မြန်မာနိုင်ငံရဲ့ မသန်စွမ်းသူများအတွက် အရေးကြီးတဲ့ အခွင့်အရေး ငါး ရပ်ကတော့ အလုပ်အကိုင် အခွင့်အလမ်း၊ အသက်မွေးကျောင်းဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောင်နိုင်ခွင့် အခွင့်အရေး၊ အခြေခံ စားဝတ်နေရေး အခက်အခဲ အတွက် ပံ့ပိုးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှု ဖူလုံရေး ဆိုင်ရာ အခွင့်အရေးတွေ ဖြစ်တယ်လို့ ဦးမြတ်သူဝင်းက ဆိုပါတယ်။
နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ထိုးပြီး ဆယ်နှစ်အတွင်းမှာ ဥပဒေ တစ်ရပ်ကို ၂၀၁၅ မှာ ပြဌာန်းခဲ့ပြီး၊ နည်းဥပဒေကို ၂၀၁၇ မှာ ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းတွေ မှာ အားနည်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
လွှတ်တော်နဲ့ အစိုးရ သက်တမ်း ၂ ဆက်အတွင်းမှာ မသန်စွမ်းသူများအတွက် ကြည့်ရှုစဉ်းစားခဲ့ပါတယ်လို့ ပြောနိုင်ရုံသာ ရှိခဲ့ပါတယ်လို့ ဦးမြတ်သူဝင်းက ထင်ပါတယ်။ အစိုးရ ၂ ဆက်လုံး နားထောင်ပေမဲ့ ဒါဟာ နားထောင်ရုံသက်သက်ပဲ ရှိတယ်လို့ဆိုပါတယ်။ သနားတယ်ဆိုတာထက် ပိုဖို့လိုလိမ့်မယ်လို့ ယူဆပါတယ်။
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေက အများကြီးရှိပါသေးတယ်ဆိုတာကတော့ အစိုးရ ၂ ဆက်လုံး ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပြီး၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဟာ နောက်ဆုံးကို ရောက်ရှိသွားခဲ့တယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေး တစ်ရပ်အနေနဲ့ လေးစား လုပ်ဆောင်ရာမှာ အားနည်းခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တိုင်းရင်းသား လူနည်းစုအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ရိုဟင်ဂျာ အခွင့်အရေးတွေနဲ့ လိင်တမူကွဲဘဝ အခွင့်အရေးတွေကို ရှေ့တန်းတင်ခဲ့ကြပေမဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးကတော့ ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကလည်း ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေမှာ မသန်စွမ်းသူများ ပါဝင်နိုင်အောင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆိုပါတယ်။
အားလုံးပါဝင်ရေးမူဆိုတာ အစည်းအဝေးတွေမှာ ခုံတစ်လုံး ချပေးရုံထက်မကကြောင်း နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတွေကအစ၊ နိုင်ငံရေးပါတီများအလယ်၊ နောင်အစိုးရ လုပ်ကြမယ့်သူများအဆုံး နားလည်အောင် ကြိုးစားကြရပါမယ်လို့ ဦးမြတ်သူဝင်းက တင်ပြသွားပါတယ်။