အမေရိကန်နိုင်ငံ အလယ်ပိုင်း Georgia ပြည်နယ်ကနေ အရှေ့ဖျား နယူးယောက် ပြည်နယ်အထိ နှင်းမုန်တိုင်း ၂ ရက်ဆက်တိုက် ကျပြီးတဲ့နောက် ဒေသခံတွေဟာ သူတို့ရဲ့ အိမ်တွေပတ်ပတ်လည်နဲ့ ကားတွေပေါ်ပိနေတဲ့ နှင်းတွေကို တနင်္ဂနွေနေ့မှာ ဂေါ်ပြားတွေနဲ့ ရှင်းနေကြပြီ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် နှင်းထုဟာ အနည်းဆုံး လက်မ ၂၀ လောက် ကျခဲ့တာ ဖြစ်ပါတယ်။
Jonas လို့ အမည်ပေးထားတဲ့ ဒီမုန်တိုင်းကြောင့် ဝါရှင်တန် ဒီစီမြို့အနီးဝန်းကျင်က Virginia နဲ့ Maryland ပြည်နယ်တို့မှာ သေဆုံးခဲ့တဲ့ ၇ ဦး အပါအဝင် နိုင်ငံတဝှမ်း သေဆုံးသူ ၁၄ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
သောကြာနေ့ကစပြီး နှင်းတွေ ဆက်တိုက် ကျနေခဲ့တဲ့အတွက် မြို့တော် ဝါရှင်တန် ဒီစီနဲ့ အနီးဝန်းကျင်မှာလည်း ကားတွေ နှင်းထုအောက်မှာ မြုပ်နေပြီး အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေလည်း အားလုံး ရပ်နားထားရပါတယ်။ ဝါရှင်တန် ဒီစီ အနီးဝန်းကျင်မှာတော့ နှစ်ကျတဲ့ ပမာဏဟာ လက်မ ၂၀ ကနေ လက်မ ၃၀ အထိ ရှိခဲ့ပါတယ်။
ဝါရှင်တန် ဒီစီဒေသက လေဆိပ်ကြီး ၂ ခုဖြစ်တဲ့ Dulles နိုင်ငံတကာ လေဆိပ်နဲ့ Reagan National လေဆိပ်တို့ဟာလည်း ကျထားတဲ့ နှင်းတွေ ရှင်းဖို့လိုတာကြောင့် တနင်္ဂနွေနေ့က တနေ့လုံး ပိတ်ထားခဲ့ရပြီး ကျောင်းတွေကိုလည်း တနင်္လာနေ့အထိ ပိတ်ထားပါတယ်။
ဝါရှင်တန်ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ နယူးယောက်မြို့လယ်က Central Park မှာ ကျခဲ့တဲ့ နှင်းထု ပမာဏဟာ ၂၆ လက်မနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ၉ သန်းနီးပါးရှိတဲ့ နယူးယောက်မြို့ခံတွေအနေနဲ့ အပြင်ထွက် သွားလာခြင်း မပြုဖို့ စနေနေ့က တားမြစ်ချက် ထုတ်ပြန်ခဲ့တာကိုတော့ အာဏာပိုင်တွေက တနင်္ဂနွေနေ့ မနက်ပိုင်းက ပြန်လည် ရုပ်သိမ်းပေးလိုက်ပါတယ်။