သိပ်မကြာခင်နှစ်တွေအတွင်း “Me Too” လှုပ်ရှားမှု လို ကမ္ဘာတဝန်း အမျိုးသမီး အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေ အားကောင်းခဲ့ပေမဲ့လို့ အမျိုးသမီး ဖြစ်ခြင်းကြောင့် နေရာမပေးချင်တာ၊ ခွဲခြား ဆက်ဆံတာတွေ ကတော့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုအတွင်း ပြောင်းလဲ မလာခဲ့ဘူးလို့ ကုလသမဂ္ဂ လေ့လာချက်တခုက ဖော်ပြပါတယ်။ လူမှုအသိုင်းအဝိုင်းတွေအတွင်း ကျားမ အခြေခံ ဘက်လိုက် ခွဲခြားဆက်ဆံမှုတွေဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာကြောင့် ဒါတွေကို တိုက်ဖျက်ဖို့ နောက်ထပ် ဆယ်စုနှစ်အတော်ကြာ အချိန်ယူရနိုင်တယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံမှာရော ကျားမ အခြေခံ ခွဲခြားမှုတွေ ဘယ်လို အခြေအနေရှိပါလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြောင်းလဲတိုးတက်လာတာ ရှိပါလား။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး စုစည်းတင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း အမျိုးသမီးအခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း အရှိန်အဟုန် ကောင်းကောင်းနဲ့ ရှိခဲ့ပေမဲ့လို့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ထားတဲ့ အယူအဆတွေ၊ သတ်မှတ်ချက်တွေ၊ တန်ဖိုးတွေ ကတော့ သိသိသာသာ ပြောင်းလဲမသွားတဲ့အကြောင်း ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်ဟာ ခွဲခြား ဆက်ဆံမှု ပုံစံ တမျိုးမဟုတ်တမျိုး ကြုံနေရဆဲပဲလို့ လေ့လာချက်က ဖော်ပြပါတယ်။
နိုင်ငံရေး ဦးဆောင်မှု နေရာမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုတော်တယ်လို့ ယုံကြည်သူက ကမ္ဘာ့လူဦးရေရဲ့ ၆၉ % ရှိပြီး ဒီမိုကရေစီစနစ်မှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူ အခွင့်အရေးရှိဖို့ အရေးကြီးတယ်လို့ ယူဆသူက ကမ္ဘာ့လူဦးရေရဲ့ ၂၇ % သာ ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုရသင့်တယ်လို့ ယူဆသူက ကမ္ဘာ့လူဦးရေရဲ့ တဝက်နီးပါး ၄၆ % အထိ ရှိပြီး စီးပွားရေးဦးဆောင်မှုမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် သာတယ်လို့ ယူဆသူ ၄၃ % ရှိပါတယ်။ တက္ကသိုလ်ကျောင်းတွေဟာ အမျိုးသားတွေအတွက် ပိုပြီး အရေးပါ လိုအပ်တယ်လို့ ယူဆသူက ၂၈ % ရှိသလို၊ ကမ္ဘာ့လူဦးရေရဲ့ လေးပုံ တပုံ ဟာ အမျိုးသားက သူ့ဇနီးသည်ကို ရိုက်ခွင့်ရှိတယ်လို့ ယူဆတဲ့အကြောင်း UNDP ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုအမျိုးသားတွေကို အမျိုးသမီးတွေထက် ပိုလိုလားတဲ့ ဘက်လိုက်အယူအဆတွေ၊ ခွဲခြားဆက်ဆံမှုတွေဟာ အမျိုးသားတွေ ကြားမှာ သာမကဘဲ အမျိုးသမီးတွေ အပါအဝင် လူမှုအသိုင်းအဝိုင်းတခုလုံးမှာ နက်နက်ရှိုင်းရှိင်း အမြစ်တွယ်နေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ထောက်ပြပါတယ်။
ကမ္ဘာတဝန်း လူတွေရဲ့ အယူအဆ တန်ဖိုးထားမှုတွေကို လေ့လာ စမ်းစစ်တဲ့ World Values Survey ကမ္ဘာ့တန်ဖိုး စစ်တမ်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကိုယ့်ခန္ဓာနဲ့ ပတ်သက်လို့ ကိုယ်ပိုင် ဆုံးဖြတ် လုပ်ဆောင်ပိုင်ခွင့် စတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း ကျားမ အခြေခံ ဘက်လိုက် ခွဲခြား ဆက်ဆံမှုတွေကို ကုလသမဂ္ဂက လေ့လာ စမ်းစစ်ထားတာ ဖြစ်ပါတယ်။
ဒီလိုအမြစ်တွယ်နေတဲ့ ဘက်လိုက် အယူအဆတွေ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် အမျိုးသမီးတွေကို အရေးပါတဲ့ ဦးဆောင်မှုနေရာမှာ များများစားစား မတွေ့ရတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အာရှနိုင်ငံတွေထဲမှာ သာမက ကမ္ဘာပေါ်မှာပါ စီးပွားရေးနဲ့ နိုင်ငံရေးအရ ထိပ်ဆုံးကတိုးတက်တဲ့ နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိင်ငံမှာတောင် အမျိုးသမီးတွေ အစိုးရ ထိပ်ပိုင်းခေါင်းဆောင် နေရာတွေမှာ ပါဖို့ ရုန်းကန်နေရတုန်းပဲလို့ ဂျပန်နိုင်ငံရဲ့ ကျားမ တန်းတူညီမျှရေး ဝန်ကြီး Seiko Noda က ပြောပါတယ်။
"အောက်လွှတ်တော်မှာ အမျိုးသမီး လွှတ်တော်အရေအတွက် ၁၀ % တောင် မရှိပါဘူး။ ၉.၉ % ပဲ ရှိပါတယ်။ ကျန်တဲ့ ၉၀ % က ရာသီသွေးမလာတဲ့သူတွေ၊ ကိုယ်ဝန်မဆောင်ရတဲ့သူတွေ၊ ကလေးနို့မတိုက်ရတဲ့သူတွေပါ။”
အသက် ၂၁ နှစ်အရွယ် အီရန်နိုင်ငံက ဂီတပညာရှင်အမျိုးသမီးငယ် Qamar Al-Ani ကတော့ မိန်းခလေးဖြစ်လို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက အမျိုးသားတွေထက် ပိုများတယ်လို့ ပြောပြပါတယ်။
"ဂီတတူရိယာ တီးခတ်သူတယောက်အနေနဲ့ ကျမ အတွက် အကြီးမားဆုံးစိန်ခေါ်မှုက အမျိုးသမီးတယောက် ဂီတတူရိယာ တီးခတ်တာကို အသိုင်းအဝိုင်းထဲက လူအများစုက လက်မခံတာပါ။ ဒီလို လက်မခံတဲ့အခြေအနေ အပြင် အီရတ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အခြေအနေ မတည်ငြိမ်မှုတွေကြောင့် ဂီတပညာရှင်တယောက်အဖြစ် ရပ်တည်ဖို့ အင်မတန် ခက်ခဲပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒတွေကတော့ ရှိနေဆဲပါ။”
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ် ကဏ္ဍစုံမှာ အမျိုးသမီးတွေ ဒီလို ခွဲခြားဆက်ဆံခံရတာ၊ နေရာပေး မခံရတာတွေကတော့ အီရတ်နဲ့ ဂျပန်က အမျိုးသမီးတွေတင် ကြုံရတာ မဟုတ်ပါဘူး။
အမျိုးသမီးဆိုရင် ဘယ်လို နေရာမှာနေပြီး ဘယ်လို ပြောဆို ပြုမူ နေထိုင်သင့်တယ်။ ဘယ်လိုအရာတွေကိုတော့ မလုပ်သင့်ဘူး စတဲ့ လူမှုအဖွဲ့အစည်း အတွင်း ပုံစံခွက်ချ၊ ဘောင်ခတ်ထားတဲ့ တွေးခေါ်ယူဆမှုတွေနဲ့ ခွဲခြား ဆက်ဆံမှုတွေဟာ နေရာဒေသပေါ် မူတည်ပြီး အနည်းအများ၊ အနိမ့်အမြင့်၊ ခွဲခြားဆက်ဆံမှု ပုံစံ မတူတာတွေရှိပေမဲ့ အမျိုးသမီးတွေရဲ့ ၉၀ % ကတော့ တနည်းမဟုတ်တနည်း ခံကြရတာကို ကုလသမဂ္ဂရဲ့ လေ့လာချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေကို ခွဲခြားတဲ့အမြင်တွေ၊ အယူအဆတွေ လူမှုအသိုင်းအဝိုင်းအတွင်း ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ရှိနေပါလဲ။ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ အထွေထွေ အတွင်းရေးမှူး နန်းမို့မို့ ကတော့ အခုလိုပြောပါတယ်။
“ခွဲခြားဆက်ဆံမှုဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီနေ့ ဒီအချိန်အထိ ရှိသေးတယ်။ ရှိကို ရှိနေတယ်။ အဓိက ဒီနောက်ပိုင်းမှာဆိုရင် ပိုပြီးတော့ သိသိသာသာ ခွဲခြား ဆက်ဆံလာတာတွေလည်း အများကြီးပဲ။ ကျမတို့နိုင်ငံက အရင်တုန်းကဆိုရင်လည်း အမျိုးသမီးဖြစ်ခြင်း အမျိုးသားဖြစ်ချင်း အပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ခွဲခြား ဆက်ဆံတာတွေ အများကြီး ရှိတယ်။ အထူးသဖြင့် ယုံကြည်မှုတွေ၊ ဓလေ့တွေ၊ ယဉ်ကျေးမှုတွေ၊ အယူအဆတွေ ကြောင့်မိုလို့ အမျိုးသမီးဆိုရင် ဘယ်လိုပဲ ဖြစ်ရမယ်။ အမျိုးသားဆိုရင် ဘယ်လိုဖြစ်နေရမယ်ဆိုတဲ့ ခွဲခြားဆက်ဆံတာ၊ ပုံစံခွက်သွင်းတာ တွေကလည်း တကယ့်ကို နှစ်ပေါင်းများစွာက အမြစ်တွယ်လာပြီး ဒါကို အမှန်လိုပေါ့။ ခွဲခြားဆက်ဆံတာတွေက ကြာလာလေ အဲ့ဒီဟာတွေက တချို့နေရာတွေမှာ လူတွေရဲ့ စိတ်ထဲကို စိမ့်ဝင်ပြီး အဲ့ဒီ ခွဲခြားဆက်ဆံတာတွေက ဖိနှိပ်တာလို့ မမြင်ဘဲ သာမန်ရိုးကျလို အမျိုးသမီးဆိုရင် အဲ့လိုဖြစ်ရမယ်။ အမျိုးသမီးဆိုရင် အဲ့လိုဖြစ်ရမယ်ဆိုတဲ့ အဆင့်အထိတောင် ကျမတို့လူတွေထဲမှာ စိမ့်ဝင်နေတာ ဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အနေအထားကိုကြည့်ရင် ခွဲခြားဆက်ဆံမှုက ပုံစံအမျိုးမျိုးနဲ့ ရှိနေသေးတယ်။ စောစောကပြောတဲ့ အယူအဆတွေ၊ ယဉ်ကျေးမှုတွေကြောင့် အမျိုးသမီးတွေကို ခွဲခြား ဖိနှိပ်တာတွေ အများကြီး ရှိသလို၊ တကယ့်ကို စနစ်တကျနဲ့ institutionalize လုပ်ပြီး သေသေချာချာကြီးကို ခွဲခြားဆက်ဆံမှုတွေ ဖြစ်အောင် ဖန်တီးထားတဲ့အရာတွေလည်း အများကြီး ရှိတယ်။ ဆိုတော့ ကျမတို့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာလည်း အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ခွဲခြားမှုတွေ ခံနေရသေးတယ်ပေါ့နော်။”
ဒီလို ခွဲခြားဆက်ဆံမှုတွေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီလှုပ်ရှားမှု လို့ ဆိုတဲ့ အသိုင်းအဝိုင်းတွင်း မှာကိုပဲ တွင်တွင်ကျယ်ကျယ် ဆက်ပြီး ရှိနေတယ်လို့ လည်း နန်းမို့မို့က ထောက်ပြပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေ ပိုပြီး ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာတဲ့ တိုင်အောင် ခွဲခြားဆက်ဆံမှုတွေကတော့ မပြောင်းမလဲ ဆက်ရှိနေဆဲပဲလို့ သူက ပြောပါတယ်။
“ကျမတို့က ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ခွဲခြားဆက်ဆံမှုတွေက ရှိနေတယ်။ ဒီမိုကရေစီ လိုလားသူတွေရဲ့ လှုပ်ရှားမှုမှာမှာကိုပဲ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အထူးသဖြင့် ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဖို့လိုတယ်။ အရေးကြီးတဲ့ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဖို့ လိုတယ်။ အမျိုးသမီးတွေဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ ကိုယ်စားပြုမှုတွေ ရှိဖို့လိုတယ်ဆိုတာ ကျမတို့ စည်းရုံးလှုံ့ဆော်မှုတွေ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလွန်ခဲ့တဲ့ ၁၀ စုနှစ်ကို ကျမတို့ပြန်ကြည့်ရင် အဲ့ဒီ ကျမတို့ပြောနေတဲ့ တကယ့်ကို အခြေခံ အဆင့်ကိုတောင်မှ ရှိမနေဘူး။ ကျားမ တန်းတူရေးလို့ ပြောတဲ့အခါမှာ အမျိုးသမီးပါဝင်မှုလို့ ပြောတဲ့နေရာမှာ အနည်းဆုံး အမျိုးသမီး ၄၀ % ပါဝင်ရမယ်လို့ ကျမတို့ ပြောလာတာက နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ကြည့်မယ်ဆိုရင် ကျမတို့ ဘယ်နေရာကိုပဲကြည့်ကြည့်၊ ဘယ် လုပ်ငန်းစဉ်ကိုပဲကြည့်ကြည့်။ pro democracy movement ၊ ဘယ် movement ပဲကြည့်ကြည့် အမျိုးသမီး ၃၀ % ပါဝင်မှုကို အလေးထားတာ မရှိဘူး။ ဆိုတော့ ဆယ်စုနှစ်မှာ ဒီလှုပ်ရှားမှုမှာ ကျမတို့ အမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်။ ကျန်နေခဲ့တယ်။ အမျိုးသမီးတွေ ပါဝင်ရမယ် ဆိုတဲ့အမြင်ကို လူတိုင်း လက်မနေခံဘူး။ ဒီအမျိုးသမီးတွေ သည် အရည်အချင်းရှိရင် တက်လာပါလား။ အမျိုးသမီးတွေ အရည်အချင်းရှိရင် ဝင်လို့ရတာပဲ ဆိုတဲ့ပုံစံတွေ ရှိနေတယ်။ ဆိုတော့ တိုးတက်မှုကတော့ မရှိနေဘူးလို့ ကျမတို့ ပြောလို့ရတယ်။”
နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ဖို့ နောက်ထပ် ဆယ်စုနှစ်များစွာ အချိန်ယူ ကြိုးပမ်းရလိမ့်ဦးမယ် လို့လည်း နန်းမို့မို့က ပြောပါတယ်။
“ခွဲခြားဆက်ဆံမှုလို့ ပြောတဲ့အခါမှာ အဓိက က လူတွေရဲ့ mindset အယူအဆ၊ အတွေးအခေါ်တွေပေါ့။ အဲ့ဒီဟာတွေက ကျမတို့ မူဝါတွေ ဘယ်လောက်ပဲ ပြဌာန်းပြဌာန်း၊ မူဝါဒတွေ ဘယ်လောက်ပဲ ပြောင်းပြောင်း၊ အဲဒီလူတွေရဲ့ mindset ကို မပြောင်းလဲနိုင်ဘူးဆိုရင် ခွဲခြား ဆက်ဆံမှုတွေကတော့ ရှိနေဦးမှာပဲ။ ဆိုတော့ ဒီခွဲခြား ဆက်ဆံမှုတွေ ပပျောက်ဖို့ဆိုရင် လူတွေရဲ့ mindset တွေ၊ လူလို့ပြောတဲ့နေရာမှာလည်း တကယ့်ကို ဆုံးဖြတ်ချက် ချမှတ်ရာမှာ ပါဝင်တဲ့ လူကြီးတွေ အပါအဝင် လူမှုအသိုင်းအဝိုင်းအတွင်းမှာ ရှိနေတဲ့လူတွေ အကုန်လုံးက ဒါတွေကို ပြောင်းဖို့ဆိုရင် အသိပညာပေးတဲ့ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုသလို တဘက်မှာလည်း မူဝါဒပိုင်းမှာလည်း ခွဲခြား ဆက်ဆံမှု ဖြစ်စေတဲ့ ဘယ်လိုမူဝါဒတွေကိုတော့ မပြဌာန်းရဘူး။ ခွဲခြား ဆက်ဆံမှု လုပ်ဆောင်တယ်ဆိုရင် ဘယ်လို အပြစ်ပေးမယ် ဆိုတာတွေကို သေသေချာချာ လုပ်ဆောင်ဖို့ လိုတယ်။ ကျမတို့ နိုင်ငံမှာ လူတွေရဲ့ mindset ကို ပြောင်းလဲဖို့က ဆယ်စုနှစ်တစု မကဘူး။ နှစ် ၂၀ လုပ်လည်း အကုန်လုံး ပြောင်းလဲမယ်လို့ ပြောလို့မရတဲ့ အနေအထား ဖြစ်တယ်။ တော်တော်ကြီးကို အမြစ်တွယ်နေပြီပေါ့နော်။ ပုံစံမျိုးစုံနဲ့ ဒီ mindset တွေက ယဉ်ကျေးမှုက ထည့်ပေးလိုက်တဲ့ mindset ၊ ဘာသာရေးက ထည့်ပေးလိုက်တဲ့ mindset ၊ နေတဲ့ပတ်ဝန်းကျင်ပေါ် မူတည်ပြီး လူ့ပတ်ဝန်းကျင်က ထည့်ပေးလိုက်တဲ့ mindset တွေက အရမ်း အားကောင်းသလို ဖြစ်နေတယ်။ ဆိုတော့ အဲ့ဒီဟာတွေ ပြောင်းလဲဖို့ ကျမတို့က နှစ်ပေါင်းများစွာ လုပ်ဆောင်ဖို့ လိုတယ်။”
မြန်မာနိုင်ငံ မဆိုထားနဲ့။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင် အမျိုးသမီးတွေဟာ အစိုးရတွင်း၊ လွှတ်တော်တွင်း အပါအဝင် အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ ကိုယ်စားပြု ပါဝင်ခွင့် လုံလုံလောက်လောက် မရကြသေးပါဘူး။ ဒီလို အမျိုးသမီးတွေ ကိုယ်စားပြု ပါဝင်မှု အပြည့်အဝ မရှိဘဲနဲ့တော့ လက်ရှိ ကမ္ဘာ့နိုင်ငံကြီးတွေ ကျင့်သုံးနေတဲ့ ဒီမိုကရေစီဟာလည်း အမျိုးသမီးတွေ မပါတဲ့ ဒီမိုကရေစီ၊ ပြည့်ဝမှုမရှိတဲ့ ဒီမိုကရေစီအဖြစ် မေးခွန်းထုတ်စရာ ဖြစ်နေလိမ့်မယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင့်။