ဂျာမန်ခေါင်းဆောင်တွေနှင့် ဒေါ်စု တွေ့ဆုံ

ဂျာမနီ ဝန်ကြီးချုပ် Angela Merkelနဲ့ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံ ဘာလင်မှာ တွေ့ဆုံ။ (ဧပြီ ၁၀၊ ၂၀၁၄)

ဂျာမနီနိုင်ငံကို သုံးရက်ကြာခရီး ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဂျာမနီ သမ္မတ Joachim Gauck နဲ့ သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့သလို၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့လည်း တွေဆုံပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ မနက်ခင်းမှာပဲ ဘာလင်မြို့ကို ရောက်ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဂျာမနီ ရောက် မြန်မာမိသားစုတချို့ကလည်း သူ တည်းခိုတဲ့ ဟိုတယ်မှာ သွားရောက် ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်အကြောင်း မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဂျာမနီသမ္မတ Joachim Gauck နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံံ။ (ဧပြီ ၁၀၊ ၂၀၁၄)


ဒီကနေ့မှာပဲ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်လာခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျာမနီ သမ္မတ Joachim Gauck က သူ့ရဲ့ အိမ်တော်မှာ နေ့လည်စာနဲ့ ဧည့်ခံပြီး တွေ့ဆုံခဲ့ ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖွံဖြိုးတိုးတက်မှုတွေနဲ့ ပတ်သက်လို့ သူတို့နှစ်ဦး ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ဥရောပက သတင်းတချို့မှာ ဖော်ပြ ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီဝန်ကြီးချုပ် Angela Merkel၊ နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier တို့နဲ့လည်း ဂျာမနီ ဒေသစံတော်ချိန် ဒီနေ့နှောင်းပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

ဂျာမနီသမ္မတ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို (ဧပြီ ၁၀၊ ၂၀၁၄)

ဒေါ်အောင်ဆန်းစုကြည် ဘာလင်မြို့ကို ရောက်လာတဲ့ မနက်ခင်းပိုင်းမှာပဲ ဂျာမနီရောက် မြန်မာမိသားစုတွေကလည်း သူ တည်းခိုတဲ့ ဟိုတယ်ထဲအထိ ဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒီကနေ့ကတော့ ခဏပဲ နှုတ်ဆက်ခွင့် ရခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ကျမှ သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီရောက် မြန်မာ မိသားစုတွေ အေးအေးဆေးဆေး အချိန်ယူ တွေ့ဆုံကြမှာဖြစ်တယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးဦးကြို သွားရောက် နှုတ်ဆက်ခဲ့တဲ့ ဘာလင်မြို့က ကိုအေးမြင့်က ပြောပြပါတယ်။

"တွေ့ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အေးအေးဆေးဆေး ကြိုဆိုခဲ့ရ
ပါတယ်။ ဓာတ်ပုံတွေ ဘာတွေလည်း ရိုက်ခဲ့ရပါတယ်။ ဒေါ်စုနဲ့ လည်း ကောင်းကောင်းမွန်မွန် စကားပြောခဲ့ရပါတယ်။ ကျနော်တို့ ဒီနေ့က လူက နည်းနည်း နည်းတော့ လူက အယောက် ၁၅ယောက်လောက်ပဲ သွားနိုင်ခဲ့ပါတယ်။ ဒေါ်စုက ကျနော်တို့ ၁၃ရက်နေ့မှာ မြန်မာတွေနဲ့ သူနဲ့ တွေ့ကြမယ်ပေါ့လေ။ အဲ့တာတွေ ကျနော်တို့ စကားပြောဖြစ် ပါတယ်ခင်ဗျ။ နိုင်ငံခြားရေးရုံးကနေ ကျနော်တို့ကို သေသေ ချာချာ နေရာတွေပေးပြီး ကျနော်တို့ကို လှိုက်လှဲပျူဌာစွာနဲ့ပဲ ကြိုဆိုခွင့်ပေးပါတယ်ခင်ဗျ။ "

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကနေ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုု ပြင်ပြောင်းလဲမှု နဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ နှစ် နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အလားအလာ ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ မြန်မာ့ အရေး တက်ကြွ လှုပ်ရှားသူတွေက မျှော်လင့်နေကြ တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဂျာမနီ သမ္မတ Joachim Gauck နဲ့အတူ ဂျာမနီ အစိုးရဝန်ကြီး အဖွဲ့ဝင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ စီးပွားရေး ခေါင်းဆောင်တွေ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ပြီး မြန်မာက ဂျာမနီကို ပေးဖို့ ရှိနေတဲ့ ကြွေးမြီတွေရဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ဒီခရီးစဉ် တွင်းမှာပဲ လျှော်ပေးခဲ့ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီနိုင်ငံ ခရီးစဉ်တွင်း မှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်တဲ့ ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt ကို ဂုဏ်ပြု ပြီး ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ်ပါတီက ပေးအပ်တဲ့ International Willy Brandt ဆုကို လက်ခံ ရယူမှာဖြစ်ပြီး၊ ဘာလင်မြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ ရှိနေတာပါ။ ဘာလင်မြို့ရဲ့ Freie Universität Berlin တက္ကသိုလ်မှာလည်း မိန့် ခွန်း ပြောကြားမှာ ဖြစ်ပြီး အဲ့ဒီမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အပြန်အလှန် မေးမြန်း ဆွေးနွေးမှုတွေ လုပ်သွားဖို့ ရှိတဲ့အကြောင်းလည်း ဂျာမနီရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပြပါတယ်။

ဧပြီလ ၁၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနိုင်ငံကနေ ထွက်ခွာမှာဖြစ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ခရီးဆက်မှာဖြစ် ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande နဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ပြင်သစ်စစ်တက္ကသိုလ် နဲ့ ပြင်သစ် လွှတ်တော်တွေကိုလည်း သွားရောက်လေ့လာ မှာ ဖြစ်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့အတူ လိုက်ပါ လာတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က ပြောပါတယ်။ ဧပြီလ ၁၇ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။