မြန်မာနိုင်ငံဆိုင်ရာကန်သံအမတ်ကြီးဟောင်း ကို NDI ဥက္ကဌသစ် အဖြစ် ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာကန်သံအမတ်ကြီးဟောင်း Derek Mitchell

ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာတိုးတက်လာအောင်၊ ဒီမိုကရေစီ အတွေးအမြင်တွေ ကျယ်ပြန့်လာအောင်၊ NDI အဖွဲ့အနေနဲ့ အများကြီး ကူညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း NDI ဥက္ကဋ္ဌအဖြစ် မကြာခင်ကမှ ရွေးချယ်ခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကပြောကြားလိုက်ပါတယ်။ ကမ္ဘာတဝန်းက ဒီမိုကရေစီအဆောက်အအုံတွေ ပိုပြီးခိုင်မာထိရောက်အောင် ဆောင်ရွက်နေတဲ့ NDI အဖွဲ့အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆက်လုပ်ပေးစရာတွေ ရှိနေမှာဖြစ်တယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ သူကပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

အမေရိကန်အခြေစိုက် National Democratic Institute, NDI ရဲ့ ဥက္ကဋ္ဌတာဝန်ယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရေိကန် သံအမတ်ကြီးဟောင်း Derek Mitchell ကို NDI ဘုတ်အဖွဲ့က ရွေးချယ်ခဲ့ပါတယ်။ သံအမတ်ကြီး Mitchell အနေနဲ့ အနှိုင်းမဲ့ အားထုတ်ဆောင်ရွက်မှုတွေ၊ ရှင်းလင်းတဲ့အမြင်တွေနဲ့ NDI အဖွဲ့ကြီးကို နောင်နှစ်ပေါင်းများစွာ ဦးဆောင်သွားလိမ့်မယ်လို့ သူရော ဥက္ကဋ္ဌရာထူးကနေ အနားယူတော့မယ့် Kenneth Wollack ကပါ အခိုင်အမာ ယုံကြည်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်တဲ့ NDI အဖဲ့ွသဘာပတိ Madeleine Albright က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကနေ ဦးသိန်းစိန်အစိုးရအပြောင်းအလဲဖြစ်ပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ သံအမတ်အဆင့်ပြန်လည်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် Derek Mitchell ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမတ်ကြီးတာဝန်ကို ယူခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သံအမတ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာအတွင်း မြန်မာအစိုးရနဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ထားရှိခဲ့တဲ့ Obama အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ Derek Mitchell ဟာ အဓိကကျသူတဦးလည်း ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ NDI ရဲ့ ရည်ရွယ်ချက်အတိုင်း ကမ္ဘာတဝန်း ဒီမိုကရေစီစနစ်ခိုင်မာအောင် ကြိုးပမ်းသွားမှာဖြစ်သလို မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက်ကိုလည်း အာရုံစိုက်ဖို့ကြိုးစားမယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ NDI ဥက္ကဋ္ဌသစ် Derek Mitchell ကပြောကြားသွားပါတယ်။

"မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတယ်။ ဒီမိုကရေစီအပြောင်းအလဲတွေကလည်း လုပ်နေဆဲရှိသေးတဲ့အတွက် ကျွန်တော့်အနေနဲ့ မြန်မာ့အရေးကိုဆက်လုပ်ဖို့ အကြောင်းအရင်းတွေကတော့ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်တော့်မှာ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ အဓိကတာဝန်တွေကို ယူသွားရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတာဝန်ကို ၄ နှစ်ထမ်းဆောင်ခဲ့ပြီး အပြောင်းအလဲတချို့ကို ကိုယ်တိုင်မြင်ခဲ့ရသူတယောက်အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ရပ်တန့်နေတယ်လို့သုံးသပ်နိုင်သလားလို့ မေးတဲ့အခါမှာတော့

" အပြောင်းအလဲတွေက တခါတလေကျရင် ပုံမှန်နှုန်းနဲ့သွားနေတာမျိုး မဟုတ်ပါဘူး။ သိပ်ခက်ခဲပါတယ်။ ဒီမိုကရေစီဆိုတာ မလွယ်ပါဘူး။ စိတ်ဓါတ် အမြင်သစ်တွေလိုအပ်တယ်။ လူမှုဝန်းကျင်ထဲမှာယုံကြည်မှုရှိဖို့လိုအပ်တယ်။ ငြိမ်းချမ်းမှုလိုအပ်တယ်။ ခေါင်းဆောင်မှုပိုင်း ခိုင်မာဖို့လိုသလို အောက်ခြေကလည်း လုပ်ပိုင်ခွင့်ရှိဖို့ အရေးကြီးပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ အဲဒါမျိုးတွေ မရှိဘူးဖြစ်နေပါတယ်။ စိတ်ရှည်ဖို့လိုပါတယ်။ ဒါပေမဲ့ သိပ်အကြာကြီး စိတ်ရှည်စောင့်နေလို့လည်း မဖြစ်ပါဘူး။ ဒီမိုကရေစီတိုးတက်မှုတွေ ရှိလာဖို့လည်း မျှော်လင့်ထားရမှာပါ။ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်က မြန်မာနိုင်ငံနဲ့ ကျွန်တော်စတင် ထိတွေ့ဆက်ဆံခဲ့တဲ့ အချိန်ကထက်စာရင်တော့ တိုးတက်လာပါတယ်။ ဒီထက်ပိုပြီး တိုးတက်နိုင်တယ်လို့လည်း ထင်ပါတယ်။ အနာဂါတ်မှာ နောက်ပြန်ဆုတ်သွားတာထက် ရှေ့ဆက်တိုးတက်သွားတာမြင်ရဖို့ မျှော်လင့်ပါတယ်။"

ရခိုင်ပြဿနာဟာ မြန်မာ့ဒီမိုကရေစီရေးတိုးတက်ဖို့ အဟန့်အတားတခုလို ဖြစ်နေပါသလားလို့ မေးတာကိုတော့ NDI ဥက္ကဋ္ဌသစ် Mr. Mitchell ကခုလိုဖြေပါတယ်။

" တနေရာရာမှာ တရားမျှတမှု မရှိရင် နေရာတိုင်းက တရားမျှတမှုကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်က ပြည်သူ့အခွင့်အရေးလှုပ်ရှားသူ Martin Luther King ပြောခဲ့သလိုပါပဲ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတာတွေနဲ့ မူဆလင်တွေမှ မဟုတ်ဘဲ ရခိုင်တွေအပါအဝင် လူပေါင်းသိန်းနဲ့ချီ ကြုံနေရတဲ့ လူသားဘေးဒုက္ခပြဿနာကို ကောင်းကောင်း မကိုင်တွယ်ဘူးဆိုရင် နိုင်ငံရဲ့ အနာဂါတ်အတွက်အတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေနဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကြေကွဲစရာအဖြစ်တွေ စိတ်ဒဏ်ရာရစေတဲ့အဖြစ်တွေ ရှိခဲ့တာ မျိုးဆက်တွေနဲ့ချီရှိနေပါပြီ။ ရခိုင်ပြဿနာကတော့ နောက်ဆုံးဖြစ်တဲ့ကိစ္စပါ။ နိုင်ငံထဲမှာ အဲဒီလိုတရား မမျှတတဲ့ကိစ္စကြီးရှိနေမယ်ဆိုရင် နိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလူ့ဘောင်အတွက် ကြီးမားတဲ့ အဟန့်အတားကြီးဖြစ်နေမှာ သေချာပါတယ်။"

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကျော်လွှားနိုင်အောင် NDI အနေနဲ့ရော ဘယ်လိုကူညီသွားနိုင်မှာပါလဲ။

"NDI ဘယ်လိုအတိအကျလုပ်နိုင်မယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး။ မြန်မာနိုင်ငံထဲမှာ ကူညီနေတဲ့ NDI ပဲဖြစ်ဖြစ်၊ USAID တို့ UK Aid တို့ တခြားနိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့က ပြည်သူတွေ စွမ်းဆောင်ရည်မြင့်မားလာအောင် ကြိုးစားကူညီပေးနိုင်ပါတယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲကျင်းပနိုင်တာ အစိုးရဖွဲ့နိုင်တာပဲ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ နိုင်ငံရဲ့ အနာဂါတ်ကို ပုံဖော်နိုင်တာ၊ ရွေးကောက်ပွဲပြီးသွားတဲ့ နောက်မှာလည်း သူတို့ဘဝအတွက် အစိုးရကို ပြောပိုင် ဆိုပိုင်ခွင့်ရှိမှာ ဒီမိုကရေစီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ NDI အနေနဲ့ အရင်က လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာတိုးတက်လာအောင်။ ဒီမိုကရေစီ အတွေးအမြင်တွေ ကျယ်ပြန့်လာအောင်၊ နိုင်ငံထဲမှာ နောက်ထပ် ကြေကွဲစရာတွေထပ်မဖြစ်အောင် NDI အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အများကြီး ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ လူသားချင်းစာနာစရာ ဘေးဒုက္ခတွေ ရှိနေရင် နိုင်ငံရဲ့ ဒီမိုကရေစီစနစ် အောင်မြင်ဖို့ သိပ်ကိုခက်ခဲပါတယ်။"

သံအမတ်ကြီး Derek Mitchell အနေနဲ့ NDI ဥက္ကဋ္ဌတာဝန်ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။ NDI ဟာ ပြည်သူတွေရဲ့ပါဝင်မှု၊ အစိုးရအဖွဲ့တွေရဲ့ ပွင့်လင်းမှု။ တာဝန်ခံမှုကနေ ကမ္ဘာတဝန်းက ဒီမိုကရေစီအဆောက်အအုံတွေ ပိုပြီးခိုင်မာထိရောက်အောင် ဆောင်ရွက်နေတဲ့ ဝါရှင်တန်အခြေစိုက် NGO အဖွဲ့အစည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံဆိုင်ရာကန်သံအမတ်ကြီးဟောင်း ကို NDI ဥက္ကဌသစ် အဖြစ် ခန့်အပ်