တောင်သူတွေရင်ဆိုင်နေရတဲ့ ကြွေးမြီပြဿနာ

ရန်ကုန်မြို့အနီးလယ်ယာမြေမှာ အလုပ်လုပ်ကိုင်နေတဲ့ လယ်သမားတဦး (ဩဂုတ် ၂၊ ၂၀၁၉)

မြန်မာနိုင်ငံက တောင်သူလယ်သမားတွေ အနေနဲ့ စစ်အာဏာရှင် ခေတ်အဆက်ဆက် ကြွေးမီပြသာနာကြုံတွေနေကြရတာမှာ အခုစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆိုးဆုံး အခြေအနေကို ရောက်ရှိကုန်ကြပါတယ်။ တောင်သူလယ်သမားတွေအတွက် မြန်မာလယ်ယာ ဖွံဖြိုးရေးဘဏ် အတိုကောက် စိုက်ဘဏ်ကနေ စိုက်ပျိုးစာရိတ်ချေးငွေတွေကို သီးနှံအလိုက် နှစ်စဉ် ထုတ်ချေးပေးတာတွေဟာ နည်းပါးလွန်းပါတယ်။ မြစ်ဝကျွန်းပေါ်မှာဆိုရင် စပါးစိုက် တဧကကို တသိန်းခွဲ နဲ့ ၁ဝဧကအထိပဲ ချေးပေးပြီး ၊ အညာမြေလတ်ဒေသတွေမှာတော့ နှမ်းပဲစိုက်တောင်သူတွေကို တဧက တသိန်းနှုန်းနဲ့ ၁ဝဧက အထိပဲ ထုတ်ချေးပါတယ်။ အဲဒီ စိုက်ပျိုးစာရိတ်ချေးငွေတွေကို ကျေးရွာအလိုက် ထုတ်ချေးတာမဟုတ်ပဲ မြို့ပေါ်မှာ ရွာစဉ်အလိုက် ရက်သတ်မှတ် ထုတ်ချေးတဲ့အတွက် တောင်သူလယ်သမားတွေမှာ စုပေါင်းပြီး မြို့ပေါ်က စိုက်ပျိုးစာရိတ်ချေငွေ စိုက်ဘဏ်မှာ အလှည့်ကျ သွားထုတ်ယူကြရပါတယ်။ အဆိုးဆုံးကတော့ စိုက်ပျိုးစာရိတ်ချေးငွေကို တကယ်လိုအပ်တဲ့အချိန် စိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ကာလမှာ ထုတ်ချေးတာမဟုတ်ပဲ စိုက်ပျိုးပြီးနောက်ပိုင်းမှ ထုတ်ချေးတာ တချို့ဒေသတွေမှာဆို ရိတ်သိမ်းခါနီးမှ ထုတ်ချေးနိုင်တာတွေ့ရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာစီးပွားရေး လေ့လာသူတဦးဖြစ်တဲ့ ဦးစိန်ဌေးက အခုလို သုံးသပ်ပြပါတယ်။

"အခုဟာက အားလုံးသိတဲ့အတိုင်းပဲ ဒီစကစက အစိုးရမှ မဟုတ်တာဗျာ။ ကြုံသလို ရှောက်လုပ်နေတာ။ လုပ်ချင်ရာလုပ်နေတာ။ ဒီစိုက်ပျိုးစာရိတ်ချေးငွေအပိုင်းမှာလည်း တောင်သူလယ်သမားတွေ သက်သာအောင် စနစ် ၊ လုပ်ငန်းစဉ်တွေကို သတ်သတ်မှတ်မှတ် ပြုပြင်ရမယ်။ စိုက်ပျိုးစာရိတ် ချေးတဲ့အခါမှာ ၂ ပိုင်းတွေ့ပါတယ်။ အချိန်ကာလ။ တောင်သူလယ်သမားက စိုက်ပျိုးတဲ့ ရာသီမတိုင်ခင်မှာ မျိုးတို့၊ မြင်းတို့ ၊ ဓါတ်မြေသြဇာတွေအတွက် လိုအပ်တဲ့ ချေးငွေကို ကြိုပေးမှဗျ။ စိုက်ပျိုးရာသီမတိုင်ခင်မှာ ချေးငွေ ထုတ်ချေးတဲ့ စနစ်ကို ပြောတာ။ ချေးငွေတွေကို ပြန်ပြီးဆပ်တာရှိတယ်။ တဦးချင်း မဆပ်နိုင်တဲ့အခါမှာ ငွေမချေးတာရှိတယ်။ အဲဒီလို အခက်အခဲရှိလာရင် ဝိုင်းကြီးချုပ်ခေါ်တယ်။ လယ်သမား ၁ဝ ယောက် ဒါမှမဟုတ် အယောက် ၂ဝ ရှိမယ်။ တယောက်မဆပ်နိုင်ရင် ကျန်တဲ့သူတွေက ဝိုင်းဆပ်ပေးပေါ့။ အဲဒီစနစ်တွေကို ပြန်သုံးသပ်ဖို့လိုပါတယ်။ စိုက်ပျိုးရေးထုတ်ပေးလိုက်တဲ့ ရာသီကို ပြုပြင်ရပါမယ်။ ကုန်ဈေးနှုန်းတွေ တက်သွားတဲ့အခါမှာ စိုက်ပျိုးစာရိတ်ချေးငွေကို ဘယ်လောက်ပေးမှ လုံလောက်နိုင်မယ်ဆိုတာကို ချိန်ဆဖို့လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ တိကျတဲ့ မူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်မှသာ အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့မြင်ပါတယ်"

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

တကယ်တော့ မြန်မာ စိုက်ပျိုးရေးဘဏ် ကိုယ်တိုင်က သူငွေနဲ့ သူ တောင်သူလယ်သမားတွေကို ချေးငှားနိုင်တာမဟုတ်ပဲ အရင်ကဆိုရင် တရုတ်နိုင်ငံ သွင်းကုန် ထုတ်ကုန်ဘဏ် နဲ့ EXIM Bank တို့ဆီကနေ နှစ်ရှည်အတိုးနဲ့ ချေးယူပြီး တောင်သူလယ်သမားတွေကို ထပ်မံချေးငှားတာဖြစ်ပါတယ်။ ထုတ်ချေးတဲ့အခါမှာလည်း ပုံစံ ၇ ခေါ် လယ်၊ ယာ လုပ်ပိုင်ခွင့်ရရှိထားတဲ့ အမှန်တကယ် လယ်သမားအစစ်တွေမဟုတ်တဲ့ အဲဒီ ပုံစံ၇ ကို အပေါင်ယူထားတဲ့သူတွေကလည်း ရယူကြတာတွေရှိနေပါတယ်။ ဒါအပြင် ထုတ်ချေးတဲ့အချိန်ကာလ လွဲမှားနေသလို ငွေပမာဏအရလည်း နည်းပါးနေပါသေးတယ်။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ် FTUB မှာ လယ်သမားအရေး တာဝန်ခံပြီး သင်တန်းတွေ ပို့ချပေးခဲ့တဲ့ ဒေါက်တာ ဇော်ဝင်းအောင်က အခုလိုပြောပါတယ်။

" အဓိက ပြောချင်တာက စိုက်ပျိုးစာရိတ်ချေးငွေ ပေးတဲ့အခါမှာ လုံလောက်တဲ့ ပမာဏ၊ လုံလောက်တဲ့ အချိန်ကာလ ပြီးတဲ့အခါ အချိန်ကိုက်လိုပါတယ်။ နောက် သွင်းအားစု ဆိုတဲ့အထဲမှာ ဓါတ်မြေသြဇာပါတယ်၊ ပိုးသတ်ဆေးပါတယ်။ တခြားစက်ကိရိယာတွေပါတယ်။ အဲတော့ ဒီလိုဟာတွေအတွက်ကလည်း ဈေးနှုန်းမှန်ကန်ဖို့၊ အရည်အသွေး ကောင်းမွန်ဖို့လိုပါတယ်။ ဒါတွေကို မူဝါဒနဲ့ ထိန်းညှိထားနိုင်ဖို့လိုပါတယ်။ အဲလိုမဟုတ်ပဲနဲ့ ဓါတ်မြေသြဇာဈေးက တမျိုးဖြစ်လိုက် ၊ ပိုးသတ်ဆေးနှုန်းက ခုန်တက်လိုက် မတည်မငြိမ်ဖြစ်နေရင် စိုက်ပျိုးစာရိတ် ချေးငွေကို တွက်ချက်ပေးတာဟာ လုံလောက်မှုမရှိနိုင်ပါဘူး။ အဲဒါမျိုးတွေမှာလည်း စနစ်တကျမှန်ကန်ဖို့လိုတယ်လို့ ကျနော် တင်ပြလိုပါတယ်။ လယ်သမားတွေ အနေနဲ့လည်း ဒီစိုက်ပျိုးစာရိတ်ချေးငွေကို စိုက်ပျိုးစာရိတ်မှာ မသုံးပဲ တခြားလုပ်ငန်းတွေမှာ သုံးရင် ပြန်ပေးရတဲ့အခါမှာ တခြားနေရာကနေ အတိုးကြီးကြီးနဲ့ ယူပြီး ပေးကြရပါတယ်။ အဲလိုဆိုရင် လယ်သမားဟာ အကြွေးသံသရာထဲမှာပဲ နစ်မွန်းပြီး လည်နေပါတယ်။ အဲဒါကြောင့် ပေးတဲသူတွေအနေနဲ့ကော ယူတဲ့သူတွေဖက်ကရော စနစ်တကျဖြစ်ဖို့လိုပါတယ်"

တကယ်တော့ စိုက်ဘဏ်(ခေါ် )စိုက်ပျိုးစာရိတ်ချေးငွေဘဏ်အနေနဲ့ ငွေချေးတာတင်မဟုတ်ပဲ တခြား စိုက်ပျိုးရေး မိတ်ဖက် ဦးစီးဌာနတွေနဲ့ ပူးပေါင်းပြီးမှ တောင်သူလယ်သမားတွေအတွက် ဆောင်ရွက်ပေးရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ပူးပေါင်းဆောင်ရွက်တာတွေမရှိပဲ ငွေချေးတာ တခုသက်သက်အတွက်ပဲ လုပ်ဆောင်နေပေမယ့် လုံလောက်အောင် ချေးငှားတာတွေတော့ မရှိသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကျေးလက်အုပ်ချုပ်ရေးမှူးတဦးလည်းဖြစ်၊ ကိုယ်တိုင်လည်း တောင်သူတဦးလည်းဖြစ်တဲ့ ဦးတင်စိုးက အခုလိုပြောပါတယ်။

" စိုက်ပျိုးစာရိတ်ချေးငွေကလေ ထိရောက်မှုမရှိဘူး။ အများစုက စိုက်ပျိုးချိန်မမီဘူး။ ဒီလောက်နဲ့လည်း စိုက်ပျိုးစာရိတ်အတွက် မလုံလောက်ဘူး။ အများစု ချေးငှားလာတာကလည်း ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။ ဒီနေ့အထိအောင်လည်း တောင်သူလယ်သမားတွေရဲ့ ကဏ္ဍက ဘာတခုမှလည်း ပြောင်းလည်းတိုးတက်မှု မတွေ့ရဘူး။ ဆုပ်ယုတ်လာတာပဲရှိတယ်။ သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ စက်မှုလယ်ယာတို့၊ စိုက်ပျိုးရေးတို့ ၊ မြေစာရင်းတို့ ဒါတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ အားနည်းတယ်။ ဘာတခုမှ မတွေ့ရဘူး။ တောင်သူလယ်သမားတွေအတွက် ချေးတာချေးနေရတယ်။ အကျိုးမရှိဘူး။ ဘဏ်ရဲ့ ရည်ရွယ်ချက်အတိုင်း မြန်မာစိုက်ပျိုးရေးဘဏ်ဆိုတာနဲ့ ညီတာ ဒီနေ့အထိ တချက်မှ မတွေ့သေးဘူး"

တောင်သူလယ်သမားအများစုဟာဆိုရင် စိုက်ပျိုးရေးဘဏ်က ထုတ်ချေးတဲ့ ငွေကြေးအပေါ် အားကိုးလို့မရတဲ့အတွက် ငွေရှိသူတွေဆီကနေ ချေးယူထားတဲ့ငွေကို စိုက်ပျိုးရိတ်သိမ်းပြီးတဲ့အခါ သီးနှံပေးရတဲ့ စနစ်နဲ့ ချေးငှားကြရပါတယ်။ မြေလတ်ဒေသက တောင်သူလယ်သမားအများစုဟာဆိုရင် သီးနှံတွေ မထွက်ရှိခင်မှာ အငံဆိုင်း လို့ ဒေသမှာခေါ်တဲ့ ငွေရှိသူတွေဆီကနေ နှမ်းတတင်းဖိုး ငွေကြိုယူပြီး နှမ်းပေါ်တဲ့အခါမှာ ၂ တင်းပေးရပါတယ်။ ဒါကြောင့် တောင်သူလယ်သမားအများစုဟာ သီးနှံထွက်ရှိတဲ့အခါမှာ မတန်တဆအတိုးနဲ့ ကြိုတင်ယူထားတဲ့ငွေကို ကျေအောင်ဆပ်ကြရပါတယ်။ အရင်ကဆိုရင် စိုက်ပျိုးရေးဘဏ် တင်သာမ ကုလသမဂ္ဂ ဖွံဖြိုးရေး အစီအစဉ် UNDP ရဲ့ အစီအစဉ်တချို့ နဲ့ ပုဂ္ဂိုလိက အဖွဲ့အစည်းတချို့က ရေတိုချေးငှားတဲ့ အစီအစဉ်တွေလည်း တောင်သူလယ်သမားတွေအတွက် လုပ်ဆောင်ခဲ့ကြတာတွေရှိခဲ့ဘူးပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက် အဲဒီအစီအစဉ်တွေလည်း ရပ်ဆိုင်းကုန်ပြီး တောင်သူလယ်သမားတွေ အနေနဲ့ ဖွံဖြိုးတိုးတက်မှုတွေဟာ အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားပြီး အကြွေးနွံထဲမှာ ပိုပြီး နစ်မွန်းကုန်ပါတယ်။