ဘုရားသုံးဆူမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားဆဲ

ဘုရားသုံးဆူမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားဆဲ

မနေ့ကတည်းက ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ထားတဲ့ DKBA တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ အကြားမှာ အခုချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ နှစ်ဘက် အကျအဆုံးကို မသိရပေမဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် သံဃာတော်တွေနဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ခန့်မှန်းခြေ ၁၀,၀၀၀ လောက်ရှိတဲ့ ပြည်သူတွေဟာ ထိုင်းဘက်ကမ်းမှာရော တခြားလုံခြုံရာမှာပါ တိမ်းရှောင်နေကြပါတယ်။ အဲဒီ စစ်ပြေးဒုက္ခသည်တွေကို သက်ဆိုင်ရာ NGO အဖွဲ့အစည်းတွေကနေ ကူညီပံ့ပိုးဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေ အသေးစိတ်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ကို ဝင်ရောက် သိမ်းပိုက်ထားတဲ့ DKBA တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ဒီကနေ့ မနက်ပိုင်းကစပြီး ညနေပိုင်းအထိ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်ကို မြို့ခံတဦးက အခုလို ပြောပါတယ်။

“ထိုင်း ၁၀ နာရီ ကြားမှာ ၅ မိနစ် တကြိမ်၊ ၅ မိနစ် တကြိမ် ပစ်နေကြတယ်။ လက်နက်ကြီးများတယ်၊ လက်နက်ငယ်က နည်းတယ်။ လက်နက်ကြီးက တလုံးပြီးတလုံး ဂျိမ်း ဒိန်းနဲ့၊ စစ်ကြောင်း ၄၀၉ စစ်ကြောင်း တွေတော့ သုံးဆူဘက်ကို ဝိုင်းပြီးတော့ ရောက်ကုန်ပြီ။”

ဒုတိယဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ မနေ့က ဘုရားသုံးဆူမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တညလုံး သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညမှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ DKBA ကနေ ဘုရားသုံးဆူမြို့စွန်က ပြည်သူ့စစ်ဂိတ်ကို မီးတင်ရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမနက်မှာတော့ ချောင်းဆုံကျေးရွာမှာ ရှိနေတဲ့ မြန်မာစစ်တပ်ကနေ စစ်ကူပေးဖို့ ဘုရားသုံးဆူကို အလာ ရွာသစ်အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ တိုက်ပွဲဖြစ်ပွားရာမှာတော့ ပြည်သူတွေ ထိခိုက်မှု ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အခုလက်ရှိ သိရသလောက်ဆိုရင် နဂါးတောင် အမြောက်ဆီမှာ အစိုးရတပ် အမြောက်ကနေ ကရင်တွေ ရှိတဲ့နေရာကို ပစ်ထည့်တာ ထိုင်းနိုင်ငံကို လွန်ထွက်သွားတာ တလုံး၊ အနာမိုင်နားမှာ ကျသွားတာ သုံးလေးငါးယောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ သူတို့ပစ်လိုက်တာ ဘုန်းကြီးနေရာကိုလည်း ကျသွားတယ် တလုံး၊ ဘုန်းကြီးလည်း သုံးလေးပါး ဒဏ်ရာရသွားတယ်။ ဝမ်က(စံခလပူရီ) ရောက်နေတယ်။”

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိနေတယ်လို့ ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီဝင် တဦးက ပြောပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အခက်အခဲကြောင့် ဘယ်လောက် ထိခိုက်မှုရှိသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

မနေ့ကဖြစ်တဲ့ တိုက်ပွဲမှာတော့ DKBA ဘက်က လက်နက် ၉ လက် သိမ်းဆည်းရခဲ့ပြီး မြန်မာစစ်တပ်က ၂ ဦး ကျဆုံးသွားတယ်လို့ DKBA အရာရှိတဦးက ပြောပါတယ်။ ဘုရားသုံးဆူမြို့ ပြည်သူ့စစ်ဂိတ်မှာရှိတဲ့ ပြည်သူ့စစ် ၈ ဦးကိုလည်း DKBA ဘက်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ DKBA တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဘုရားသုံးဆူမြို့တွင်း အခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“မြို့တွင်း အခြေအနေ လောလောဆယ်ဆယ်ကတော့ မိန်းမတွေ ဘာညာတွေကျတော့ အကုန်လုံး ဟိုဘက်အခြမ်းကို ကူးသွားတဲ့သူကူးသွား၊ ခြံရောက်သွားတဲ့သူ ရောက်ပေါ့။ တအိမ် ယောကျာ်းလေး တယောက်တလေတော့ ရှိတာပေါ့။ ဒါပေမဲ့ မြို့ပေါ်မှာတော့ လူသိပ်မရှိတော့ဘူး။”

ထွက်ပြေး တိမ်းရှောင်လာတဲ့ လူတွေဟာ ထိုင်းဘက်ကမ်း ကွင်းပြင်မှာရော ဘုန်းကြီးကျောင်းတွေမှာရော မွန်ပြည်သစ်ပါတီ အခြေခံစခန်းဖြစ်တဲ့ ဂျပန်ရေတွင်းရွာ၊ ကြံခင်းရွာနဲ့ စံခလပူရီမြို့ဘက်ကိုရော၊ တချို့ကျတော့ ခြံထဲမှာ ခေတ္တ တိမ်းရှောင်နေကြတယ်လို့ စစ်ပြေးဒုက္ခသည် တဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ လမ်းကြောင်းအမျိုးမျိုးကနေ တိမ်းရှောင်နေတဲ့အတွက် အရေအတွက် တိတိကျကျ စာရင်းကောက်ယူလို့ မရတဲ့ အနေအထားမှာ ရှိပေမဲ့ ခန့်မှန်းခြေ ၁၀,၀၀၀ လောက် ရှိမယ်လို့ မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် အရာရှိတဦးက ပြောပါတယ်။

မွန်အမျိုးသား ကယ်ဆယ်ရေး ဖွံ့ဖြိုးရေး ကော်မတီ အတွင်းရေးမှူး နိုင်ဗညားအိမ် အဆိုအရ ထိုင်းဘက်ခြမ်း ကွင်းပြင်မှာ ဒုက္ခသည် အရေအတွက် ၇,၀၀၀ ကျော် ရှိမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို NGO အဖွဲ့တခုဖြစ်တဲ့ TBBC ကနေ စောင်တွေ ဝေငှပေးခဲ့တယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။ မွန်အမျိုးသား ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မတီ အနေနဲ့ တခြား သက်ဆိုင်ရာ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ပြေးဒုက္ခသည်စာရင်း ကောက်ယူနေဆဲဖြစ်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကူညီသွားမယ်လို့ ကော်မတီဝင်တဦးက ပြောပါတယ်။