ဒေါ်အောင်ဆန်းစုကြည် မောင်တောဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် မောင်တောဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံ (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မောင်တောဒေသ အကြမ်းဖက်ခံရလို့ ပျက်ဆီး သွားခဲ့ တဲ့နေရာတွေမှာ ပြန်လည်နေရာချထား ရေးအတွက် တိုင်းနဲ့ပြည်နယ်အလိုက် တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ညွှန်ကြားထားပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဆောက်လုပ်ရေးတာဝန်ယူရမယ့် ဝန်ကြီးတချို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။ မတူညီတဲ့ လူမျိုးစုအကုန်လုံးအတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ တိုင်းနဲ့ပြည်နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားခဲ့တဲ့သတင်းကို ဗွီအိုအေသတင်းဌာနကမေခကပေးပို့ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂ ရက် ကြာသပတေးနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် ကို ကြိုတင်ကြေညာ ထားခြင်းမရှိဘဲ မောင်တောနဲ့ ဘင်္ဂလားဒေရ်ှ့နယ်စပ် ကုန်သွယ်ရေးဇုန်အထိ နေ့ချင်းပြန်သွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခဖြစ်ထားတဲ့နေရာတွေမှာ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အဓိကသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အကြမ်းဖက်ခံခဲ့ရအပြီး ပျက်ဆီးခဲ့တဲ့ မောင်တောဒေသမှာရှိတဲ့ ကျေးရွာတွေကို လိုက်လံကြည့်ရှုခဲ့သလို အကြမ်းဖက်ခံရတဲ့ နေရာက မတူညီတဲ့ လူမျိုးစုတွေကို လည်း တွေ့ဆုံခဲ့ပါတယ်။ အိုးအိမ်အမြောက်အများ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မောင်တောဒေသ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းကဝိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားထားတာနဲ့အတူ အခုခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတချို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။

မောင်တောခရိုင်ထဲမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို နေရာအလိုက် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေကို တာဝန်တွေခွဲဝေပေးထားပြီး အားလုံးစေတနာထားလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့ ဧရာဝတီတိုင်းကတော့ မောင်တောကနေ ၃၃ မိုင်လောက်ဝေးတဲ့ နေရာမှာ ရွာတရွာရှိတယ်။ အဲဒီရွာမှာတော့ အိမ်ခြေ ၈၆ လုံးလောက်တော့ဆောက်မယ် အိမ်လေးတွေပေါ့ ကျနော်တို့ဧရာဝတီတိုင်းက ။ အဲဒီမှာတော့ အဓိကတော့ ကျနော်တို့ တိုင်းရင်းသားတွေဖြစ်တဲ့ မြိုတို့ ခမီတို့ပေါ့နော်။ အဓိကတော့ မြိုလူမျိုးတွေက လက်ရှိကလည်း လမ်းမဘေးမှာရွာတည်ပေးစေချင်တဲ့ ဆန္ဒ အဲဒါကို ကျနော်တို့က ဆောက်ပေးဖို့လုပ်ကြတာပေါ့နော် အဲလောက်ပါပဲ သူတို့စိတ်ကြိုက်လုပ်ပေးဖို့ ။ လောလောဆယ် နေဖို့အိမ်တွေဆောက်ပေးဖို့ ပြောပါတယ်။ အိမ်ဆောက်ပေးဖို့အတွက်မကပဲနဲ့ ဒေသခံတွေ စီးပွားရေးလူမှုရေးပညာရေးတွေ ဒါတွေကအစ အကုန်လုံးဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ ဒါတွေ ညွှန်ကြားခဲ့တာပေါ့နော်။”

ဒီလိုတွေနေရာချထားပေးခဲ့တာမှာလည်း သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ လုံခြုံရေးပိုင်းကို အပြည့်အဝတာဝန်ပေးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်မြောက်ပိုင်း ခရီးစဉ်အတွင်း ပန်းတောပြင်၊ ခုံတိုင်၊ ရွာသစ်၊ တောင်ပြိုလက်ဝဲနဲ့ ကျီုးကန်းပြင်တို့ကိုသွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်တာမှာ အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်တဲ့ ပန်းတောပြင်ရွာ၊ မြိုနဲ့ခမီတိုင်းရင်းသားတွေနေထိုင်ကြတဲ့ မဒမတိုင် စတဲ့ကျေးရွာတွေက မတူညီတဲ့ လူမျိုးစုတွေနဲ့ တွေ့ခဲ့ပါတယ်။

ဒီလိုတွေ့ချိန်မှာတော့ ပြန်လည်နေရာချထားရေး၊ ပညာရေးမြှင့်တင်ရေးကိစ္စတွေကို ဒေါ်အောင်ဆန်း စုကြည် က အဓိက မေးမြန်းဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။ မနက်အစောပိုင်း စစ်တွေမြို့ကိုရောက်စဉ်ကတော့ ဒေသခံ လူငယ်တချို့ကို တေ့ွဆုံခဲ့ပါတယ်။ နေ့ချင်းပြန် ခရီးသွားရောက်တာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေကိုတော့ မတွေ့သွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရခဲ့ပေမယ့် အခုလိုလာရောက်လို့ ဝမ်းသာမိတယ်လို့ ပြောလာသူက ဟိန္ဒူ ဘာသာဝင် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဦးနီမော်လ်ပါ။ သူကတော့ ပြန်လည်နေရာချထားရေးပိုင်းနဲ့ ပတ်သတ်လို့ ခုလို တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ ဟိန္ဒူ ဘာသာဝင်အိမ်တွေမီးရှို့ခံရတယ်၊ နောက်ပြီးတော့ နေရပ်စွန့်ခွာလာရတယ်။ နောက်ပြီးတော့ဆက်လက်ပြီးတော့ ကျနော်တို့ ဒီလိုသွားမယ်ဆိုရင် ဘယ်လိုများနေနိုင်မလဲ ။ အခုကတော့ လောလောဆည် လူတွေက ကိုယ့်နေရာကိုယ်မသွားချင်ဘူး။ သူ့တို့ယုံကြည် စိတ်ချမှုတွေမရှိသေးလို့ အရင်လို ချောင်ထဲမှာ ကြားထဲမှာ မနေချင်ဘူး၊ ဒီလိုကားလမ်းဘေးတို့ ဘာတို့ဆိုတော့ မြို့အနီးအနားမှာပေါ့လေ အဲဒီလိုချပေးမယ်ဆိုရင် ကျနော်တို့ကနေမယ် ဆိုတာတွေ ကျနော်တို့ ဆွေးနွေးချင်ပါတယ်ခင်ဗျ။ ဒါပေမယ့် မတွေ့ရတာတခုကတော့ ဘာပြောနိုင်မလဲ။”

ရခိုင်မောင်တောဒေသမှာ လူမျိုး ဘာသာကို အခြေခံတဲ့ ပဋိပက္ခတွေ ၂၀၁၂ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေရာ ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့တာမရှိလို့ ဝေဖန်မှုတွေပေါ်ထွက်ခဲ့ပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မကြေညာဘဲ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒီမောင်တောခရီးစဉ်ဟာ ၂၀၁၂နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ရခိုင်မြောက်ပိုင်းခရီးစဉ်ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် မောင်တောဒုက္ခသည်တွေထံ သွားရောက်တွေ့ဆုံ