ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ညီလာခံ တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ညီလာခံ တက်ရောက်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အစည်းအဝေး စတင်ကျင်းပနေတဲ့ လာအိုနိုင်ငံ ဗီယမ်ကျန်းမြို့တော် ကို မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာခေါင်းဆောင်တွေ ရောက်ရှိနေကြပြီး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်နေကြပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာစတင်ဖွင့်လှစ်တဲ့ ၂၀၁၆ အာဆီယံညီလာခံ အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံအသီးအသီးကခေါင်းဆောင်တွေကို အာဆီယံရဲ့ အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူနေတဲ့ လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith- က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အမေရိကန်၊ ရုရှား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံက ခေါင်းဆောင်တွေနဲ့မတွေ့ဆုံခင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေသာ ပါဝင်တဲ့ ၁ ရက်တာ ဒေသတွင်းအစည်းအဝေးကို အရင်ဆုံးပြုလုပ်ကြမှာဖြစ်ပါတယ်။

ဒီညီလာခံဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်သမ္မတသစ် Rodrigo Duterte တို့ပထမဦးဆုံးအကြိမ် တက်ရောက်တဲ့ ညီလာခံဖြစ်ပါတယ်။ ညီလာခံအတွင်း အရှေ့တရုတ်ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်မှုပြဿနာ၊ အကြမ်းဖက်မှုဝါဒတိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးသွားကြဖို့ရှိပါတယ်။