမဲ အစီအစဉ်စပြီ

၂၀၂၀ ပြည့်နှစ် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ကံစမ်းမဲအစီအစဉ်အတွက် လျှောက်လွှာတွေ စတင်လက်ခံနေပြီဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့ကနေ နိုဝင်ဘာလ ၆ ရက်နေ့အတွင်း တင်သွင်းကြရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို အွန်လိုင်းကနေပဲ ဖြည့်စွက်တင်သွင်းကြရမှာပါ။ သီးခြားစာရွက်နဲ့ဖြည့်ပြီး တခြားတနည်းနည်းနဲ့ တင်သွင်းလို့ မရသလို လျှောက်လွှာတင်သွင်းဖို့ အခကြေးငွေ လုံးဝပေးစရာမလိုပါဘူး။

၂၀၂၀ ပြည့်နှစ်အတွက် ဗီဇာကံစမ်းမဲအရေအတွက် ၅၀,၀၀၀ ဖွင့်မှာဖြစ်ပြီး တင်သွင်းတဲ့လျှောက်လွှာတွေထဲကနေ ကျပန်း ရွေးချယ်မှာပါ။ လျှောက်ထားခွင့်ရှိတဲ့ နိုင်ငံတွေထဲက ဘယ်နိုင်ငံမှတော့ ၇% ထက်ကျော်လွန်တဲ့ ဗီဇာကံစမ်းမဲပေါက်သူ အရေအတွက် ရမှာမဟုတ်ပါဘူး။

လျှောက်လွှာဖြည့်ပြီး တင်သွင်းရမယ့် ဝက်ဘ်ဆိုက် လိပ်စာကတော့ https://www.dvlottery.state.gov ဖြစ်ပြီး အဲဒီမှာ ညွှန်ကြားချက်တွေ အပြည့်အစုံရှိပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ကို အသုံးချပြီး လိမ်လည်လှည့်ဖျားဖို့ ကြိုးစားတဲ့ တခြားဝက်ဘ်ဆိုက်တွေ အများအပြားရှိတာကြောင့် လျှောက်ထားသူတွေအနေနဲ့ https://www.dvlottery.state.gov ဝက်ဘ်ဆိုက်မှာပဲ အချက်အလက်တွေကို ဖတ်ရှုပြီး လျှောက်လွှာဖြည့် တင်သွင်းကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက အထူးသတိပေးထားပါတယ်။

ရန်ကုန်မြို့၊ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ U.S. Embassy Rangoon မှာလည်း ဒီအစီအစဉ်နဲ့ပတ်သက်ပြီး အသိပေးပြောဆိုထားတဲ့ ဗွီဒီယိုတခုတင်ထားပြီး “လျှောက်လွှာအတုအယောင်တွေနဲ့ ငွေယူလှည့်ဖြားသူတွေရဲ့သားကောင် မဖြစ်ပါစေနဲ့” လို့ သတိပေးထားပါတယ်။

Your browser doesn’t support HTML5

အမေရိကန် ဗီဇာကံစမ်းမဲ အစီအစဉ်စပြီ