မြန်မာပြည်သူတွေကိုယ်တိုင်ပါဝင်ပြီး တသားတည်းရှိနေတဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်း ပိုမိုခိုင်မာအားကောင်းလာတယ်လို့ မန္တလေးနွေဦးတော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဒေါက်တာတေဇာဆန်း က ဗွီအိုအေကို ပြောပါတယ်။
၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အရပ်သားအစိုးရဆီက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ သက်တမ်းသုံးနှစ်ထဲ ဝင်ရောက်လာချိန် တတိုင်းတပြည်လုံး စစ်တပ်က မျှော်မှန်းထားသလို အုပ်ချုပ်လို့မရတာ ဘာကြောင့်လဲ။ ဒေါက်တာတေဇာဆန်းကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မအင်ကြင်းနိုင် ။ ။ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ ဘယ်သူမှ ပေါ်ပေါ်တင်တင် ဆန့်ကျင်မရဲသေးတဲ့အချိန်၊ ဆန့်ကျင်ဆန္ဒပြမှုတွေ မလုပ် သေးတဲ့အချိန်မှာ မန္တလေးမြို့မှာ ပထမဦးဆုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးအနေနဲ့ အဲဒီလိုမျိုး ဖြစ်လာဖို့ ဘယ်လိုတွန်းအားတွေနဲ့ ဘာကြောင့် လမ်းမပေါ်ကို ရဲရဲဝံ့ဝံ့ထွက်ပြီးတော့ ဆန့်ကျင်ဆန္ဒပြခဲ့တာလဲရှင့်။
ဒေါက်တာတေဇာဆန်း ။ ။ လူ့သဘာဝကိုယ်က လူဆိုတာ လွတ်လပ်မှုကို လိုလားတယ်၊ နှစ်ခြိုက်တယ်။ ဖိနှိပ်တာတွေ၊ ချုပ်ချယ်တာတွေကို မကြိုက်ဘူး။ အဲဒါကြောင့်လည်း ကျနော်တို့ ဒီမိုကရေစီစနစ်ကို ကမ္ဘာသူကမ္ဘာသားတွေ၊ လူသားတွေက ချစ်မြတ်နိုးကြတယ်လို့ ထင်ပါတယ်။ ကျနော်တို့တိုင်းပြည်ကဆို လွတ်လပ်ရေးရပြီးကတည်းက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ်။ ၂၀၁၁-၂၀၂၀ ကြားမှာ ဒီမိုကရေစီ အစစ်အမှန်၊ ဖက်ဒရယ် အစစ်အမှန် လုံးဝမဟုတ်ဘူး။ သို့သော် တဝက်တပြတ်ပေါ့။ တိုင်းပြည်အရွေ့တခုကို သွားနေတဲ့အခြေအနေလေး။ အဲဒါလေးကို စစ်အာဏာရူးတွေက လုံးဝတားဆီးပိတ်ပင်ပြီး၊ လက်နက်အားကိုးပြီး အနိုင်ကျင့် အာဏာသိမ်းသွားတာပဲ။ ဘယ်ပြည်သူပြည်သားမှ ဒါကို လုံးဝမကြိုက်ဘူး။ အဲဒီအချိန် ကျနော် မှတ်မိပါတယ် ၂၀၂၁ ဖေဖေါ်ဝါရီ ၁-၂-၃ ရက်တွေ။ ရပ်ကွက်ထဲက ပြည်သူတွေ၊ ရွာတွေက ပြည်သူတွေ ဒါကို လုံးဝမကြိုက်ဘူးဆိုပြီးတော့ တောက်တခေါက်ခေါက်၊ အန်တကြိတ်ကြိတ် လုပ်နေကြတယ်။ သို့သော် ငါတို့ ဘယ်လို တုံ့ပြန်ကြရင် ကောင်းမလဲ။ ဘာလုပ်ကြရင် ကောင်းမလဲဆိုတာ - သူ့အမြင် ကိုယ့်အမြင်တော့ ဝိုင်းဆွေးနွေးနေကြတဲ့ အချိန်ပေါ့။ ကျနော်က ယုံပြီသား။ ဒီတော်လှန်ရေးက ပြည်သူတော်လှန်ရေးဆိုတာ အဲ့ဒါ - လူထုတော်လှန်ရေး။ ပြည်သူအားလုံးက အာဏာသိမ်းတာကို လက်မခံတာ။ ပြည်သူအားလုံး နောက်ဆုံး စစ်တပ်ရဲ့ အောက်ခြေက တပ်မှူးတပ်သားတွေတောင် အများကြီးပါတယ်။ အဲဒါကြောင့်မို့ ပြည်သူရင်ခွင် ကူးပြောင်းခိုလှုံနေကြတာ။ အဲဒါကြောင့် ပြောချင်တာက ဘယ်သူက စခဲ့သလဲဆိုတာကို မဆိုလိုဘူး။ အဲဒါကို လက်မခံဘူး။ ပြည်သူအားလုံးဆိုင်တယ်။ ပြည်သူအားလုံးက အာဏာရှင်စနစ်ကို မကြိုက်တာပဲ။ အာဏာသိမ်းတာကို လက်မခံတာပဲ။ အဲဒီတော့ ကိုတေဇာဆန် စပြီးသပိတ်မမှောက်ရင်လည်း၊ အခြားသူ သပိတ်မှောက်လိမ့်မှာပဲ။ အဲဒီတော့ မောင်ဖြူ၊ မောင်နီ စတယ်လို့တော့ ကျနော်က မမှတ်ယူဘူး။ ဒီဟာက ပြည်သူ့တော်လှန်ရေး ဖြစ်တယ်။ ပြည်သူအားလုံးက အာဏာရှင်စနစ်နဲ့ အာဏာသိမ်းမှုကို လက်မခံဘူး။ ဒါကြောင့် အခု အချိန်သုံးနှစ်ကြာတဲ့အထိ နည်းလမ်းနည်းနာအစုံနဲ့ ဆန့်ကျင်တွန်းလှန်နေကြတာ ဖြစ်တယ်လို့ပဲ ကျနော်က ရှုမြင်ပါတယ်။
မေး ။ ။ အဲဒီတော့ နွေဦးတော်လှန်ရေးကို ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေထဲမှာဆိုရင် အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲရှင့်။
ဖြေ ။ ။ ဒီတော်လှန်ရေး သုံးနှစ်ကာလအတွင်းမှာ ကျနော် အဓိက ဘာလုပ်ဖြစ်လဲလို့ပြောရင် ခရီးသွားဖြစ်တယ်လို့ ပြောရမယ်။ ခရီးတွေ အများကြီး ရောက်ပါတယ်။ အညာမြေပြန့်တခွင်ကတော့ ပြဲပြဲစင်အောင်၊ တတ်တတ်စင်အောင် ရောက်ခဲ့တယ်။ အဲဒီလိုပဲ တိုင်းရင်းသား တော်လှန်ရေးဒေသတွေကိုလည်း ကျနော် ရောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ အထက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းရောက်တော့ အဓိက တွေ့ကြုံရတဲ့ဟာတွေကတော့ အားလုံးလည်း သိပြီသားပါ။ အာဏာရူး ဖက်ဆစ်တပ်ရဲ့ ရက်စက်မှု၊ အကြမ်းဖက်မှုတွေပါပဲ။ အညာမှာဆို ပိုသိသာ ထင်ရှားတာပေါ့။ ဒါက ကိုယ်သိတဲ့ အညာမို့။ ကိုယ်မရောက်တဲ့ အခြားဒေသတွေလည်း ဒီလိုပဲနေမှာပါ။ ရွာတွေ မီးရှို့ခံရတဲ့ရွာပေါင်း အိမ်ခြေပေါင်း မရေမတွက်နိုင်ပါဘူး။ နောက် ဖက်ဆစ်အာဏာရူးတွေက သူတို့လုပ်တတ်တာက အဲဒီတခုပဲ။ ရက်စက်မယ်၊ အကြမ်းဖက်ပြမယ်။ အဲဒီလို ရက်စက်ပြ၊ အကြမ်းဖက်ပြ၊ လူတွေကိုသတ်ပြ၊ ရွာတွေကို မီးရှို့ပြရင် ပြည်သူတွေ ကြောက်ပြီးငြိမ်သွားမယ် ထင်နေကြတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ဖြစ်နေတာ အဲဒါနဲ့ ဆန့်ကျင်ဘက်။ ပြည်သူတွေက ဖိလေကြွလေ။ သူတို့အပေါ် ရက်စက်လေ၊ အကြမ်းဖက်လေ မခံချင်စိတ်နဲ့ ခံပြင်းစိတ်၊ နာကြီးစိတ်နဲ့ ပိုပြီးတော့ တော်လှန်လေ ဖြစ်တယ်။ ဒါတွေကို ဖက်ဆစ်အာဏာရူးတွေ နားလည်သဘောပေါက်ပုံ မရပါဘူး။ ဘယ်နားလည်မလဲ။ သူတို့မှာ လူလိုစဉ်းစားတတ်တဲ့ အတွေးအခေါ်လည်း ရှိပုံမရပါဘူး။
အဲဒီတော့ အဓိကတွေ့ရမြင်ရတာက စစ်အာဏာရူးတွေရဲ့ ရက်စက်မှု၊ အကြမ်းဖက်မှုတွေကို ကျနော်တို့ နေ့စဉ်နဲ့အမျှ တွေ့နေရတယ်။ ရက်ရက်စက်စက်သတ်တယ်။ နေ့စဉ် ကာယကံမြောက် အကြမ်းမဖက်ဘူးဆိုရင် ဖြတ်လေးဖြတ်ဆိုတာတွေ လုပ်တယ်။ ကျနော်တို့ အညာမှာဆို လက်တွေ့ - ဆန်ဆီဆား၊ ဆေးဝါး၊ လောင်စာဆီ အကုန်ဖြတ်တောက်ခံထားရတယ်။ နည်းလမ်းမျိုးစုံနဲ့ ဖြတ်တောက်တယ်။ သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ ဒါတွေကိုရတယ်။ တော်လှန်ရေးဒေသတွေကို လုံးဝပိတ်စို့ထားတယ်ဆိုတဲ့ ဖြတ်လေးဖြတ်စနစ်တွေ။ ဒါတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်နေတယ်။ သို့သော် အဲဒီလောက် အကြမ်းဖက်ရက်စက် ဖိနှိပ်နေတဲ့ကြားထဲက အင်မတန်အံ့သြစရာကောင်းတာ ပြည်သူလူထုရဲ့ တော်လှန်စိတ် ထက်သန်မှု၊ ပြင်းပြမှု။ ပြည်သူက ဒီတော်လှန်ရေးနဲ့ တသားတည်းကို ရှိနေကြတာ။ ဒီတော်လှန်ရေးပေါ် တချက်မှ မငြိုငြင်ဘူး။ မငြိုငြင်တဲ့အပြင် အပြည့်အဝ ပြည်သူအားလုံး တော်လှန်ရေးသမားဆိုတဲ့စိတ် ရှိနေကြတယ်။ ဒါကြောင့် ဒီတော်လှန်ရေး ဒီအထိ ခရီးပေါက်ခဲ့တယ်လို့ ထင်တယ်။ ဒီတော်လှန်ရေး နိုင်မယ်လို့လည်း ယုံတယ်။ ပြည်သူကိုယုံတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ သုံးနှစ်ရှိပြီ၊ တချို့ပြည်သူတွေ တရွာလုံး အိမ်တအိမ်မှ မကျန်တော့ဘူး။ တချို့ရွာတွေဆို နှစ်ခါသုံးခါ မီးရှို့ခံရတယ်။ တခါလာရှို့တယ်၊ အိမ်တဝက်လောက် ပါသွားတယ်။ နောက်တခါ လာရှို့တယ် နောက်ထပ်တဝက် ပါသွားတယ်။ နောက်တခါလာရှို့တယ် တအိမ်မှ မကျန်တော့ဘူးဆိုတာမျိုး။ အဲဒီပြည်သူတွေကိုသွားကြည့် တချက်မငြီးညူးဘူး၊ ဒါသည် စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်ကြောင့် ဖြစ်တယ်။ ဒါကြောင့် ငါတို့ အေးအေးချမ်းချမ်းနဲ့ နေချင်ရင် အာဏာရှင်စနစ်ကို အပြီတိုင်တွန်းလှန်ရမယ်ဆိုတဲ့ စိတ်ဓါတ်က ပိုပြီးတော့ ခိုင်မာသွားတာ။ ပိုပြီးတော့ ပြင်းပြသွားတာ ဖြစ်တယ်။ ဒါကတော့ ပြည်သူလူထုရဲ့ တော်လှန်ရေးနဲ့ တသားတည်းရှိမှု၊ တော်လှန်စိတ် ပြင်းပြမှုတွေကို နေရာတိုင်းမှာ ဒေသတိုင်းမှာ၊ လူမျိုးတိုင်းမှာ တွေ့နေရတာပဲ ဖြစ်ပါတယ်။
အဲဒီတော့ မြေပြင်မှာ တော်လှန်ရေးဒေသတွေမှာ တော်လှန်ရေးအားကောင်းလာတာနဲ့အမျှ အချင်းချင်း ပြည်သူနဲ့ပြည်သူကြားဖြစ်စေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ ပွတ်တိုက်မှုလေးတွေကလည်း အနည်းနဲ့အများလည်း ရှိကြတယ်။ အထူးသဖြင့် သိသာတာက အခုအခြေအနေမှာဆို စစ်အုပ်စုက မြေပြင်မှာ သူ့ရဲ့အုပ်ချုပ်နိုင်စွမ်း၊ စစ်ရေးဖော်ဆောင်နိုင်စွမ်း သိသိသာသာကြီးက ကျသွားတာ။ ကျနော်တို့ တလနဲ့တလတောင် မတူဘူး။ လွန်ခဲ့တဲ့ ခြောက်လနဲ့ အခုတောင် မတူတော့ဘူး။ အခုဆိုရင် ရန်သူရဲ့ မြေပြင်အနေအထားက တော်တော်ကြီးကို ယုတ်လျော့ကျဆင်းလာတာကို တွေ့ရတယ်။ သူ့ရဲ့ တခုတည်းသော အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ တောက်လျှောက်ရွာတွေထဲကို ဗုံးတွေကြဲတယ်။ ဒါတွေ လုပ်နေတာပေါ့။ ပြောချင်တာက ရန်သူရဲ့ အခြေအနေကလည်း တဖြည်းဖြည်း ပိုပြီးတော့ သိသာထင်ရှားစွာ ဆုတ်ယုတ်လာတဲ့ အခြေအနေ။ တပ်ပျက်လာတဲ့ အခြေအနေ ဖြစ်လာတယ်။ တော်လှန်ရေးကလည်း ရှေ့ကို အရှိန်အဟုန်ကောင်းတခုနဲ့ ရွေ့နေတာကို ကျနော်တို့ သိသာထင်ရှားစွာ ကျနော်တို့ တွေ့နေရပြီ ဖြစ်တယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာကို ဒီကနေ သတင်းစကားပါးချင်တာက ကျနော်တို့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကတော့ အပြင်းအထန် ကျနော်တို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အခု အညာဒေသတွေမှာဆို ဘယ်နိုင်ငံတကာကမှ အကူအညီ။ ဘာ လူသားချင်းစာနာမှု အကူအညီ မရှိဘူးလို့ပဲ ပြောရမယ်။ ပြည်သူကနေ ပြည်သူသို့ ထောက်ပံ့ကူညီနေကြတာ ရှိတယ်။ ကြားကာလ NUG အစိုးရကနေ ထောက်ပံ့ကူညီနေတာတွေ ရှိတယ်။ ဘယ်နိုင်ငံ အကူအညီမှ ရောက်နေတာကို မတွေ့ရဘူးလို့ ပြောချင်ပါတယ်။
မေး ။ ။ ဒေါက်တာတေဇာဆန်းကိုယ်တိုင်ကလည်း အညာသား ဖြစ်ပြီးတော့ ဗမာတိုင်းရင်းသားပေါ့။ အဲဒီတော့ အခု နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍလို့ ပြောရမှာပေါ့။ ဒီတော်လှန်ရေး သုံးနှစ်ဆိုတဲ့ အချိန်တိုတွင်းမှာ ဒီအထိ ခရီးပေါက်လာတာလည်း အခုနပြောတဲ့ စုစည်းညီညွှတ်မှုပဲ။ လူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုအားလုံး စုစည်းညီညွှတ်မှုကြောင့် ဒီအထိ ခရီးပေါက်လာတာ ဖြစ်တယ်။ ဒီတော်လှန်ရေးက လူမျိုးတစုရဲ့ တော်လှန်ရေး မဟုတ်ဘူး။ ဒေသတခုရဲ့ တော်လှန်ရေး မဟုတ်ဘူး။ လူမျိုးပေါင်းစုံ တော်လှန်ရေး ဖြစ်တယ်။ ဒေသပေါင်းစုံ တော်လှန်ရေး ဖြစ်တယ်။ လူထုလူတန်းစာ အလွှာပေါင်းစုံ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ အညာမှာလည်း ကြည့်လိုက်၊ လူဦးရေအားဖြင့် ဗမာတိုင်းရင်းသားတွေ များတယ်ဆိုပေမဲ့ တော်လှန်ရေးမှာ အတူယှဉ်တွဲ လုပ်ကြတဲ့အခါမှာ အားလုံးလည်းသိကြပါတယ်။ မဟာမိတ် ERO အဖွဲ့အစည်းတွေ အများကြီးပါကြတာပဲ။ လက်တွဲလုပ်ခဲ့ကြတယ်။ နောက်ဆုံး စစ်ရေးမှာဆို အခြေခံစစ်သင်တန်းတွေနီးပါး တိုင်းရင်းသား ERO ဒေသတွေ သွားပြီးတော့ ERO အဖွဲ့အစည်းကြီးတွေ အကူအညီနဲ့ စစ်ရေးသင်တန်းတွေ တက်ခဲဲ့ကြတာကို မျက်မြင်ကိုယ်တွေ့ မြင်နေရတာ ဖြစ်တယ်။ အခုတော်လှန်ရေးမှာလည်း အတူလက်တွဲပြီးတော့၊ ယှဉ်တွဲပြီးတော့ လုပ်နေကြတာ ဖြစ်တယ်။ အညာမှာဆို ကချင် KIO လို၊ ချင်း CNF လို အဖွဲ့အစည်း၊ ကျောင်းသားတပ်မတော် နဂိုကတည်းက ရှိခဲ့တဲ့ ABSDF အဖွဲ့အစည်းကြီးတွေနဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ အများကြီးပါပဲ။ ပြောချင်တာက မတူညီတဲ့ တော်လှန်ရေးအင်အားစုတွေ၊ မတူညီတဲ့ လူမျိုးတွေ ပေါင်းစည်းပြီးတော့ ပြည်သူ့နွေဦတော်လှန်ရေးကြီးကို ဖော်ဆောင်နေကြတာ ဖြစ်တယ်။ အဲဒီတော့ စစ်ရေးကဏ္ဍမှာဆိုရင် မူလရှိရင်ဆွဲ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့စည်းကြီးတွေ ERO, EAO များရဲ့ အခန်းကဏ္ဍက အင်မတန်မှ ကြီးမားစွာ၊ အင်မတန်မှ လေးနက်တဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့ စိုးရိမ်ချက်တွေ၊ သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ဖော်ထုတ်ပြောဆိုတာတွေ ရှိတယ်။ စစ်ကောင်စီနဲ့ ဆက်ဆံတာတွေလည်း ရှိတဲ့အထဲမှာ တရုတ်ကို ဘာကြောင့် ဒေါက်တာတေဇာဆန်းတို့က မြန်မာပြည်သူတွေရဲ့ သဘောထားဆိုပြီးတော့ အိတ်ဖွင့်ပေးစာ ပေးပို့ရတာလဲရှင့်။
ဖြေ ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပတ်သက်ရင် ကျနော်တို့ အမြဲတမ်း တင်ပြပြောဆိုခဲ့တာ ရှိပါတယ်။ တရုတ်နိုင်ငံသည် ကျနော်တို့ မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံကြီး တနိုင်ငံ ဖြစ်တယ်။ မိုင်ပေါင်းထောင်နဲ့ချီပြီး ထိဆက်နေသလို၊ သမိုင်းကြောင်းအရလည်း အင်မတန်မှ နီးစပ်တဲ့ ဆက်ဆံရေး အစဉ်အလာကောင်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ အခုပြောရရင် တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အများကြီးစိတ်ဝင်စားတယ်။ မြန်မာနိုင်ငံ အခုလို မတည်မငြိမ်တွေ ဖြစ်နေတာ၊ အာဏာသိမ်းမှု ဖြစ်နေတာက တရုတ်နိုင်ငံအတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။ အဲဒီတော့ ကျနော်တို့ ပြောချင်တာက အခုနပြောသလို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းအုပ်စုသည် မြန်မာပြည်သူတွေအတွက် ရန်သူဖြစ်ရုံသာမက တရုတ်နိုင်ငံအတွက်လည်း ရန်သူ ဖြစ်တယ်ဆိုတဲ့ သတင်းစကားပါးချင်တာပါ။ ဘာကြောင့်လဲဆိုရင် အခု တရုတ်နိုင်ငံ ပြောနေတဲ့ ကျားဖြန့်လို အွန်လိုင်းလောင်ကစား လိမ်လည်မှုတွေက၊ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးမှုတွေ၊ လူကုန်ကူးမှုတွေ။ ဒါတွေအားလုံးရဲ့ တကယ့်လက်သည်တရားခံဇစ်မြစ်သည် မင်းအောင်လှိုင်စစ်တပ်နဲ့ သူတို့ လက်သပ်မွေးထားတဲ့ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူစစ်တွေပဲ။ ပြောချင်တာက ရာဇဝတ်မှုအားလုံးရဲ့ ပင်မလက်သည်ကြီးကလည်း ဖက်ဆစ်စစ်တပ်ပါပဲ။ ဒါကြောင့် မင်းအောင်လှိုင်သည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူ ဖြစ်တယ်။ တရုတ်နိုင်ငံက ကျနော်တို့ ပြောနေတဲ့ ချစ်ကြည်ရင်းနှီးမှုတွေ၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတွေ။ နယ်စပ်တလျှောက် တည်ငြိမ်ရေးတွေ၊ စီးပွားရေးတွေ မြှင့်တင်ရေးတွေက စစ်အာဏာရှင်စနစ် မရှိမှရမယ်။ ဒီစစ်အာဏာသိမ်းအုပ်စု မရှိမှရမယ်။ တရုတ်နိုင်ငံရဲ့ တာဝန်ရှိသူများ နားလည်အောင် မြန်မာပြည်သူရဲ့ အသံနဲ့ သဘောထားကို ပေးနေခြင်းဖြစ်တယ်။ ပြောချင်တာက မြန်မာနိုင်ငံမှာ စစ်တပ်အုပ်စိုးနေသရွေ့၊ စစ်အာဏာရှင် ရှိနေသရွေ့ မြန်မာနိုင်ငံ ဘယ်တော့မှ တည်ငြိမ်နေမှာ မဟုတ်ဘူး။ တရုတ်-မြန်မာ နယ်စပ်တလျှောက်လည်း ဘယ်တော့မှ တည်ငြိမ်အေးချမ်းမှာ မဟုတ်ဘူး။ မူးယစ်ဆေးအပါအဝင်၊ ရာဇဝတ်မှုတွေကလည်း ဘယ်တော့မှ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဒါကို တရုတ်နိုင်ငံ တာဝန်ရှိသူတွေ လေးလေးနက်နက် သဘောပေါက်ဖို့လိုပါတယ်။
မေး ။ ။ တဘက်မှာတော့ တရုတ်နဲ့ ဆက်ဆံရေးအတွက်ဆိုပြီး NUG အပါအဝင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နည်းလမ်းပေါင်းစုံ ဖွင့်ထားတယ်လို့ ပြောပါတယ်။ ဆိုတော့ စစ်ကောင်စီကိုလည်း တရုတ်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့၊ ဖိအားပေးနေတာလည်း ရှိပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက် သဘောထားကို ဒေါက်တာတေဇာဆန်းတို့ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ ပြောရရင်တော့ ဒီနေ့ဒီအချိန်အထိ မြန်မာပြည်သူတွေအနေနဲ့ တရုတ်ရဲ့ ရပ်တည်ချက်တွေ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရပ်တည်ချက်၊ သဘောထားတွေအပေါ် လုံးဝစိတ်တိုင်းကျ ကျေနပ်မှု မရှိဘူးဆိုတာကိုပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်အထိ စစ်ကောင်စီ၊ စစ်အုပ်စုကို ထိတွေ့ဆက်ဆံမှုတွေ မကြာခဏ ပြုလုပ်နေတာတွေ ရှိတယ်။ တရုတ်အစိုးရနဲ့သော်လည်းကောင်း၊ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုတွေ တောက်လျှောက်လုပ်နေတာတွေကို တွေ့နေမြင်နေရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ တရုတ်အစိုးရရဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေကို အင်မတန်မှ စိတ်ပျက်ရတယ်။ ဒေါသလည်း ဖြစ်ကြရပါတယ်။ အဲဒီတော့ သေချာတာကတော့ ဒီပွဲမှာ အခုန တာဝန်ရှိသူတွေကို ပြောချင်တာက စစ်ကောင်စီအနေနဲ့ ဘယ်လိုမှ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိိုတာ ရုပ်ပိုင်းစိတ်ပိုင်းအနေနဲ့ မဖြစ်နိုင်တော့ဘူး။ ဒီပွဲက ပြည်သူ့ဘက်က မုချနိုင်ကိုနိုင်မယ့်ပွဲ ဖြစ်တယ်ဆိုတာကိုလည်း တရုတ် တာဝန်ရှိတဲ့သူတွေကို ကျနော် အဓိက အလေးအနက်လည်း သိစေချင်ပါတယ်။ ကျနော်တို့ ပြည်သူတွေကတော့ ကိုယ့်ခွန်ကိုယ့်အားနဲ့ပဲ ဒီတော်လှန်ရေးအဆုံးထိ သွားမယ်။ အဲဒီအတွက် တရုတ်-မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံကြား ရှိခဲ့တဲ့ ဆက်ဆံရေး အစဉ်အလာကောင်းတွေကိုလည်း မပြတ်စေချင်ဘူး။ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ တရုတ်နိုင်ငံအနေနဲ့ ရည်ရွယ်ချက်ရှိရှိပဲဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲဖြစ်စေ ပြောဆိုဆောင်ရွက်မှုတွေ ရှိနေတယ်ဆိိုရင်တော့ မြန်မာပြည်သူတွေရဲ့ ဒေါသက တရုတ်နိုင်ငံပေါ်မှာလည်း မလွဲမသွေ ကျရောက်သွားမှာ ဖြစ်တယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။