ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့မှာ အမေရိကန်သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များအဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ တဦးတည်းသော ငြိမ်းချမ်းရေး နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၅ နှစ်မြောက် မွေးနေ့မှာ အမေရိကန် သမ္မတ ဘားရက် အိုဘားမား က ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်တွေရဲ့ စိတ်ဓါတ်ခိုင်မာ ပြတ်သားမှုတွေနဲ့ သတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို လွတ်မြောက်မှုနဲ့ တရားမျှတရေးအတွက် ရပ်တည်နေကြသူတွေ အားလုံးကနေ အတုယူ အားကျဖွယ်ရာ ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာပြည်သူလူထုအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားပြီးတော့ သာယာဝပြောတဲ့ ပိုပြီးတည်ငြိမ်မှုရှိတဲ့ နိုင်ငံအဖြစ် အားလုံး ဝိုင်းဝန်းထူထောင်နိုင်ကြဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်းနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့အတွက် ထပ်လောင်းတောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ အပြုသဘောဆောင်တဲ့ တိုးတက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အနစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါလို့လဲ သမ္မတ အိုဘားမားက တိုက်တွန်းထားတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြို ထုတ်ပြန်တဲ့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၅ နှစ်မြောက် မွေးနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလဲ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ သူ စဉ်ဆက်မပြတ် တောင်းဆိုနေတယ်လို့ မနေ့က သောကြာနေ့က အခုလို ပြောဆိုလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားဆဲဖြစ်လို့ ကျနော် သိပ်ကို စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးသင့်တယ်လို့ ကျနော် တစိုက်မတ်မတ် တောင်းဆိုခဲ့တာပါ။ သူတို့ကို လွှတ်ပေးမှသာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ သူတို့ ပါဝင်နိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ကြဖို့ လိုပါတယ်။ နိုင်ငံရေးပါတီတွေ အားလုံး ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်မှသာ ယုံကြည်အားထားလောက်ပြီး အနစ်သာရပြည့်ဝတဲ့ ရွေးကောက်ပွဲအဖြစ် အားလုံးက အသိအမှတ် ပြုနိုင်ကြမှာဖြစ်ပါတယ်။”
ဆက်လက်ပြီးတော့ US Senate Women's Caucus on Burma မြန်မာ့အရေး အမေရိကန်အမျိုးသမီး အထက်လွှတ်တော်များ အဖွဲ့ကနေလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချက်ချင်းနဲ့ ချွင်းချက်မရှိ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တယောက် လွန်ခဲ့တဲ့ ၁၉ နှစ်အတွင်း မွေးနေ့အတော်များများကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကုန်လွန်ခဲ့ရပေမဲ့လဲ ဒေါ်အောင်ဆန်းစုကြည်တယောက် လွတ်မြောက်တဲ့ ဒီမိုကရေစီထွန်းကားတဲ့ မြန်မာနိုင်ငံမှာ မွေးနေ့ ကိုယ်တိုင်ဆင်နွှဲနိုင်မယ့်နေ့ကို သူတို့တတွေ မျှော်လင့်နေတယ် ဆိုတဲ့အကြောင်းကိုလဲ ရေးသားထားပါတယ်။
မြန်မာ့အရေး အမေရိကန်အမျိုးသမီး အထက်လွှတ်တော်များအဖွဲ့မှာ အမျိုးသမီးအမတ်ဦးရေ ၁၇ ဦး ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယာယီလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မက် တိုနာက အခုလို ပြောပါတယ်။
“ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့မွေးနေ့ ဖြစ်ပါစေလို့ ကျနော်တို့ ပထမ ဆုတောင်းပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့လဲ ထပ်ပြီး တောင်းဆိုထားပါတယ်။ အမေရိကန် သံတမန်တွေနဲ့ စစ်အစိုးရခေါင်းဆောင်ပိုင်း နောက်ထပ် ဆွေးနွေးပြောဆိုမယ့် ကိစ္စနဲ့ပတ်သက်လို့ ဘာမှပြောစရာ မရှိပါဘူး။”
တချိန်တည်းမှာလဲ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၆ ယောက်ဖြစ်တဲ့ ဘက်တီ ဝီလီယံ၊ မက်ဒိ မက်ကွိုင်းယား၊ ရီဂိုဘက်တာ မက်ချုးတန်၊ ဂျူဒီ ဝီလီယံ(စ်)၊ ရှီရင် အက်ဘာတီ နဲ့ ဝမ်ဂါတီ မက်ခိုင်း တို့ကလဲ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကို ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ကမ္ဘာတဝှမ်း မြန်မာ့အရေး လှုပ်ရှားသူတွေက ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲနေကြပြီးတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အနစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါလို့လဲ ထပ်လောင်း ပြောဆိုထားကြပါတယ်။