ဒေါ်စုကို မဲပေးခွင့်ပေးတာထက် လွှတ်ပေးဖို့ လိုအပ်

ဒေါ်စုကို မဲပေးခွင့်ပေးတာထက် လွှတ်ပေးဖို့ လိုအပ်

မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ရှိသူစာရင်း ဖြည့်စွက်ချက်ထဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းလိုက်တာထက် လွှတ်ပေးဖို့ လိုအပ်နေတာလို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

မဲပေးခွင့်ရှိသူတွေရဲ့ အမည်စာရင်းတွေ တနင်္လာနေ့တုန်းက ထုတ်ပြန်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားခဲ့ပေမဲ့ သောကြာနေ့မှာ ပြန်လည် ထည့်သွင်း ဖော်ပြလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာ့က် တိုနာ က မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်သလို ဖိနှိပ်တဲ့နိုင်ငံရေး အခြေအနေတွေ ရှိနေတာကို အမေရိကန်က စိုးရိမ်မကင်း ဖြစ်နေဆဲပဲလို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေအရ ပြစ်မှုကျခံနေသူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်နဲ့ မဲပေးပိုင်ခွင့် မရှိဘူးလို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပအပြီး နိုဝင်ဘာလ နှောင်းပိုင်းကျမှ နေအိမ်အကျယ်ချုပ် ကျခံနေရတာ သက်တမ်း ကုန်ဆုံးမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ ပြင်ပကိုတော့ ထွက်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိတာလို ကန့်သတ်ချက်တွေ ပြဌာန်းထားတဲ့ ဥပဒေတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီပါတီက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် အဲန်အယ်လ်ဒီ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်ကနေ မကြာသေးခင်ကပဲ တရားဝင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ရွေးကောက်ပွဲဟာ တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြောင်းနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေး စကားပြောဆိုမှုတွေ လုပ်ဆောင်ဖို့ကိုပဲ တိုက်တွန်းနေတဲ့အကြောင်း သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။