ထိုင်းရွေးကောက်ပွဲရလာဒ် မြန်မာနဲ့ ဆက်ဆံရေး အပြောင်းအလဲ ဖြစ်စေမလား

ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်

ဒီကနေ့ မေလ (၁၄) ရက်နေ့မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလာဒ်ဟာ အိမ်နီးချင်း မြန်မာနဲ့ ဆက်ဆံရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ ရှိမလား။ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ရော ဘယ်လို သက်ရောက်မှုတွေရှိမလဲ။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ မဲရလာဒ်က မြန်မာနဲ့ ဆက်ဆံရေးအပေါ် ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲလို့ ဦးထူးချစ် သုံးသပ်ပါသလဲရှင့်။

ဖြေ ။ ။ ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဘယ်ပါတီပဲနိုင်နိုင် မြန်မာနဲ့ ဆက်ဆံရေးကတော့ ဒီလောက်ကြီး သိသိသာသာကြီး ပြောင်းလဲတိုးတက်သွားမယ်ဆိုတာတော့ ကျနော်တို့ မမြင်ရဘူး။ ဆိုလိုချင်တာကတော့ ဘယ်အစိုးရပဲ တက်လာတက်လာ သူတို့ကတော့ အခုပုံစံနဲ့ဆိုရင် ညွှန့်ပေါင်းအစိုးရပဲ ဖြစ်လိမ့်မယ်။ အမြဲတမ်း ထိုင်းနိုင်ငံရဲ့ စဉ်းစားချက်ကတော့ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာပဲ အဓိကစဉ်းစားတာတွေ တွေ့ရတော့ ကျနော်တို့အနေနဲ့တော့ သိပ်ပြီးတော့ ဘယ်အစိုးရပဲတက်တက် မြန်မာပြည်နဲ့ ဆက်ဆံတဲ့ သိသာထင်ရှားတဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ အပြောင်းအလဲကြီး ရှိလိမ့်မယ်လို့ မတွေ့ရပါဘူး။

မေး ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံလို အခြေအနေမျိုးကြတော့ စစ်အာဏာသိမ်းထားတဲ့ နိုုင်ငံလည်း ဖြစ်တယ်။ ဆိုတော့ ထိုင်းနိုင်ငံမှာ အရင်အစိုးရတုန်းကလည်း ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်တယ်။ ပြီးတော့ အာဏာသိမ်းထားခဲ့တယ်။ ဒီစစ်တပ်က အာဏာသိမ်းပြီး ဖြစ်လာတဲ့ အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးပိုင်းမှာ တော်တော်လေး ထဲထဲဝင်ဝင် ရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေတော့ အခုရွေးကောက်ပွဲကနေ တက်လာမယ့် ညွှန်ပေါင်းအစိုးရလိုမျိုး ဒီမိုကရေစီကို လိုလားတဲ့ ထိုင်းပါတီတွေဘက်က တက်လာမယ်ဆိုရင် စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ အနည်းနဲ့အများ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖို့ ရှိမလား။

ဖြေ ။ ။ ကျနော်တို့ကတော့ ဒီလိုမြင်တယ်။ နှစ်ပိုင်းပေါ့ - နိုင်ငံရေးအရတော့ သူတို့ကလည်း ကျနော်တို့ကို ပြောဖူးတယ်။ ကျနော်တို့နဲ့ ရင်းနှီးတဲ့လူတွေ။ ဘယ်အစိုးရပဲတက်တက်။ လက်ရှိအစိုးရ မဟုတ်ဘူး၊ ဒီထက်ဆိုးတဲ့ အစိုးရကိုလည်း ဆက်ဆံမယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွတယ်၊ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးတော့ ကျနော်တို့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တယ်။ အစောကပြောတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေ။ အဲဒါတွေက ရွေးကောက်ပွဲမတိုင်ခင်က ထိုင်းနိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ကိစ္စတွေမှာလည်း အလုပ်သမားတွေအပေါ်ထားတဲ့၊ အလုပ်သမားရေးနဲ့ ပတ်သက်လို့ တချို့ဟာတွေ ပြောတာတွေတော့ ရှိတယ်။ တစုံတရာ ရွှေ့ပြောင်းအလုပ်သမားရေးကိစ္စတွေနဲ့ ပတ်သက်လို့တော့ အကောင်းဘက်ကိုတော့ နည်းနည်းတော့ သွားမယ်ဆိုတဲ့ပုံစံမျိုးတော့ မြင်ရတယ်။ ဒါပေမဲ့ ကျနော်ပြောတာ နှစ်ပိုင်းပေါ့ - တချိန်တည်းမှာပဲ ကျနော်တို့ ဒီဘက်ကို အလေးပေးမယ်၊ ဆက်ဆံမယ် ဆိုလို့ရှိရင်တောင်မှပဲ လက်ရှိစစ်အစိုးရကိုတော့ သွေဖီပြီးတော့ ဆက်ဆံမှာ မဟုတ်ဘူး။ စစ်အစိုးရကိုလည်း မဖြစ်မနေတော့ ဆက်ဆံရမယ်ဆိုတဲ့ ပုံစံမျိုးတော့ တွေ့နေရတယ်။

မေး ။ ။ ထိုင်းပါတီတွေဘက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုဆိုရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ သမီးပါတီတို့ဘက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကြတော့ ဘယ်လိုသုံးသပ်လဲရှင့်။

ဖြေ ။ ။ အစောပိုင်းက ထူးထူးခြားခြား အခုကတော့ ထိုင်းနိုင်ငံမှာ တစ်ပြေးနေတယ်။ ဖုရိုက်ထိုင်းဆိုတဲ့ သက်ဆင် ရှင်နာဝပ်ထရာရဲ့သမီး ဦးဆောင်တဲ့ပါတီ၊ နောက်ပြီးတော့ Moving Forward ဆိုတဲ့ တော်တော်လေး လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ လူငယ်တွေ ဦးဆောင်တဲ့၊ ထိုင်းနိုုင်ငံရဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်နဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဦးဆောင်နေတဲ့ ပါတီတွေကတော့ တကယ့်ဒီမိုကရေစီဘက်ကို သွားမယ်။ အာဏာသိမ်းတုန်းကတောင် ထူးထူးခြားခြား အာဏာသိမ်းတာကို လက်မခံဘူးဆိုတဲ့ Statement ထုတ်ခဲ့တဲ့ ပါတီနှစ်ခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့ သတိထားသင့်တာကတော့ သက်ဆင် ရှင်နာဝပ်ထရာ အာဏာရခဲ့တဲ့အချိန်မှာကော စစ်အစိုးရပဲ၊ ဦးခင်ညွှန်တို့နဲ့ တိုက်ရိုက် စီးပွားရေးလုပ်ငန်းတွေလည်း ဆက်ဆံခဲ့တာ ရှိတယ်။ ကျနော်တို့ အလုပ်သမားရေးကိစ္စတွေမှာလည်း ဆူနာမီ ဖြစ်ပြီးချိန်မှာလည်း အလုပ်သမားရေးကိစ္စတွေမှာလည်း အဲဒီပါတီ အစိုးရ ဖြစ်နေချိန်မှာလည်း အဲဒီလို ကူညီဆောင်ရွက်မှုတွေ မရှိဘူး။ နောက်တခုက သူကိုယ်တိုင်လည်း ထိုင်းနိုုင်ငံမှာ အဲဒီတုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့၊ အရပ်သားအစိုးရအာဏာရှင် အစိုးရ ဖြစ်ခဲ့တယ်ဆိုတော့ သူ့သမီး နိုင်လို့ရှိရင်လည်း သူ့ရဲ့ လွှမ်းမိုးမှုနဲ့ သူ့ရဲ့အရိပ်ကတော့ လွတ်မှာမဟုတ်ဘူး။ ဆိုတော့ ကျနော်တို့က ဒါကြောင့်မို့ မမျှော်လင့်နိုင်ဘူးလို့ ပြောရတာ။ အစောကပြောတဲ့ Moving Forward ပါတီကြတော့ ဒီဘက်မှာ လက်ရှိမှာလည်း လူငယ်တွေကလည်း တော်တော်လေးကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ စစ်အာဏာရှင်တပိုင်းနိုင်ငံဖြစ်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိစ္စတွေ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တယ်။

မေး ။ ။ အဲဒီ ရွေးကောက်ပွဲက တက်လာမယ့် ထိုင်းနိုင်ငံရေးပါတီ၊ ထိုင်းအစိုးရက မြန်မာအတိုက်အခံတွေ၊ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့အစည်းတွေ၊ NUG လို၊ အမျိုးသားညီညွှတ်ရေးအစိုးရလိုမျိုး၊ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေပေါ်မှာ သူတို့ရဲ့ သဘောထား၊ ပေါ်လစီ ရှိလာမလဲ။

ဖြေ ။ ။ ထိုင်းနိုင်ငံက သူတို့မှာလည်း နှစ်ဘက်လှည့်ပြီးတော့ ဆောင်ရွက်ရတာမျိုး ရှိတယ်။ နဂိုကတည်းက ၈၈ ကတည်းကလည်း သူတို့က အစိုးရကိုလည်း ဆက်ဆံတယ်၊ ကျနော်တို့ကိုလည်း အသိအမှတ်ပြုမယ်။ ကျနော်တို့ဘက်က တတ်နိုင်တဲ့ အကူအညီတွေ၊ လူသားချင်းစာနာတွေ ကိစ္စတွေ အကူအညီတွေ ပေးခဲ့တာတွေ ရှိတယ်။ ဒါကလဲ လက်တွေ့ပဲ။ အခုလည်း ကျနော်ထင်တယ်။ လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေပါတယ်ဆိုတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေက ထိုင်းအစိုးရကြီးပဲ ထိုင်းနိုင်ငံရဲ့ ပါတီတွေ၊ အစိုးရ ဖြစ်ချင်လည်းဖြစ်မယ်၊ အတိုက်အခံလည်း ဖြစ်မယ်။ နိုင်ငံရေးပါတီတွေကို စနစ်တကျ ချဉ်းကပ်သင့်တယ်။ နောက်တခုက ထိုင်းနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရှိတယ်။ ကျနော်အပေါ် နားလည်ပြီးတော့ ကိုယ်ချင်စာနာတဲ့ ပညာရှင်တွေ ရှိတယ်။ နောက် စီးပွားရေးလုပ်ငန်းရှင်တွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့အနေနဲ့ ဘယ်လောက်စနစ်တကျ သူတို့ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်။ သူတို့နဲ့ ကျနော်တို့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်သလဲ။ အဲဒီအပေါ်မှာလည်း အများကြီးမူတည်လိမ့်မယ်လို့ ကျနော်က မြင်တယ်။ ကျနော်တို့မြင်တာကတော့ လက်ရှိ ဥပမာ NUG ဆိုရင် ထိုင်းနိုင်ငံကို စနစ်တကျ ချဉ်းကပ်ပြီးတော့ ထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းရှာတာထက်၊ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားပြီးတော့၊ အခြေချပြီးတော့ လှုပ်ရှားမှုတွေ လုပ်တာကို ပိုအားသန်တယ်။ ဒါကြောင့်မို့ အဲဒီကိစ္စကြောင့်မို့ ထိုင်းအစိုးရနဲ့ ထိုင်းလူမျိးတွေ၊ ထိုင်းနိုင်ငံရေးပါတီတွေကိုလည်း လက်ရှိ တော်လှန်ရေးလုပ်နေတဲ့ လူ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျ ဆောင်ရွက်သင့်တယ်။ သူတို့ဆီမှာလည်း ကျနော်တို့ကို ကူညီဆောင်ရွက်ပေးနိုင်တဲ့ အနေအထားတွေကို တွေ့နေရတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ဦးထူးချစ်ဆို ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့လူလည်း ဖြစ်တယ်။ ထိုင်းနိုင်ငံကြီး အပြောင်းအလဲကိုလည်း အများကြီးကြုံတွေ့ခဲ့ရတဲ့ လူလည်းဖြစ်တော့ အခုကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲက ဘယ်လောက်အထိ အရေးပါတယ်လို့ မြင်သလဲရှင့်။

ဖြေ ။ ။ ဒါကတော့ ထိုင်းလူမျိုးတွေကြီးပဲ မဟုတ်ဘူး။ ကျနော်တို့ ထိုင်းနိုင်ငံမှာ ကျနော်တို့ မှီခိုပြီးတော့ နေတယ်လို့ပဲ ပြောလို့ရတဲ့ လေးငါးသန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းရွေးကောက်ပွဲရဲ့ အရှုံးအနိုင်က အများကြီး သူတို့အတွက်လည်း အရေးကြီးပါတယ်။ အစောကပြောသလိုမျိုး ကျနော်တို့ နိုုင်ငံနဲ့ ကျနော်တို့ လူမျိုး၊ လက်ရှိ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို တစုံတရာ၊ ဒီမိုကရေစီ နည်းလမ်းကျကျ၊ လူ့အခွင့်အရေး ရှုထောင့်ကကြည့်ပြီးတော့ ကျနော်တို့ကို ကူညီဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေလည်း ရှိနိုင်တယ်။ ဒါကြောင့်မို့ အဲဒီပါတီတွေက အနိုင်ရလို့ရှိရင် ဘာပဲပြောပြော မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့အပိုင်းက တပိုင်း ဖြစ်တယ်။ ကျနော်တို့ ထိုင်းနိုင်ငံမှာရှိပြီး ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို သူတို့ ဆက်ဆံတဲ့အပိုင်း။ နောက်တခုက နယ်စပ်တွေမှာရှိတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်ကိစ္စတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံရဲ့ လက်ရှိ အခုလာမယ့် ၁၄ ရက်နေ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲက ထိုင်းလူမျိုးကြီးပဲ မဟုတ်ဘူး၊ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မေး ။ ။ အခု ကျမတို့ အင်တာဗျူးနေတဲ့အချိန်က ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ရက်လည်း ဖြစ်နေပြီးတော့ သူတို့ရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကျမတို့က အတိအကျလည်း မသိရသေးဘူး။ ဆိုတဲ့အခါမှာ ထိုင်းနိုင်ငံ ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ ချမှတ်တဲ့ မူဝါဒပေါ်မှာ ဦးထူးချစ်တို့ ဘယ်လိုမျှော်လင့်ချက်တွေ ရှိသလဲရှင့်။

ဖြေ ။ ။ အနည်းဆုံး အစောက ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စကို တိုက်ရိုက်မပြောပေမဲ့၊ တချို့နိုင်ငံရေးပါတီတွေက စစည်းရုံးတဲ့အချိန်မှာ ဥပမာအားဖြင့် သူတို့လူမျိုးတွေအတွက်၊ အလုပ်သမားတွေအတွက် ကျန်းမာရေးကိစ္စတွေ၊ အဲဒီလိုမျိုး ဘယ်လိုဆောင်ရွက်မယ်။ ပညာရေးကိစ္စတွေ ဘယ်လိုဆောင်ရွက်မယ်။ အဲဒီလိုမျိုးတွေ စည်းရုံးလှုပ်ရှားမှုတွေ ရှိတယ်။ နောက်တခု စိတ်ဝင်စားစရာက သူတို့ရဲ့ အခြေခံ - ထိုင်းလူမျိုး၊ ထိုင်းအလုပ်သမားတွေရဲ့ အခြေခံလစာကို ဘတ်ငွေ ခြောက်ရာ၊ အဓိကတော့ ခုနှစ်ရာဆယ့်ငါးဘတ်အထိ အခြေခံလစာ သတ်မှတ်မယ်လို့၊ သူတို့ပါတီသာ အနိုင်ရလို့ရှိရင် သတ်မှတ်မယ်လို့၊ သို့တည်းမဟုတ် ထိုင်းနိုင်ငံမှာ အခြေခံဘွဲ့တခုရတာနဲ့ အလုပ်ခန့်လို့ရှိရင် အနည်းဆုံး ဘတ်ငွေ နှစ်သောင်းခွဲကနေ စပြီးတော့ ပေးပါမယ်ဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေ ရှိတယ်။ အဲဒါကို ကျနော်တို့က ပြန်ပြီးတော့ကြည့်မယ်ဆိုရင် သေချာတာတခုကတော့ သူတို့တွေအနေနဲ့ ထိုင်းအလုပ်သမားတွေကို စောစောကပြောတဲ့ အခြေခံလစာတွေ တိုးမြှင့်မယ်၊ လူမှုဖူလုံရေး ခံစားခွင့်တွေ တိုးမြှင့်ပေးမယ်ဆိုရင်တော့ နောက်ဆက်တွဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ အနည်းနဲ့အများတော့ အဲဒီအခွင့်အရေးကိုလည်း သူတို့ ခံစားခွင့်ရမှာပဲ။ ဆိုတော့ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ အခု မဲဆွယ်စည်းရုံးမှုအတိုင်းပဲ တကယ်လို့ အကောင်အထည်ဖော်ပေးမယ် ဆိုရင်တော့၊ အဲဒီပါတီတွေ အနိုင်ရသွားမယ်ဆိုရင်တော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာ၊ လူမှုဖူလုံရေးအခွင့်အရေးတွေ၊ ပညာရေး အကျိုးအမြတ်တွေ၊ ပညာရေး အခွင့်အလမ်းတွေ ပိုပြီးတော့ ရလာလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲဖြစ်ဖို့အရေး မျှော်လင့်ချက်ကိစ္စမှာကော အခု ဒီ ထိုင်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရနဲ့ ပတ်သက်ပြီးတော့ ဦးထူးချစ်တို့ဘက်က သိပ်ပြီးတော့ မျှော်လင့်ချက်တွေ မရှိဘူးဆိုတဲ့အပိုင်းမှာ ဘာကြောင့်လဲရှင့်။

ဖြေ ။ ။ အစောက မျှော်လင့်ချက်ဆိုတဲ့နေရာမှာလည်း ထိုင်းနိုင်ငံမှာ လက်ရှိမြင်နေရတာက ပါတီတခုကတည်းကနေ အစိုးရ ဖွဲ့ဖို့ဆိုတာကတော့ လက်ရှိအနေအထားနဲ့ ကျနော်တို့ အတွေ့အကြုံအရ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်တယ်။ သူတို့က ညွှန်ပေါင်းအစိုးရပဲ ဖြစ်လိမ့်မယ်။ ပြဿနာက အစောကပြောတဲ့ သူတို့ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ကျနော်တို့ရဲ့ အခြေခံဥပဒေထက်တောင် ပိုဆိုးသလားတောင် ပြောလို့ရမလား မသိဘူး။ ဥပမာ ပြီခဲ့တဲ့ စစ်အစိုးရ ခန့်ထားတဲ့၊ သူတို့ခေါ်တဲ့ အထက်လွှတ်တော် ၂၅၀ ရှိတယ်။ အဲဒီ ၂၅၀ ကလည်း စစ်တပ်ကပဲ ခန့်ခဲ့ပေးတာဆိုတော့ အဲဒီ ၂၅၀ မဲက အစောကပြောတဲ့ အခုလက်ရှိ နာမည်ကြီးနေတဲ့ ဖူရက်ထိုင်း၊ Moving Forward ပါတီတို့က အဲဒီ ၂၅၀ မဲကိုရမှာ မဟုတ်ဘူး။ ဆိုတော့ အစောကပြောတဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ပေါင်းပြီးတော့ ဖွဲ့ရတယ်ဆိုတော့ ကျနော်ထင်တယ် သူတို့နိုင်ရင်တောင် အစိုးရ ဖွဲ့နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တော့ ကျနော်တို့ဆီမှာ ရှိတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲလိုမျိုးပဲ လက်ရှိ အာဏာရထားတဲ့ အာဏာသိမ်းခေါင်းဆောင် ပရာရွတ်ပဲ ဦးဆောင်တဲ့ပါတီတွေကပဲ အစိုးရ ဖွဲ့နိုင်မလားဆိုတဲ့ မေးခွန်းထုတ်စရာကိစ္စတွေလည်း ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ထိုင်းနိုုင်ငံရေးရဲ့ ရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲကြောင့် ဘယ်သူပဲနိုင်နိုင် မြန်မာပြည်နိုင်ငံရေး၊ ရွှေ့ပြောင်းအလုပ်သမားတွေအရေးက သိပ်ပြီးတော့ မျှော်လင့်ချက်ကြီးကြီးမားမားကြီး ထားလို့မရဘူးဆိုတာပဲ ထပ်ခါထပ်ခါ ပြောချင်ပါတယ်။

မေး ။ ။ ကျေးဇူးပါ ဦးထူးချစ်။ မေးခွန်းတွေကို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။