နိုင်ငံတော် အတိုင်ပင်ခံ လက်မှတ်ထိုးမည့် တရုတ် -မြန်မာ သဘောတူညီမှုတွေ ပွင့်လင်းဖို့ တောင်းဆို

တရုတ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းထဲ ပါဝင်နေတဲ့ မြန်မာနိုင်ငံ အနေနဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်း အပါအဝင် နိုင်ငံတွင်း ရှိနေတဲ့ တရုတ်ရဲ့စီမံကိန်းကြီးတွေ အတွက် အကြွေးဝန် မပိစေဖို့ ပြည်သူလူထုကို ချပြ၊ ကျေလည်ပြီးမှ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုဖို့ မြန်မာ့အရေး အကဲခတ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဧပြီလ နှောင်းပိုင်းအတွင်း ကျင်းပမယ့် OBOR ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဒုတိယအကြိမ် နိုင်ငံတကာ ညီလာခံကို တက်ရောက်ဖို့ ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ခရီးစဉ် အတွင်း နှစ်နိုင်ငံ သဘောတူ လက်မှတ်ထိုးမယ့် စီမံကိန်းတွေ အပေါ် ထင်သာမြင်သာ ရှိဖို့ အများပြည်သူက တောင်းဆိုနေကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလနှောင်းပိုင်းမှာ သွားဖို့ရှိနေတဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အနည်းဆုံး စီမံကိန်း ခြောက်ခုလောက်ကို နှစ်နိုင်ငံ သဘောတူညီချက် အနေနဲ့လက်မှတ်ရေးထိုးဖို့ ရှိနေတယ်လို့ ပြည်တွင်းသတင်း တချို့မှာ ဖေါ်ပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး သဘောတူညီမယ့် အချက်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယူနန်ပြည်နယ် Kunming မြို့မှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံညှိနှိုင်း ခဲ့ပါတယ်။

အခုလာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် အတွင်းမှာတော့ ၂၀၁၇ ခုနှစ်ကတည်းက သဘောတူညီထားတဲ့ တရုတ်-မြန်မာ စီးပွားရေးဇုံ တည်ဆောက်မယ့် စီမံကိန်းကို ဆွေးနွေး သဘောတူဖို့ ရှိသလို၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် သဘောတူညီချက် အတွက် ပထမအဆင့် အကောင်အထည် ဖေါ်မယ့် စီမံကိန်းတွေ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ ရှိနေကြောင်း ဝန်ကြီး ဦးအောင်ထူးက ဖေဖေါ်ဝါရီလက သွားခဲ့တဲ့ ယူနန်ပြည်နယ် ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း တရုတ်ရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု မရှိတာ၊ အကြွေးဝန် ပိနေတာတွေ ကိုလည်း လွှတ်တော်အမတ်တွေက အလေးအနက် ဆွေးနွေး ခဲ့ကြပါတယ်။ အထူးသဖြင့် နိုင်ငံတဝှမ်းလုံးက ထောက်ခံမှု မရှိတဲ့ ကချင်ပြည်နယ်က တရုတ်ရဲ့မြစ်ဆုံဆည် စီမံကိန်းဆိုရင် အပြီးတိုင် ဖျက်သိမ်းဖို့ ဆန္ဒအသီးသီး ထုတ်ဖေါ်ထားပါတယ်။ ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြစ်ဆုံဆည် စီမံကိန်း ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာ အခုချိန်ထိ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးတဲ့ အပြင် မတ်လလယ်က သွားခဲ့တဲ့ ပဲခူးတိုင်း ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်တဲ့ မေးခွန်းကိုလည်း အခုလို ဖြေဆိုခဲ့ပါတယ်။

“ စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေတာ ဘာလဲဆိုတော့ ကျမတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် ကျမတို့ နိုင်ငံ ကမ္ဘာရဲ့ ယုံကြည်မှု ရဖို့ အတွက်ကို ကျမတို့က စကားတည်ဖို့ လိုတယ်။ အခုတမျိုး အခုတမျိုး စကားပြောလို့ မရပါဘူး။ ကျမတို့က တချို့ စီမံကိန်းကြီးတွေဟာ အရင်တုန်းက လူက စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျမတို့က နေပြီးတော့ ကျမတို့ အစိုးရတက်ပြီ ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာ လုပ်မယ် ပြောလို့မရပါဘူး။ အဲလိုလုပ်လို့ ရှိရင် ဒီနိုင်ငံက ဘယ်တော့မှ အားကိုးရတဲ့ နိုင်ငံ မဟုတ်ဘူး။ အစိုးရ တခုတက်ရင် တမျိုး ငါတို့ ဒီနိုင်ငံနဲ့ ဘာမှ မလုပ်တာဘဲ ကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားလို့ ရှိရင် ကျမတို့ နိုင်ငံကို ထိခိုက်တယ်။ ”

တရုတ်အစိုးရ ဘက်ကလည်း မြစ်ဆုံဆည် စီမံကိန်း ပြန်ပြီးစဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စပြီး မြန်မာအပေါ် ဖိအားပေးမှုတွေ သိသိသာသာ လုပ်လာခဲ့တာပါ။ ဒါကြောင့်လည်း အခုသွားမယ့် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်ရဲ့စီမံကိန်းကြီးတွေနဲ့ ပတ်သက်လို့ မြန်မာဘက်က မဖြစ်မနေ သဘောတူရမယ့် အခြေအနေ ရှိနေမှာကို စိုးရိမ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ ကျနော် စိုးရိမ်တာက တရုတ်နိုင်ငံဟာ ဒီ မြန်မာနိုင်ငံလို နိုင်ငံလေး အပါအဝင် တကမ္ဘာလုံးမှာ ဖြန့်ကျက်တဲ့ ပင့်ကူအိမ် ကွန်ရက်ကြီး မဟာစီမံကိန်းကြီး အကြီးကြီးထဲမှာ ကျနော်တို့ နိုင်ငံက အင်အားသေးတယ်။ တိုင်းပြည်ကလည်းသေး၊ နောက် နိုင်ငံရေး အရလည်း တည်ငြိမ်မှု မရှိတဲ့ ကာလမှာ ပါဝင်ရတော့ အဲဒီ အပေါ်မှာ မလူးသာ မလွန့်သာ သဘောတူညီ ခဲ့ရတာတွေ ရှိကောင်း ရှိနိုင်တဲ့ အတွက် ဒါကိုတော့ ကျနော် စိုးရိမ်ပါတယ် ခင်ဗျ။ ”

ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်စီမံကိန်း တွေနဲ့ ပတ်သက်ရင် ပြည်သူလူထုကို အရင်ချပြ၊ ကြေလည်မှုရှိပြီးမှ တရုတ်နဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်တွေကို လက်မှတ်ရေးထိုး ချုပ်ဆိုသင့်ကြောင်း ကာလီဖိုးနီးယား ပြည်နယ် ရှမ်းစာပေ ယဉ်ကျေးမှု ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ဆိုပါတယ်။

“ မြစ်ဆုံ ကိစ္စ အဲဒီမှာ ဆိုလို့ ရှိရင် ကျနော်တို့ ကချင်ပြည်နယ် မကဘူး၊ ကျနော်တို့ ဧရာဝတီမြစ် တလေ ျှာက် ကျနေ်ာတို့ ဗမာပြည် တပြည်လုံးကို ဒါ အကျိုးသက်ရောက်စေနိုင်တယ်။ ကျောက်ဖြူမှာ လုပ်တဲ့ ကိစ္စမှာလည်း ကျနော်တို့ မြန်မာပြည်ရဲ့ ပြည်သူလူထုတွေ တတိုင်းပြည်လုံးကို အကျိုးသက်ရောက် စေနိုင်တဲ့ အတွက် ဒါလည်း ပြည်သူလူထုကို ကျနော်ထင်တာ ဆန္ဒခံယူဖို့ လိုတယ်၊ နောက်ပြီးတော့မှ ဖွင့်ပြဖို့ လိုတယ်။ ပွင့်လင်းမြင်သာဖို့လည်း လိုတယ်။ အားလုံးကို ချပြပြီးမှ ပြည်သူကနေ သဘောတူတဲ့ ဆိုလို့ရှိရင် ကျနော်တို့ ဆက်လုပ်တာ ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောင်ဖြစ်လာမယ့် ပြသနာ ကိစ္စအားလုံး အကြွေးတွေကစ တင်တာ ပြန်ဆပ်ရမယ့် အားလုံး တိုင်းပြည်ရဲ့ အကြွေး ဖြစ်တဲ့ အတွက် ပြည်သူလူထု သဘောခံယူ ပြီးမှ လုပ်တာ ပိုပြီး ကောင်းတယ်လို့ ကျနော်ထင်တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဲ့ တရုတ်ခရီးစဉ်အတွင်း မြန်မာကနေ တရုတ်ကို ဆန်တင်ပို့မယ့် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးဖို့ရှိပါတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာလက စပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် အရ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးမှာ မြန်မာအနေနဲ့ ပါဝင်ဖို့ သဘောတူညီထားပြီး မြန်မာနိုင်ငံအတွက် အကျိုးရှိစေမယ့် စီမံကိန်းတွေကို နှစ်နိုင်ငံ ပူးတွဲ အကောင်အထည်ဖေါ်သွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူစီမံကိန်း ဆိုရင် တရုတ်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးထဲ ပါဝင်နေသလို၊ တရုတ်နိုင်ငံအနေနဲ့ ကျောက်ဖြူဆိပ်ကမ်းကနေ တဆင့် အာဖရိကနဲ့ ဥရောပတို့ကို ဖေါက်နိုင်မှာဖြစ်တယ်လို့လည်း ဦးအောင်ထူးက ဆိုပါတယ်။ ဒါအပြင် တရုတ်ကုမ္ပဏီ CCCC ပါဝင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ ဆိုရင်လည်း ခေတ်သစ် ပိုးလမ်းမကြီးထဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က လက်ရှိအဆိုပြုထားတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံတွင်း အကောင်အထည်ဖေါ်မယ့် စီမံကိန်းအသစ်ပေါင်း(၃၀)ရှိနေပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတော် အတိုင်ပင်ခံ လက်မှတ်ထိုးမည့် တရုတ် -မြန်မာ သဘောတူညီမှုတွေ ပွင့်လင်းဖို့ တောင်းဆို