ပြင်းအား အဆင့် ၅ ရှိတဲ့ Dorian ဟာရီကိန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက် ဘဟားမားကျွန်းကို ဝင်ရောက် ဖြတ်သန်းခဲ့ပြီး ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းခြေ နေရာတချို့ကို စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျော်ဂျီယာနဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေဘက် ဦးတည်လာနိုင်တယ်လို့ သတိပေးထားတာပါ။ မုန်တိုင်းနဲ့ပတ်သက်လို့ အဲဒီဒေသတွေမှာရှိတဲ့ မြန်မာနွယ်ဖွားတွေ ဘယ်လိုကြိုတင် ပြင်ဆင်နေကြသလဲ ဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
Dorian ဟာရီကိန်းမုန်တိုင်းဟာ တနင်္ဂနွေညနေပိုင်းက တနာရီ မိုင် (၂၂၀) နှုန်းနဲ့ ဘဟားမားကျွန်းကို ဝင်ရောက်သွားခဲ့ပြီး ဖလော်ရီဒါပြည်နယ် တောင်ပိုင်းကို ဦးတည်နေတာပါ။ မုန်တိုင်းဝင်မယ်လို့ သတိပေးခံထားရတဲ့ ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းခြေဖြစ်တဲ့ Palm Beach မြို့နယ်ကိုတော့ တနင်္ဂနွေညပိုင်းမှာ ဝင်ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။
Palm Beach မြို့နယ်ကို ဟာရီကိန်းမုန်တိုင်း ဦးတည်လာနေတဲ့အတွက် လူတွေ စိုးရိမ်စိတ်နဲ့ ကြိုတင်ပြင်ဆင်မှု ဘယ်လိုလုပ်ကြသလဲဆိုတာ အဲဒီမြို့နယ်မှာနေတဲ့ မမေမြတ်နိုးခင်က VOA မြန်မာပိုင်းကို ပြောပါတယ်။
“လူတွေကတော့ စိုးရိမ်တာကတော့ ပြောမနေနဲ့၊ ယောက်ယက်တွေခတ်ပေါ့။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဆို ညီမတို့ဆီကို တည့်တည့်ဝင်မယ်လို့ ပြောထားတာလေ။ အဲတော့ ဓာတ်ဆီတွေဆိုလည်း ညီမဆို မနက်ငါးနာရီ ထပြီးတော့ ဆိုင်မဖွင့်ခင်ကတည်းက ဆိုင်ရှေ့မှာ သွားတန်းစီရတယ်။ စီပြီးတော့ အဲလို ဆီဖြည့်ပေါ့၊ အဲလိုတွေလုပ်ရတယ်။ Grocery ကို ဈေးတွေမှာဆိုရင်လည်း ပေါင်မုန့်တွေ၊ can ဘူးတွေက လုံးဝအပျောက်ပဲ။ တချို့ Shutter တွေ ကာတဲ့အပြားတွေ မရှိတဲ့အိမ်ဆိုရင် အဲဒါတွေဝယ်ပြီး လုပ်ကြရတယ်။ သုံးထပ်သားပြားနဲ့ ကာတဲ့အိမ်ဆိုရင် သံနဲ့ရိုက်ရတယ်။ တချို့ကတော့ ဂိုဒေါင်ထဲမှာ ကားတွေဘာတွေကို အကုန်ထည့်ခဲ့၊ သိမ်းခဲ့ပြီးတော့ အဲလိုထွက်သွားရတယ်။”
ဖလော်ရီဒါ အာဏာပိုင်တွေက Palm Beach ကမ်းခြေတလျှောက် အန္တရာယ်ဇုန်တွေ သတ်မှတ်ကြေညာပြီး လူတွေကို အရေးပေါ်ရွှေ့ပြောင်းဖို့ သတိပေးထားကြောင်းလည်း မမေမြတ်နိုးခင်က ပြောပါတယ်။
“Governor ကလည်း ပြောထားပြီးသား၊ ကမ်းရိုးတန်းဘက်တွေကျတော့ Evacuate လုပ်ရတာပေါ့နော်။ ကမ်းရိုးတန်းဘက်တွေကကျတော့ တကယ့် အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေတဲ့လူတွေပေါ့။ တချို့ကျတော့လည်း သာမန်ရပ်ကွက်တွေလည်း ရှိတယ်။ နှစ်ခုက ရောနေသလိုဖြစ်နေတာ အဲဒီဘက်တွေက။ အဲလိုဟာတွေကို အခုပြောင်းနေပြီ သူတို့တွေ။ ရေလိုချင်ရင် ရေတွေ ရောက်လာပြီ၊ လာယူကြပါတို့ ဘာတို့ အဲလို။
“တချို့ဆိုရင် အိမ်မှာ Shutter တွေ မတပ်နိုင်တဲ့ အဘိုးကြီး အဘွားကြီးတွေဆိုရင် ရဲတွေကိုခေါ်လိုက်ရင် ရဲတွေက လာလုပ်ပေးတယ်။ တချို့က ကျောင်းတွေမှာ အားကစားခန်းမတွေပေ့ါနော်၊ ကယ်ဆယ်ရေးစခန်းလို သဘောမျိုး သူတို့လုပ်ပစ်တာပေါ့။ ခန တိမ်းရှောင်တဲ့သဘောပေါ့။ အကုန်လုံး ဒီမှာ သူတို့ အစားအသောက်တွေရော၊ ဆေးဝါးတွေရော အဲမှာ သွားနေလို့ရတယ်၊ နေချင်တယ်ဆိုရင်ပေါ့နော်။ ဒါပေမယ့် အရှေ့ကမ်းရိုးတန်းဘက်အခြမ်းက Palm Beach နေရာတွေ အရှေ့ဘက်အခြမ်းက လူတွေကြတော့ မဖြစ်မနေပြောင်းရမယ့် A ဇုန်လို့ခေါ်တယ် သူတို့က၊ A ဇုန်၊ B ဇုန် အဲလိုတွေရှိတယ်။ သူတို့တွေကျ ပြောင်းကို ပြောင်းရတယ်။”
မုန်တိုင်းဟာ အနောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး ဘဟားမားကျွန်း အနောက်မြောက်ပိုင်းက Abaco ကျွန်းစုကို ဝင်ရောက်တိုက်ခိုက်ရာမှာတော့ သစ်ပင်တွေပြိုလဲပြီး လမ်းတွေပိတ်သွားတာ၊ တချို့နေရာတွေမှာ ကားတွေပေါ် သစ်ပစ်တွေပြိုကျပြီး ပျက်စီးကုန်တာ၊ ဓာတ်တိုင်တွေပြိုလဲပြီး လေပြင်းကြောင့် အိမ်ခေါင်မိုးတွေ လန်ကုန်တာကို ဒေသခံတွေ သူတို့တွစ်တာမှာတင်တဲ့ ဗွီဒီယိုကတဆင့် တွေ့ရပါတယ်။
အမေရိကန် ဟာရီကိန်း စောင့်ကြည့်ရေးဌာနရဲ့ ခန့်မှန်းချက်အရ Dorian မုန်တိုင်းရဲ့ လမ်းကြောင်းဟာ ဖလော်ရီပြည်နယ် ကမ်းခြေနဲ့ အနီးဆုံးဒေသတွေဖြစ်တဲ့ Orlando၊ Jacksonville စတဲ့မြို့တွေကို ဖြတ်သွားနိုင်ပြီး နောက်ရက်တွေမှာ ဂျော်ဂျီယာနဲ့ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေဘက် ဦးတည်လာနိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ အားကြီးပေမယ့် ရွေ့လျားမှုနှုန်း နှေးကွေးတာကြောင့် သူတို့ဒေသကို ရောက်လာမယ်၊ မရောက်လာဘူးဆိုတာ အတိအကျ မသိရသေးကြောင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့မြို့မှာနေထိုင်တဲ့ ကိုဇေယျာထွန်းက ပြောပါတယ်။
“ကျနော်တို့ ဒီ North Carolina ဘက်ကို မုန်တိုင်းက လာမယ် မလာဘူးဆိုတာ မသေချာသေးဘူး။ အဲတော့ တော်တော်များများကတော့ ဘာမှတော့ သိပ်ပြီးတော့ ထူးထူးထွေထွေ ပြင်ဆင်ထားတာ ကျနော် မတွေ့ဘူး။ ဒါပေမယ့် အကုန်လုံးကတော့ ဘယ်လိုလဲဆိုတော့ ဒီ News လောက်ပဲ ကြည့်တဲ့အခြေအနေပေါ့နော်။ မုန်တိုင်းက ဖလော်ရီဒါဘက်ကိုတော့ ဒီတရက်နှစ်ရက်လောက်အတွင်း ဝင်မယ်လို့တော့ ကျနော်တို့ ထင်တယ်ပေါ့နော်။ ပြီးသွားလို့ရှိရင် မုန်တိုင်းက မြောက်ဘက်သွားမလား၊ အနောက်ဘက်ကို ဆက်သွားမလား ကြည့်ပြီးတော့မှ ဒီဘက်မှာ ကျနော်ထင်တာတော့ ပိုပြီးတော့ Warning ပေးမယ်လို့ ထင်တယ်။
“ပြီးတော့ နောက်တခု ကျနော်တို့ကြားတာတော့ ဒီမုန်တိုင်းက ပြင်းတယ်၊ ဒါပေမယ့် သူ့ရဲ့အရွေ့က နှေးတယ်။ နှေးတော့ ကျနော်တို့ North Carolina ဘက်ကို နောက်တပတ် သောကြာပတ်ဝန်းကျင်လောက်မှ ရောက်မယ်လို့ သူတို့မှန်းတယ်ပေါ့နော်။”
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တနင်္ဂနွေနေ့လယ်ပိုင်းမှာ FEMA လို့ခေါ်တဲ့ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးဌာနကို လာရောက်သွားပြီး အစိုးရအနေနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုဖို့ ဒေါ်လာ ၁၅၅ သန်း သုံးစွဲဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။
Your browser doesn’t support HTML5