မြောက်ကိုရီးယားနဲ့ ကန် သင့်တော်မည့်အချိန် ဆွေးနွေးမည်

တောင်ကိုရီးယားရုပ်သံသတင်းဌာနတခုက အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဓါတ်ပုံယှဉ်တွဲပြီး ဖေါ်ပြထားစဉ်

အမေရိကန်ဟာ သင့်တော်တဲ့အချိန်ကျရင် မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ ဗုဒ္ဓဟူးနေ့ တယ်လီဖုံး ဆက်သွယ် ပြောကြားရာမှာ သမ္မတ Trump က အမေရိကန်နဲ့ မြောက်ကိုရီးယား တို့ကြား သင့်တော်တဲ့ အခြေနေမျိုးမှာ သင့်တော်တဲ့အချိန်ရောက်ရင် တွေ့ဆုံဆွေးနွေးမယ်လို့ ဖွင့်ပြောခဲ့တာ ဖြစ်ကြောင်း သမ္မတ အိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ မြောက်ကိုရီးယား အပေါ် အပြင်းထန်ဆုံး အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ အရေးကြီးကြောင်း သေသေချာချာ ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တောင်ကိုရီးယား သမ္မတ Moon ရဲ့ ရုံးကလည်း အခုလို သမ္မတ ၂ ဦး ဆက်သွယ်ပြောကြားမှု ရှိကြောင်း တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကြား ၂ နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေး အပြီး နောက်တရက်မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယား သမ္မတ ရုံးက ထုတ်ပြန်ချက်မှာတော့ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက် လုပ်ဆောင်နေချိန် ကာလ အတွင်းမှာ စစ်ရေးလုပ်ဆောင်မှု တခုမှမလုပ်ဖို့ သမ္မတ Trump က သဘောတူခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားကို ညှိနှိုင်းဆွေးနွေးရေး စကားဝိုင်း ပြန်ရောက်လာစေဖို့ သူ့ရဲ့ လုပ်ဆောင်မှု အတွက် တောင်ကိုရီးယား သမ္မတက ချီးကြူးခဲ့တယ်လို့ တယ်လီဖုံ ဆက်သွယ်ပြောကြား အပြီး ကျင်းပတဲ့ ကက်ဘိနက်အစည်းဝေးမှာ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့လုပ်ဆောင်မှု အတွက်တောင်ကိုရီးယားက သိပ်ကို ကျေးဇူးတင်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ အပြုသဘော ဆောင်တဲ့ ရလဒ်ဖြစ်မယ်လို့ မျှော်လင့်ကြောင်း လည်း သမ္မတ Trump ကပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားနဲ့ ကန် သင့်တော်မည့်အချိန် ဆွေးနွေးမည်