ဒေါ်လာဈေး တရက်အတွင်းမှာ စံချိန်တင်ဈေးတက်

အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နှုန်းဟာ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ကျဆင်းလာနေရာမှာ ဒီနေ့ဈေးပိတ်ချိန်မှာတော့ တဒေါ်လာကို ကျပ်ငွေ ၁၅၂၅ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး တရက်အတွင်း အများဆုံးစံချိန်တင် ဈေးတက်ခဲ့ပါတယ်။

ရန်ကုန်မြို့က ငွေကြေးဈေးကွက်မှာ ဒီနေ့အစောပိုင်းက တဒေါ်လာကို ၁၄၈၀ နဲ့ ဈေးဖွင့်ခဲ့ပြီး၊ တဖြည်းဖြည်း တက်လာခဲ့ရာမှာ ဗဟိုဘဏ်က ၁၄၇၅ ဈေးဖြတ်ခဲ့ပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဈေးပိတ်ချိန်မှာ ၁၅၂၅ အထိ ဈေးပေါက်ခဲ့တာပါ။

မကြာသေးခင်ရက်တွေအတွင်း မြန်မာနိုင်ငံက ငွေကြေးဈေးကွက်မှာ ဒေါ်လာနဲ့လဲလှယ်နှုန်း တက်လာနေချိန်မှာပဲ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေရောင်းဝယ်တဲ့အခါ ဗဟိုဘဏ်နှုန်းထားရဲ့ ဝ.၈ ရာခိုင်နှုန်းအထိသာ အလျှော့အတင်းဈေးကစားခွင့် ပြုထားတဲ့ ကန့်သတ်မှတ်ချက်ကို ဒီသီတင်းပတ်ထဲမှာပဲ ပယ်ဖျက်ခဲ့တာပါ။

နိုင်ငံခြားငွေလဲလှယ်နှုန်းထား သတ်မှတ်ချက်ကို ထိန်းချုပ်ထားတာကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်တဲ့အတွက် ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရရှိသွားပေမဲ့ ဘဏ္ဍာငွေကြေးစနစ် ခိုင်မာမှုမရှိသေးတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ မတည်မငြိမ် အခြေအနေတွေ ပေါ်လာမှာကိုလည်း လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတချို့က သတိပေးနေကြပါတယ်။ လတ်တလောမှာတော့ ပုဂ္ဂလိကဘဏ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းတွေကို နေ့စဉ် ဒေါ်လာတသိန်း ရောင်းချပေးနေပါတယ်။

Your browser doesn’t support HTML5

ဒေါ်လာဈေး တရက်အတွင်းမှာ စံချိန်တင်ဈေးတက်