Ban Ki-moon ကြိုတင်ကြေညာခြင်းမရှိတဲ့ မြန်မာခရီးစဉ် မေးခွန်းထုတ်စရာတွေ ရှိနေ

Mr. Chris Sidoti - SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင်

The Elders ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ ကြိုတင်ကြေညာခြင်းမရှိဘဲ၊ မြန်မာနိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့်၊ အာဏာသိမ်းမှုကို ခုခံတော်လှန်နေတဲ့အဖွဲ့တွေကို ဘန်ကီမွန်းအနေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့တဲ့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရက ဝေဖန်ခဲ့ပါတယ်။

ခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာဘန်ကီမွန်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ သွားရောက်ခဲ့တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ မစ္စတာဘန်ကီမွန်းခရီးစဉ်နဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ဝင်ဖြစ်တဲ့ Chris Sidoti ရဲ့ အမြင်သဘောထားကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ Mr. Sidoti ဟာ လက်ရှိမှာ SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့ဝင် ဖြစ်ပါတယ်။

ဗွီအိုအေ ။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ရုတ်တရက်သွားခဲ့တဲ့ မြန်မာနိုင်ငံကခရီးစဉ်နဲ့ ပတ်သက်လို့ Mr. Sidoti ရဲ့ အမြင်ကို အရင်ဆုံးသိပါရစေရှင့်။

Chris Sidoti ။ ။ ဒီခရီးစဉ်ဖြစ်ခဲ့တာကို ကျနော် အံသြသင့်မိပါတယ်။ ဘန်ကီမွန်းဟာ သူဒုဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ The Elders ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ကိုယ်စား မြန်မာနိုင်ငံသို့သွားဖို့ စိတ်အားထက်သန်နေတာ ကြာပါပြီ။ ဒါပေမဲ့ သူ့ခရီးစဉ်ကို တပ်မတော်က လက်ခံမယ့် အရိပ်အရောင်တောင် မပြသခဲ့ပါဘူး။ အခုလို ရုတ်တရက် ခရီးစဉ်ဖြစ်ခဲ့တကို အံသြမိပါတယ်။ ကနဦး တုံ့ပြန်ချက်ဆိုရင်တော့ ခရီးစဉ်ရလာဒ်ကို ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ဘန်ကီမွန်းရဲ့ခရီးစဉ်ဟာ ထိုက်တန်မှုရှိလား၊ မရှိဘူးလားဆိုတာ ဒီအချိန်မှာပြောဖို့ အလွန်ခက်ခဲပါတယ်။ ကျနော်တို့ အသေအချာ မသိရသေးလို့လည်း ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း ဒါမှမဟုတ် သူ့ကိုယ်စား The Elders အဖွဲ့က ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဘန်ကီမွန်းက သူဘာပြောခဲ့သလဲဆိုတာ ဖေါ်ပြထားပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘန်ကီမွန်းကို ဘာတွေပြန်ပြောခဲ့လဲဆိုတာ ရေးသားထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ဘန်ကီမွန်းခရီးစဉ် အောင်မြင်မှုရှိမရှိ၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ဆိုတဲ့ သူ့ခရီးစဉ် အဓိကရည်ရွယ်ချက် အကောင်ထည်ဖေါ်နိုင်မလားဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။


ဗွီအိုအေ ။ ။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုပိုပြီး ဆိုးရွားလာနေတဲ့ အချိန်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကို မြန်မာနိုင်ငံကို ဘာကြောင့် ဖိတ်ကြားတယ်လို့ ထင်ပါသလဲ။


Chris Sidoti ။ ။ ဖြစ်နိုင်တဲ့အချက် နှစ်ချက်ရှိနေပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့ သိမှာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အချက်တချက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အထီးကျန်ဆန်မှု ပိုပိုများလာပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ လိုလားကြောင်း ပြသဖို့ ကြိုးပမ်းချက်တရပ်လို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကိုယ်တိုင်အဖွဲ့ဝင် ဖြစ်နေတဲ့၊ အာဆီယံ ဒေသတွင်းအဖွဲ့ကိုရော အခြား ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံလိုတဲ့ဆန္ဒကို စစ်ကောင်စီဘက်က မပြသခဲ့ပါဘူး။

နောက်တချက်က လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ပတ်သက်လို့ ICJ နိုင်ငံတကာတရားရုံးမှာ မေလ (၂၄) ရက်နေ့မှာ စစ်ကောင်စီက မဖြစ်မနေ အစီရင်ခံတင်ပြရမယ့် ကိစ္စနဲ့ ပတ်သက်မှု တချို့ရှိနိုင်တယ်လို့ ကျနော် ယူဆတယ်။ စစ်ကောင်စီက အစီရင်ခံစာ တင်ရမယ့်အချိန်ကို နောင်နှစ်အထိ ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပေမယ့် ICJ နိုင်ငံတကာတရားရုံးက လက်မခံပဲ လာမယ့် မေလ (၂၄) ရက်နေ့ကို နောက်ဆုံးထား အစီရင်ခံစာကို တင်သွင်းရမယ်လို့ အမိန့်ချမှတ်ထားပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီအစီရင်ခံစာမှာ အပြုသဘောဆောင်တဲ့ တခုခုကို ထည့်သွင်းဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ထင်ကြေးတွေပါ။ အဆုံးမှာတော့ ဘာကြောင့်လည်းဆိုတာ ကျနော်တို့ မသိပါဘူး။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်မှာ ဘယ်လို အကြောင်းပြချက်တွေပဲရှိရှိ၊ ဘန်ကီမွန်းခရီးစဉ်ဟာ အကျိုးရှိလား မရှိဘူးလားဆိုတာ ရလဒ်ထွက်လာမယ့် အပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ရဲ့ ရလာဒ်ဖြစ်သင့်တာကတော့ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ဆိုတဲ့ ဘန်ကီမွန်းရဲ့ တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့အပြုသဘောနဲ့ တုံ့ပြန်ဖို့ လိုအပ်ပါတယ်။

ဗွီအိုအေ ။ ။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ အာရုံစိုက်နေပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရလို စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေတဲ့အဖွဲ့တွေက ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် Mr. Sidot ဘယ်လိုမြင်ပါသလဲ။

Chris Sidoti ။ ။ စစ်ကောင်စီလက်ထက်မှာ တရားဝင် ရွေးကောက်ပွဲဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စစ်ကောင်စီလက်ထက်မှာ လွတ်လပ်တရားမျှတပြီး အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ မရှိပါဘူး။ ဒါက အတော်လေးကို ရှင်းပါတယ်။ ဒါကအတော်လေး ရှင်းပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေကို စစ်ကောင်စီဘက်က ရပ်ဆိုင်းထားခဲ့ပါတယ်။ အရင်က ဒီနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြောခဲ့တယ်။ နောက်တော့ ဖေဖေါ်ဝါရီလမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အတွက် နိုင်ငံတော် အရေးပေါ်အခြေအနေမှာ ရွေးကောက်ပွဲကို ကျင်းပလို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီလို အရေးပေါ် အခြေအနေ သက်တမ်းတိုးတဲ့ အချိန်တုန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိန့်ခွန်း ပြောခဲ့တာရှိပါတယ်။ စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ ထက်ဝက်အောက်လောက်ကိုပဲချုပ်ကိုင်ထားနိုင်တဲ့အတွက် နိုင်ငံတဝက်ကျော်မှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စစ်တပ်က ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ အတိုင်းအတာတခုအထိ ဆက်လုပ်နေပေမယ့် ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတဲ့ အခြေအနေ ဖြစ်လာမယ်လို့တော့ ကျနော်မမြင်ပါဘူး။ နောက်လာမယ့်နှစ်မှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ဆက်ပြီးကြိုးပမ်းသွားမှာဖြစ်ပေမယ့် လွတ်လပ် တရားမျှတပြီး နိုင်ငံတကာက လက်မယ့် ရွေးကောက်ပွဲဆိုတာကတော့ ဖြစ်လာဖို့ မရှိပါဘူး။


ဗွီအိုအေ ။ ။ မြန်မာမှာ အာဆီယံရဲ့ သဘောတူညီချက် ငါးရပ်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် တွေရှိပါတယ်။ ဒါပေမယ့် ဒါတွေကို စစ်အစိုးရက အကောင်အထည် ဖော်တာ မတွေ့ခဲ့ရပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မြန်မာစစ်အစိုးရကို ပိုမိုဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ NUG သည် အရပ်သားများကို တိုက်ခိုက်ခြင်းကို တားဆီးရန်အတွက် လေယာဉ်ပစ်လက်နက်များနှင့် အချက်ပေးစနစ်များကို တောင်းဆိုထားသည်။ အဲဒါကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ ထောက်ခံမှုရှိတယ်လို့ ထင်ပါသလား။

Chris Sidoti ။ ။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးလှုပ်ရှားမှုအတွက် ပံ့ပိုးကူညီဖို့ အလွန်နှေးကွေးနေပုံကို နှိုင်းယှဉ်ပြောစရာစကား၊ ဝေါဟာရတောင် မရှိတော့ပါဘူး။ အခြေအနေက တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ NUG အနေနဲ့ ခုခံတော်လှန်ရေးအတွက် လက်နက်တွေကို တောင်းဆိုထားပါတယ်။ အခုချိန်မှာ ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ အခြားနိုင်ငံတွေက တုံ့ပြန်တာမယ့် အလားအလာ ကျနော် မတွေ့ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာစနစ်အရ လက်နက်တွေ ထောက်ပံ့စရာမလိုပဲ အခြားလုပ်ပေးနိုင်စရာတွေ အများကြီး ရှိပါတယ်။

ကုလသမဂ္ဂကိုယ်တိုင်ရော အာဆီယံတို့ကိုယ်တိုင်ပါ မြန်မာနိုင်ငံရဲ့ အခြေအနေကို ဖြေရှင်းဖို့ သူတို့ရဲ့ ကတိကဝတ်တွေကို အထင်အရှား ပျက်ကွက်နေကြတာပါ။

ဟုတ်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် အချက်ငါးချက် ရှိတယ်။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ အဖွဲ့နှစ်ဖွဲ့လုံးရဲ့ အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေပါ။ ဒါပေမယ့် ဒီနှစ်ဖွဲ့လုံးက သူတို့ချမှတ်ထားတဲ့ အချက်တွေကို အကောင်အထည်ဖေါ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂဟာ မြန်မာ့အရေးမှာ ထိရောက်မှုမရှိဘူးဆိုတာကို ပြနေတဲ့အချက်က စိုးရိမ်ဖို့ကောင်းပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းနှစ်ခုရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတာပါ။ လက်နက်တွေ ပံ့ပိုးစရားမလိုဘဲ၊ မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် လုပ်ပေးနိုင်တာတွေ အများကြီး ရှိနေပေမယ်၊့ ဒီကနေ့အချိန်ထိ ကုလသမဂ္ဂ၊ အာဆီယံနဲ့အခြားနိုင်ငံတွေဟာ ဒါတွေ လုပ်ဖို့ ပြင်ဆင်ထားတာ မရှိပါဘူး။