သမ္မတဦးထင်ကျော် ရာထူးကနေ အနားယူလိုက်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတရုံးက ကြေညာခဲ့ပါတယ်။ ဦးထင်ကျော်နေရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကို ခန့်ထားဖို့ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကလည်း ထွက်နေတာပါ။ တခြားနိုင်ငံတွေနဲ့ သိပ်မတူလှတဲ့ မြန်မာနိုင်ငံရဲ့ သမ္မတရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell က အခုလို စပြောပါတယ်။
“ဦးထင်ကျော်မှာ အကန့်အသတ်နဲ့ အာဏာအနဲအကျဉ်းပဲ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်စုကပဲ အာဏာကိုချုပ်ကိုင်ထားတာပါ။ ရွေးကောက်ပွဲတုန်းက ပြည်သူတွေက ဒေါ်စုကိုပဲ ပုံပြီးရွေးခဲ့ကြပေမယ့် ဒေါ်စုသမ္မတ မဖြစ်အောင် အတားဆီးရှိနေတဲ့အတွက် ဦးထင်ကျော်ကိုထားတာပါ။ ဒါကြောင့်လည်း ဦးထင်ကျော်အနားယူသွားတာဟာ နိုင်ငံအတွက် သိပ်မနစ်နာလှပါဘူး။ သူဟာ တကယ်လူတော်တယောက်ပါ။ သူ့ကျန်းမာရေးကောင်းဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အရေးကြီးတာက ဒေါ်စုအတွက် သူလိုလူ တယောက်ရဖို့ပါ။ ဦးထင်ကျော်လုပ်သလို လုပ်နိုင်မယ့်သူ တယောက်ကို သမ္မတနေရာမှာ သူထားချင်မှာပါ။ သူပြောတဲ့အတိုင်းမလိုက်နာပဲ တကယ်အာဏာရှိတဲ့သူမျိုးကို ဒေါ်စုလိုချင်မှာ မဟုတ်ပါဘူး။”
ဒေါ်ခင်မျိုးသက်။ ။ ဦးထင်ကျော်လိုလူမျိုး ဘယ်သူဖြစ်နိုင်မယ်လို့ မြင်ပါသလဲ။
Derek Mitchell ။ ။ ပြောနေကြတာတော့ ဦးဝင်းမြင့်လို့ ကြားပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌပါ။ သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လိုချင်တဲ့ပုံစံနဲ့ ကိုက်တဲ့သူ တယောက် ဖြစ်ပါတယ်။ အားထားယုံကြည်ရတဲ့သူ ဒေါ်စုအပေါ်သစ္စာရှိတဲ့သူ၊ ပုဂ္ဂိုလ်ရေးသိပ်ပြင်းထန်တဲ့သူမဟုတ်သလို သူလုပ်စေချင်တဲ့ အလုပ်တွေကို လုပ်နိုင်မယ့်သူပါ။ ဒါကြောင့်ဦးထင်ကျော်နေရာမှာ အစားထိုးထိုက်မယ့်သူ ဖြစ်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်တွေက သိပ်ကြီးနေတာပါ။ ဒီတာဝန်ကို ခွဲယူနိုင်မယ့်သူ တယောက်ယောက်ကိုများ ဒေါ်စုလိုအပ်နေမယ် လို့ထင်ပါသလား။
Derek Mitchell ။ ။ ဒီတာဝန်ကိုပြောတာပါ။ ဘယ်ခေါင်းဆောင်မဆို သူတို့ရဲ့ဘေးမှာ သူတို့ယုံကြည်ရမယ့်သူကိုပဲ ထားချင်ကြတာပါ။ အကြံကောင်း ဒါမှမဟုတ်ရင် ရိုးသားပွင့်လင်းတဲ့အကြံပေးမယ့်သူ၊ စေတနာမှန်တဲ့ ပေးတဲ့အကြံ၊ ခေါင်းဆောင်က မကြားချင်ပေမယ့် လက်ခံသင့်တဲ့ အကြံပေးမယ့်သူ၊ ကိုယ့်လက်ထဲ အာဏာရှိတာမရှိတာ ဂရုမစိုက်ပဲ နိုင်ငံ့ခေါင်းဆောင်အတွက် သူ့ဦးတည်ချက် အောင်မြင်အောင် အထောက်အကူပေးနိုင်မယ့်သူ လိုတယ်လို့ ပြောချင်ပါတယ်။”
ဒေါ်ခင်မျိူးသက် ။ ။ ဦးဝင်းမြင့်ကို ဒီလိုမျိုးသင့်တော်မယ့်သူလို့ကော ထင်ပါသလား။
Derek Mitchell ။ ။ ဒီတာဝန်အတွက် သူ့ကိုရွေးတယ်ဆိုရင်တော့ အရေးကြီးတာက သူဟာ ဒီနေရာအတွက် အသင့်တော်ဆုံးလူအဖြစ် သူမကိုယ်တိုင်က ယုံကြည်မှုရှိဖို့ပါ။ ဒီရာထူးအတွက် သူမယုံကြည်ရမယ့်သူ တယောက်လိုပါတယ်။ ဦးဝင်းမြင့်ဖြစ်ဖြစ် ဦးထင်ကျော်နေရာကို ယူမယ့်သူ တယောက်ပါ။ ဦးထင်ကျော်ဟာ အင်မတန်ရိုးသားဖြောင့်မှန်တဲ့သူပါ။ အင်မတန်မှလဲ နှုတ်နဲပါတယ်။ ကျွန်တော့် အမြင်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က သူမတူတဲ့ ခေါင်းဆောင်တယောက်ပါ။ ဒါကြောင့် သူလိုချင်တဲ့သမ္မတကို သူရအောင်ယူမယ်ဆိုတာ သံသယ မရှိပါဘူး။”
အခုလစ်လပ်သွားတဲ့ သမ္မတနေရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို သင့်တော်တဲ့သူအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က မြင်ပါတယ်။ ဒါပေမယ့် ဦးဝင်းမြင့်သမ္မတဖြစ်လာရင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အဆင်ပြေပါ့မလားလို့ သံသယရှိသူကတော့ ဂျာမဏီနိုင်ငံ Hombolt တက္ကသိုလ် မြန်မာရေးရာဌာန အငြိမ်းစားကထိက ဦးခင်မောင်စောပါ။
“ ဦးဝင်းမြင့်ကတော့ နဂိုကတည်းက လွှတ်တော်ဥက္ကဌ ဖြစ်နေတယ်ဆိုတော့ သူ့ရာထူးက တော်တော်လေး မြင့်နေတဲ့သူပဲ။ ပထမအဆင့်အနေနဲ့ ဒုသမ္မတ အရွေးခံရမယ်။ နောက် သမ္မတအဖြစ်အရွေးခံမယ်။ ဥပဒေနဲ့အညီတော့ မှန်မှန်ကန်ကန် လုပ်သွားမှာပဲ။ ဒါပေမယ့် ကျနော်မြင်တာ တခုရှိတာက ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ ဥက္ကဌ လုပ်နေတဲ့အချိန်မှာ တိုင်းရင်းသားလွှတ်တော်အမတ်တချို့နဲ့ ပြသနာ ကြုံဘူးတယ်။ တိုင်းရင်းသားလွှတ်တော်အမတ် တော်တော်များများက ဦးဝင်းမြင့်ကို မကြည်တာလည်း ရှိကြတယ်။ ရှိကြတော့ ဦးဝင်းမြင့် တကယ်လို့ သမ္မတ ဖြစ်လာခဲ့ရင် တိုင်းရင်းသားပါတီတွေနဲ့ ဗဟိုအစိုးရနဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ အထစ်အငေါ့တွေ ဖြစ်လာနိုင်မလားဆိုတဲ့ အချက်တချက်ကိုတော့ ကျနော်တွေးမိတယ်။”
သမ္မတဦးထင်ကျော် ရာထူးကနေ အနားယူသွားတာနဲ့ ပတ်သက်ပြီး ဘာအကြောင်းကြောင့်ဆိုတာ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လစ်လပ်နေတဲ့ သမ္မတနေရာမှာ ဒုသမ္မတတဦး ဖြစ်တဲ့ ဦးမြင့်ဆွေက ယာယီတာဝန်ယူရမှာ ဖြစ်ပြီး မကြာခင်မှာပဲ သမ္မတသစ်ကို ရွေးချယ်ကြရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5