အစိုးရတရပ်အနေနဲ့ စီမံခန့်ခွဲမှုအမှားတွေ ကျူးလွန်ရင် ပြည်သူက လက်မခံဘူးဆိုတာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုက သက်သေပြခဲ့ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး က ဗွီအိုအေကိုပြောပါတယ်။ ၂၆နှစ်တာ အုပ်ချုပ်ခဲ့တဲ့ မဆလ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့
ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၃၅ နှစ်ပြည့် အထိမ်းအမှတ် ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့တဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမြအေး ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ရှစ်လေးလုံး လူထုလှုပ်ရှားမှုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးပေါ့။ အဲဒီမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အဲဒီအချိန်ကတော့ ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမဲ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ကြည့်ရင်လည်း သူတို့က ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက အဲဒီနှစ်မှာပဲ အရပ်သား ဒီမိုကရေစီနဲ့ တက်လာတဲ့ အရပ်သားအစိုးရကို အာဏာသိမ်းပြီးတော့ အဲဒီနောက် ၁၉၇၄ မှာ ဆိုရှယ်လစ်ပါတီကို ထူထောင်ပြီးတော့ အာဏာဆက်ပြီးတော့ ယူခဲ့တယ်။ နိုင်ငံကို ဆက်ပြီးတော့ အုပ်ချုပ်ခဲ့တယ်ဆိုတော့ ဒါပေမဲ့ နှစ်ပေါင်း ၂၀ ကျော်မှာ တကယ့် လူထုအုံ့ကြွမှုကြီးဖြစ်ပြီး တစ်ပါတီအာဏာရှစ်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်ဆိုတော့ ဘာလို့ နှစ်ပေါင်း ၂၀ ကြာခဲ့သလဲရှင့်။
ဖြေ ။ ။ ဒီလို ၁၉၆၂ အာဏာသိမ်းချိန်ကာလမှာ ဗမာနိုင်ငံတဝှမ်းမှာလည်း ဆိုရှယ်လစ်ရေး လှုပ်ရှားသူတွေ အပြိုင်အဆိုင် ဆိုရှယ်လစ်နိုင်ငံတွေ ပေါ်ပေါက်လာပြီး၊ ဆိုရှယ်လစ်အရေး၊ ကွန်မြူနစ်အရေး လှုပ်ရှားမှုတွေ အရမ်းမြှင့်တက်နေတဲ့ အချိန်အခါပေါ့။ အဲဒီအချိန်မှာ တော်တော်များများက လွတ်လပ်ရေး ကြိုးပမ်းမှုမှာ လက်ဝဲအယူဝါဒကို ဆွဲကိုင်တိုက်ခဲ့ကြတဲ့ နိုင်ငံတွေ။ ကိုလိုနီလက်အောက်က လွတ်မြောက်အောင် တိုက်ခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်တဲ့အခါကြတော့ ဆိုရှယ်လစ်ရဲ့ နိုးကြားမှုက အရမ်းမြင့်တက်နေတဲ့အချိန်မှာ မြန်မာပြည်ကလည်း ဆိုရှယ်လစ်နိုင်ငံအဖြစ် သွားမယ်ဆိုတဲ့ အရောင်ပြ ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးဖို့အတွက် အဲဒီခေတ်၊ အဲဒီအခါက အာဏာသိမ်းခဲ့တဲ့ တော်လှန်ရေးကောင်စီအနေနဲ့ အလွယ်တကူ လူထုကို လှည့်ဖျားပြီးတော့၊ ဝါဒဖြန့်ချီဖို့ လွယ်သွားတယ်လို့ ကျနော်ကတော့ အဲဒီအတိုင်း မြင်ပါတယ်။
အဲဒီအချိန်မှာ ဗမာတချို့လည်း တိမ်းညွှတ်ပြီးပါသွားတာ ရှိပါတယ်။ ဒါကလည်း သမိုင်းကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ၂၆ နှစ် ကြာတဲ့အကြောင်းရင်းက အဲဒီအတိုင်း မြင်ပါတယ်။ တဘက်သတ် ပြန်ကြည့်မယ်ဆိုရင်လည်း အဲဒီမှာ ကျောင်းသားလှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေက ရပ်တန့်သွားလားဆိုတော့ အဲဒီလို ကျနော် မတွေ့ဘူး။ ၆၂ အာဏာသိမ်းပြီး သိပ်မကြာခင် ကာလမှာပဲ 7 July ကျောင်းသားသမဂ္ဂကြီး ဖြိုဖျက်ခံလိုက်ရတဲ့ ကျောင်းသားလှုပ်ရှားမှုကြီး ပေါ်လာတာ ရှိပါတယ်။ အလားတူပဲ ကျွန်ဆွယ်လှုပ်ရှားမှုတွေ ပေါ်လာတာ ရှိပါတယ်။ အလားတူပါပဲ ၇၄၊ ၇၅၊ ၇၆ အဲဒီအဆင့်ဆင့်ကို ဆက်ခံပြီး၊ ၁၉၈၈ မှာတော့ အမြင့်မားဆုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့ပြီး၊ တစ်ပါတီ အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ကြိုးပမ်းခဲ့ပြီးတော့မှ ပါတီစုံ ဒီမိုကရေစီစနစ်ကို လူထုက တောင့်တတဲ့ခေတ်ကို ရောက်လာတယ်လို့ ကျနော်က အဲဒီအတိုင်း မြင်ပါတယ်။
မေး ။ ။ ၁၉၆၂ မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းကလည်း သူတို့ အဓိကအကြောင်းပြတဲ့ အကြောင်းရင်းကို ကြည့်ရင်လည်း တိုင်းပြည်ကြီးက ချောက်ထဲကျတော့မယ့်ဆဲဆဲ ကယ်တင်ခဲ့တယ်။ တိုင်းပြည် စည်းလုံးညီညွှတ်အောင် လုပ်ရမယ်ဆိုတဲ့ အနေအထားအပိုင်းနဲ့ လုပ်ခဲ့တယ်ဆိုတာကို အနှစ် ၂၀ ကျော်အတွင်းမှာ ဘယ်လို သုံးသပ်မိပါသလဲရှင့်။
ဖြေ ။ ။ ဒါကတော့ အဖြေသိပ်ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တလျှောက်လုံးက နားလည်ပြီး သင်ကြားခဲ့ရတဲ့ သမိုင်းအမှားတွေ။ သင်ကြားခဲ့ရတဲ့ ဖက်ဒရယ်ကြီးကြောင့် ပြည်ထောင်စု ပြိုကွဲမှာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ကြီး ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ တော်လှန်ရေးကောင်စီက အာဏာယူခဲ့ရတယ်ဆိုပြီး သင်ခဲ့ရတယ်။ စာထဲမှာလည်း အဲဒီအတိုင်းပဲ သင်ခဲ့ရတယ်လေ။ တကယ်တမ်းကြတော့ အဲဒီလို မဟုတ်ဘူးလေ။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်ဝါဒစစ်စစ် ဟုတ်လားဆိုလားဆိုတော့ အဲဒီလိုလည်း မဟုတ်ဘူး။ ဆိုရှယ်လစ် မျက်နှာဖုံးစွပ်ထားတဲ့ စနစ်လို့ပဲ ကျနော်မြင်တယ်။ အဲဒီအပေါ်မှာ တိုင်းပြည်က ၂၆ နှစ်ကာလအတွင်းမှာ ဘာဖြစ်လဲဆိုတော့ အဘက်ဘက် ယိုယွင်းလာတယ်။ အရှေ့တောင်အာရှမှာ ကျားတကောင်အဖြစ် ရှင်သန်ခဲ့တဲ့ နိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ LDC နိုင်ငံအဖြစ် ရောက်ခဲ့ရတယ်။ တိုင်းပြည်စီးပွားရေး ပျက်ဆီးခဲ့ရတယ်။
လူတွေရဲ့ လူမှုရေး၊ စီးပွားရေးဘဝတွေ အကုန်လုံး ပျက်ဆီးခဲ့ရတယ်။ အထွေထွေ အကျပ်အတည်းကြီးကနေ လူထုရဲ့ အကျပ်အတည်းအဖြစ် ပေါ်လာခဲ့တာ ၁၉၈၈ မှာ တခဲနက်တဟုန်းထိုး ပေါ်ပေါက်လာခြင်းကိုက ၂၆ နှစ်ကာလမှာ စီမံခန့်ခွဲမှုအမှား၊ စနစ်အမှား ကျင့်သုံးခဲ့တာဆိုတာ သိပ်ထင်ရှားပါတယ်။ ဒါကို အဲဒီတုန်းကတော့ အစိုးရက အုပ်ချုပ်တာ ကောင်းတယ်။ ပြည်သူက မဟုတ်လို့ဆိုတဲ့ ပြည်သူအပေါ် အပြစ်တင်စကား ဆိုရမယ့်အကြောင်း မရှိဘူးလို့ ထင်ပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီးဆိုတာ သမိုင်းရဲ့ လိုအပ်ချက်အရ လူထုရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ အဲဒီအချိန်မှာ ကိုမြအေးကိုယ်တိုင်က ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ခဲ့တဲ့အခါကြတော့ ဘာပဲပြောပြော ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၁၉၆၂ ခုနှစ်မှာ စပြီးတော့ အုပ်ချုပ်ခဲ့တဲ့ ခေတ်ကာလထဲမှာ ကိုမြအေးက တောက်လျှောက်ဖြတ်သန်းလာခဲ့တဲ့ လူငယ်တဦးအနေနဲ့ အဲဒီအချိန်ကာလမှာ၊ နောက်ပြီးတော့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု မတိုင်ခင်ကတည်းမှာပဲ ကိုမြအေးတို့ စတင်ခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ဆိုတော့ ဘာကြောင့် ကိုမြအေးက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့သလဲ။ ဘာကြောင့် အဲဒီအချိန်အခါမှာ ကျောင်းသားတဦးအနေနဲ့ လှုပ်ရှားခဲ့သလဲ။
ဖြေ ။ ။ အဓိကတော့ ကျနော် ရိုးရိုးသားသားနဲ့ ဝန်ခံရမယ်ဆိုရင် နိုင်ငံရေးလောကထဲကို ရောက်လာခဲ့တာ နိုင်ငံရေးကို နားလည်တတ်ကျွမ်းလို့ ကျနော် ရောက်လာတာ မဟုတ်ဘူး။ ကျနော့်ကိုယ် ကျနော် ဝန်ခံတာပါ။ နောက်တခါ အဲဒီကာလတုန်းက ထိပ်ပိုင်းဦးဆောင်မှု အခန်းကဏ္ဍမှာလည်း ကျနော် မရှိခဲ့ပါဘူး။ ကျနော်က အများထဲက တယောက်ပဲ ဖြစ်ပါတယ်။ အခုထိလည်း အများထဲက တယောက် ဖြစ်ပါတယ်။ ဒါကို နံပါတ်တစ်အချက်အနေနဲ့ ပြောချင်ပါတယ်။ နံပါတ်နှစ်အချက်ကတော့ အခုန ပြောသလိုပါပဲ အဲဒီကာလမှာ တရားခြင်း၊ မတရားခြင်းနဲ့ မခံချင်တဲ့စိတ်နဲ့ တရားမျှတမှု လိုလားတဲ့စိတ်တွေပေါ် အခြေခံပြီးတော့ ပါဝင်ခဲ့တာပါ။
ရှစ်လေးလုံး အရေးတော်ပုံကြီးကလည်း ဦးဆုံးတောင်းဆိုချက်တွေက policy matter ကို သွားတာ မဟုတ်ပါဘူး။ Rights base ကို သွားတာပါ။ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးမှုကို စုံစမ်းရေးကော်မရှင်နဲ့ ဖော်ထုတ်ပေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး၊ အဲဒီအခြေခံပေါ်မှာ ကျနော်တို့ စပြီးတော့ ပါလာခဲ့တာ ဖြစ်ပါတယ်။ ရိုးရိုးသားသား ဝင်ခံရမယ်ဆိုရင် နိုင်ငံရေးသမားတယောက်ဘဝကို ဖြတ်သန်းဖို့ဆိုတာ အဲဒီအချိန်တုန်းက ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီလောက်ထိ စိတ်ကူးမယဉ်ခဲ့ဘူးပါ။ ဒါက ရိုးရိုးသားသား ပြောတာပါ။ သို့သော်လဲ လုပ်ရင်ကိုင်ရင်နဲ့ပဲ တိုင်းပြည်ရဲ့ အခြေအနေတွေ စနစ်တွေ အမှားတွေ၊ ပေါ်လစီအမှားတွေ၊ နိုင်ငံအတွက် ပြည်သူအတွက် လိုအပ်တဲ့ ဖက်ဒရယ်ဆိုတဲ့ဟာက တိုင်းပြည်ပြိုကွဲခြင်း မဟုတ်ဘူး။ တိုင်းပြည် ပိုအားကောင်းစေမယ့် ပြည်ထောင်စုကို ပိုအားကောင်းအောင် စုစည်းခြင်း ဖြစ်တယ်ဆိုတာကို ကျနော်တို့ နားလည်လာတယ်။
ဒီလိုနားလည်လာတဲ့အခါ အဲဒီပေါ် အခုထိလည်း ဆက်ပြီးလေ့လာသင်ကြားနေရတုန်း ဖြစ်ပါတယ်။ အဲဒီပေါ်မှာဆက်ပြီး နိုင်ငံရေးသမားတယောက် ဘဝအဖြစ်လျှောက်ဖို့ ပိုပြီပီပြင်လာတယ်လို့ပဲ ပြောချင်ပါတယ်။ ချုပ်ပြောရရင်တော့ ကျနော်တို့ နားလည်တတ်ကျွမ်းလို့ နိုင်ငံရေးလောကကို ဝင်လာတာ မဟုတ်ပါဘူး။ မခံချင်တဲ့စိတ်၊ မတရားမှုကို လက်မခံနိုင်တဲ့ စိတ် - ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်က ရပ်တည်ချင်တဲ့စိတ်။ အဲဒီစိတ်တွေနဲ့ ရပ်တည်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။
မေး ။ ။ အဲဒီမှာ သမိုင်းဝင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုကြီး စတင်ခဲ့ရတဲ့ အကြောင်းရင်းမှာလည်း အဲဒီအချိန်မှာ ဦးနေဝင်းက လူထုကို သူပြောသွားတာ ရှိပါတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်ဆိုတဲ့ သူ့ရဲ့စကား။ ဒါမျိုးပြောသွားတာ ရှိတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေအနေနဲ့ ဒီအခြေအနေမျိုးတွေကို ကိုမြအေးတို့ ဘယ်လိုဖြတ်သန်းခဲ့ကြသလဲရှင့်။
ဖြေ ။ ။ ကျနော်တို့တွေလည်း လူသားတွေပဲ။ လူသားဆိုတော့ အကြောက်တရားနဲ့ မကင်းပါဘူး။ ကျနော်တို့က Super Hero တွေ မဟုတ်ဘူး။ သေနတ်နဲ့ ပစ်လို့ရှိရင် မိုးပေါ်ထောင်မပစ်ဘူး၊ ပစ်လို့ရှိရင် တည့်တည့်ပစ်တယ်ဆိုတဲ့ဟာမျိုး ကြားတဲ့အခါမှာ ပိုပြီးတော့ ဆိိုးတာပေါ့။ ကျနော်တို့မှ မဟုတ်ဘူး၊ ပြည်သူတရပ်လုံးက အဲဒီအချိန်ကာလမှာ လုံးဝမခံရပ်ဖြစ်တာ။ ဆိုတော့ အကြောက်တရား မရှိဘူးလားဆိုတော့ ကြောက်တာပေါ့။ ဒါကတော့ ရှင်းတယ်။ သို့သော် ကျနော်တို့ ဒီထက်ပိုပြီး ကြောက်ရမယ့် အကြောင်းရင်းတွေလည်း ကျနော်တို့မှာ ရှိလာတယ်။ တသက်လုံး၊ တဘဝလုံး၊ ပြည်သူလူထုဘဝတခုလုံး ကျနော်တယောက်တည်း မဟုတ်ဘူး။ ပြည်သူလူထုတခုလုံးက အမှောင်ထုထဲမှာ နစ်မွန်းသွားမှာကို ပိုပြီးစိုးရိမ်ကြောက်လန့်တဲ့စိတ်က ပိုများပါတယ်။ အဲဒီအခါကြတော့ စောစောကပြောတဲ့ အကြောက်တရားတွေကို တင်းရင်း၊ အန်တုရင် ကျော်ဖြတ်ခဲ့ရတယ်လို့ပဲ ဆိုချင်ပါတယ်။ အဲဒါက ကျောင်းသားတွေကြီးပဲ မဟုတ်ပါဘူး။ မြန်မာပြည်သူတရပ်လုံး ဖြစ်ပါတယ်။
မေး ။ ။ အဲဒီ ရှစ်လေးလုံးကာလ နောက်တဖန် အာဏာပြန်မသိမ်းခင်မှာ ရှစ်လေးလုံးကာလ လူထုကလည်း အရှိန်အဟုန်နဲ့ ပါဝင်နေတဲ့အချိန်မှာ ကျောင်းသားတွေ၊ လူငယ်ခေါင်းဆောင်တွေအနေနဲ့ ရှေ့ဆက်သွားဖို့ အဲဒီအချိန်မှာ ဘယ်လိုစဉ်းစားခဲ့ကြသလဲ။ ဒီလို အကူးအပြောင်းကာလအချိန်မှာ တဘက်မှာလည်း စစ်တပ်ကလည်း ရှိနေချိန်၊ တဘက်မှာလည်း တိုင်းပြည်အပြောင်းအလဲက ဖြစ်လာတယ်။ ကိုယ်တွေကိုယ်တိုင်လည်း ပါဝင်နေတယ်ဆိုတော့ အဲဒီအချိန်မှာ ကိုမြအေးတို့လည်း လူငယ်ကျောင်းသား တက္ကသိုလ် ကျောင်းသားခေါင်းဆောင်အနေနဲ့ ဒီအကူးအပြောင်းကာလမှာ ဘယ်လို စဉ်းစားခဲ့ကြသလဲရှင့်။
ဖြေ ။ ။ ရိုးရိုးလေးပါပဲ - အဲဒီတုန်းက ကျနော်တို့က တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ဘာမှ မသိနားမလည်ခဲ့ဘူး။ ဒါပေမဲ့ ကာလတိုက်ဆိုင်တော့ အဲဒီကာလမှာ ကမ္ဘာမှာ ဆိုရှယ်လစ်ရေးတွေက ကျပြီးတော့၊ ဒီမိုကရေစီရေး။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီမိုကရေစီကို တောင်းကြတဲ့ နိုင်ငံတွေက အပြိုင်အယိုင်ပေါ်လာတဲ့အချိန် ဖြစ်တယ်။ ပေါ်စပြုပြီ။ အဲဒီတော့ ကျနော်တိို့က ပြည်သူလူထုရဲ့ မွန်းကြပ်တဲ့ ဘဝကနေ လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့ယုံကြည်ချက်တွေ၊ နားလည်ထားတဲ့ဟာတွေ ဒါတွေကို ပြောခွင့်ရမယ်ဆိုခွင့်ရမယ့် အခြေအနေထက် လိုချင်လာတယ်။ နောက် သဘောထားကွဲလွဲမှုတွေ ဘယ်လောက်ရှိရှိ။ ဒီသဘောထား ကွဲလွဲမှုတွေကို စုစည်းနိုင်ရင် အင်အားဖြစ်တယ်ဆိုတဲ့ သဘောတရားတွေကို လုပ်ရင်းကိုင်ရင်းနဲ့ နားလည်လာတယ်။
အဲဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုသံကလည်း ဒီမိုကရေစီအရေးကို တိမ်းညွှတ်လာတာ မမှားဘူးလို့ ကျနော် မြင်ပါတယ်။ အခုထိလည်း ပြည်သူလူထုက ဒီမိုကရေစီကို တိမ်းညွှတ်တယ်ဆိုတာ ဒါတွေကြောင့် ဖြစ်ပါတယ်။ လွတ်လပ်စွာ ပြောချင်တယ်။ လွတ်လပ်စွာ ဆန္ဒပြချင်တယ်။ လွတ်လပ်စွာ မိမိရဲ့ သဘောထားတွေကို ဖော်ထုတ်ခွင့် ရှိရမယ်။ အဲဒီပေါ်မှာ တိုင်းပြည်က ဦးဆောင်သူတွေက စဉ်းစားလာတာ ရှိမယ်။ ပယ်ပြစ်တယ်လည်း ရှိမယ်။ ဘာပဲပြောပြော ပြည်သူနဲ့ အစိုးရနဲ့က အင်မတန်မှ နားလည်မှုရှိရှိနဲ့ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ရဲ့ စနစ်တခု အပြောင်းကို လိုချင်တဲ့စိတ်တွေက ၁၉၈၈ မှာ နိုးကြားခဲ့ပါတယ်။ ကျောင်းသားတွေမှာ၊ လူငယ်တွေမှာ၊ ပြည်သူလူထုမှာ။ အဲဒီအချိန်ကတည်းက ကျနော်တို့ အားလုံးက ဒီမိုကရေစီရေးကို တောင်းဆိုပြီး၊ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် တည်ဆောက်မယ်။ ဒီမိုကရေစီရေးဘက် တိမ်းညွှတ်ရမယ်ဆိုတာ သိခဲ့ပါတယ်။ အဲဒါက ဇွန်လမှာကတည်းက အားလုံးနားလည်ခဲ့ပါပြီ။
အဲဒီပေါ်မှာပဲ ဆက်လက်ပြီးတော့ လှုပ်ရှားရင်း၊ ရုန်းကန်ရင်း ဒီလိုပဲ ရှေ့တလှမ်း၊ နောက်ပြန်ကျနဲ့ ကျနော်တို့ ရသလောက် ကြိုးစားပြီး ဆောင်ရွက်နေတယ်လို့ပဲ ကျနော် မြင်ပါတယ်။
မေး ။ ။ အဲဒီ ရှစ်လေးလုံး လှုပ်ရှားမှုကြီးကနေ ထွက်ပေါ်လာတဲ့ နိုင်ငံခေါင်းဆောင်တွေလည်း ရှိလာတာပေါ့။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ထွက်လာတယ်။ နောက်ပြီးတော့ အရင်နိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဦးအောင်ကြီးတို့ဆိုလည်း ပါဝင်လာတာမျိုးတွေ ရှိတယ်။ ဒီလိုခေါင်းဆောင်တွေ၊ နိုင်ငံရေးပုဂ္ဂိုလ်တွေ ထွက်ပေါ်လာတဲ့အခါမှာ ကျောင်းသားတွေဘက်ကလည်း ပံ့ပိုးမှုတွေ ရှိလာတယ်ဆိုတော့ အဲဒီလို အကူးအပြောင်းကာလတွေမှာ တချိန်ပြန်ပြီးတော့ သင်ခန်းစာယူရမယ့် အနေအထားမျိုးဆိုရင် ကိုမြအေးရဲ့ အတွေ့အကြုံအရဆိုရင် နိုင်ငံရဲ့ အပြောင်းအလဲကာလမှာ တကယ့်အရေးပါတဲ့ အရေးကြီးဆုံးအချက်က ဘာလဲရှင့်။
ဖြေ ။ ။ အဓိကတော့ ကျနော်မြင်တာ နိုင်ငံရေးပန်းတိုင်တခုကို လျှောက်လှမ်းတဲ့အခါမှာ ကျနော်တို့က မာရသွန်ပြေးပွဲကြီးတခု လိုပါပဲ။ မအင်းကြင်နိုင် ပြောသွားသလိုပါပဲ ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဦးအောင်ကြီး အခုတော့ ကွယ်လွန်သွားရှာပြီ။ အခုလက်ရှိ သက်ရှင်ထင်ရှားခဲ့တာ ခေါင်းဆောင်တွေထဲမှာ အန်ကယ်ဦးတင်ဦး၊ အသက်လည်းကြီးပြီ၊ ကျန်းမာရေးလည်း မကောင်းဘူး။ လက်ရှိ ကျန်နေတာလည်း အသက် ၇၈ နှစ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။ လက်ရှိ ပြည်သူလူထု အများစုက တိမ်းညွှတ်ပြီးတော့ ထောက်ခံထားတာ ဒေါ်အောင်ဆန်းစုကြည်ပဲ။ အလားတူပဲ ကျန်တဲ့လူတွေလည်း တချို့လည်း လမ်းခုလတ်မှာ ကျန်ခဲ့တာ ရှိတယ်။ အကြောင်းကြောင်းကြောင့် - ဒါတွေကတော့ အပြစ်တင်လို့ မရဘူးလို့ ကျနော် မြင်ပါတယ်။ သင်ခန်းစာအနေနဲ့ ဘာယူစရာ ရှိသလဲဆိုတော့ နိုင်ငံရေးဆိုတာ တရက် တမနက်နဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်ဘူး။ ရေရှည်မှာ ဒီခရီးကို ဖြတ်သန်းတဲ့အခါမှာ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ရပ်တည်ချက် ခိုင်မာမှုလည်း အရေးကြီးတယ်။ မယိုင်းမလဲအောင် ထိန်းသိမ်းပြီးတော့ စောင့်ရှောက်ပြီးတော့ ကိုယ်လျှောက်သင့်တယ်ဆိုတဲ့ အချက်တွေကို သင်ခန်းစာ ယူမိပါတယ်။ နောက်တခုက နိုင်ငံရေး လုပ်တယ်ဆိုတာက တယောက်တည်း လုပ်ရတဲ့ကိစ္စ မဟုတ်ဘူး။ အများနဲ့ လုပ်ရတာကြောင့် သဘောထား ကွဲလွဲမှုတွေ၊ အဖွဲ့အစည်းတွေ ကွဲပြားနေပြီးတော့ သဘောထားကွဲလွဲမှုတွေ များစွာရှိထားတယ်။ ဒါပေမဲ့ ဒီမိုကရေစီရဲ့ ကွဲလွဲချက်ကိုက ဒီမိိုကရေစီရဲ့ အားသာစရာ။ ဒီကွဲလွဲမှုကို စုစည်းနိုင်ရင် အင်အားဖြစ်တယ်ဆိုတဲ့ သဘောတရားတွေကို နားလည်ပါတယ်။