ဆိုမာလီနိုင်ငံက မိုဂါဒစ်ရှုးမြို့က လူစည်ကားတဲ့ ကမ်းခြေကို al-Shabab စစ်သွေးကြွတွေ သောကြာနေ့ညက တိုက်ခိုက်တာကြောင့် ၃၂ ယောက်ထက်မနည်း သေဆုံးပြီး ၆၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုမာလီ ရဲတပ်ဖွဲ့ပြောခွင့်ရ ဗိုလ်မှူး Abdifatah Hassan က ပြောပါတယ်။
စစ်သွေးကြွတွေဟာ ည ၁၀ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညဘက်ကမ်းခြေလာတဲ့သူတွေနဲ့ စည်ကားနေတဲ့အချိန်မှာ အသေခံဗုံးခွဲတဲ့သူက ဖောက်ခွဲမှုလုပ်ပြီး စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း မီဒီယာတွေမှာ ပျံ့နေတဲ့ ဗီဒီယိုမှာတော့ ကမ်းခြေတလျှောက်မှာ လူတွေလဲနေတာတွေ တွေ့နေရပြီး အဲဒီမှာ တချို့သေဆုံးနေတာတွေ တချို့ကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာကို တွေ့ရပါတယ်။
ပထမပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်မှာ အယ်လ်ရှာဘတ် သေနတ်သမား ၃ ယောက်က ကမ်းခြေမှာ ညစာစားနေတဲ့သူတွေနဲ့ ဖျော်ဖြေရေး အဆောက်အအုံတွေကို သေနတ်နဲ့ အလုံးအရင်း ဝင်ပစ်ခဲ့တာပါ။ သေနတ်သမား ၃ ဦးကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပြီး စတုတ္ထမြောက် စစ်သွေးကြွကတော့ အသေခံဗုံးခွဲခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ကုသဖို့အတွက် သွေးလှူဖို့ မိုဂါဒစ်ရှူးဆေးရုံကတော့ ပန်ကြားထားပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုက သူတို့လက်ချက်လို့ ပြောထားပါတယ်။