ဖိလစ်ပိုင် နိုင်ငံ Marawi ဒေသက နေရာတချို့မှာ အိုင်အက်စ် အကြမ်းဖက် သမားတွေ သိမ်းပိုက်ထားနေချိန်မှာပဲ အရှေ့တောင်အာရှ ၅ နိုင်ငံက ကာကွယ်ရေး ဝန်ကြီးတွေဟာ ဒေသတွင်း အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ စင်္ကာပူနိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu က ကြာသပတေးနေ့မှာ ပြောကြားခဲ့တယ်လို့ ဂျကာတာ ပို့စ်မှာ ဖေါ်ပြထားပါတယ်။
ဆွေးနွေးပွဲကို Kalimantan မြောက်ပိုင်းက Tarakan မှာ ကျင်းပမှာ ဖြစ်ပြီး အင်ဒိုနီးရှားနယ်စပ် ဖိလစ်ပိုင်တောင်ပိုင်းက Marawi မှာ တချို့နေရာတွေကို သိမ်းပိုက်ထားတဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့ Maute သူပုန်တွေရဲ့ ရန်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဖိလစ်ပိုင် Mindanao ကျွန်းမှာ ရှိတဲ့ Marawi မြို့ဟာ အင်ဒိုနီးရှားး မြောက်ပိုင်း Sulawesi ခရိုင်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နေရာမှာ ရှိနေတာပါ။ အဲဒီမြို့ဟာ အင်ဒိုနီးရှားနိုင်ငံ အစွန်အဖျား Morotai ကျွန်းကနေ သင်္ဘောနဲ့ ၅ နာရီခရီးပဲ ဝေးပါတယ်။
အခုအချိန်မှာတော့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက နယ်စပ်ရေပြင် ပိုင်နက် တလျှောက် ကင်းလှည့်တာ အပါအဝင် လုံခြုံရေးတွေ တင်းတင်း ကြပ်ကြပ်ချထားတာပါ။
ဒီမြို့ကို Maute သူပုန်တွေ ဝင်စီးခဲ့ပြီးတဲ့ နောက်မှာ Marawi အတွက် ဖိလစ်ပိုင် အစိုးရက စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5