NLD ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ် သုံးရပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ် ၃ ရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄ ရက်နေ့ အသံလွှင့်ဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းမှာ ဒီအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ဒေါင်းမာန်ဟုန် ဘလော့စာ မျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို အခွေအတိုင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ ကဲ… ဦးကျော်ဇံသာ ဒီထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်တွေဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တွေ ဟုတ်ပါတယ်နော်။

ဟုတ်ပါတယ်။ ခင်ဖြူထွေးရေ သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘာမှ လုပ်လို့မရပါဘူး။ ဒါအမှန်ပါပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင်လုပ်ဖို့ အတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်၊ နောက်ပြီးတော့ လူထုကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းရမယ်၊ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ အုပ်ချုပ်ရေး အာဏာစက်အောက်က လွတ်မြောက်အောင် လုပ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါဟာ သိပ်အရေးကြီးတဲ့ မူဝါဒဖြစ်ပါတယ်။ အလားတူစွာပဲ ပြည်တွင်းစစ် ရပ်စဲရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေး ဟာလည်း သိပ်ကို အရေးကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသား ပြဿနာ ပြေလည်ရေးလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒီထဲမှာ ဖော်ပြထားတဲ့ကိစ္စတွေက သူတို့ဒါကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ဆောင်ရွက်မယ်လို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒါဟာ တိုင်းရင်းသားတွေလည်း အကြိုက်တွေ့မယ့် လက်ခံနိုင်မယ့် လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒါကို အကောင်ထည်ဖော်ရင် အကောင်းဆုံးပါပဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။“ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ပါမယ်။ ပထမအဆင့် အနေနဲ့ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရပါမယ်။ ဒုတိယ အဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်း ဆောင်ရွက်ရပါမယ်။ တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ စစ်စစ် တည်ထောင်ဖို့ ဘုံဦးတည်ချက် ထားပြီးတော့ ကြိုးပမ်းရပါတယ်။ ကျမတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်ကြီးကို လိုလားတယ်လို့ ကျမ တထစ်ချ ယုံကြည်ပါတယ်။”

ဟုတ်တယ်။ ဦးကျော်ရေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာကလည်း လွှတ်တော်မှာ အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဖြစ်မှာ။ ဘယ်လွယ်ပါ့မလဲနော်။

မှန်ပါတယ် မလွယ်ပါဘူး အခုရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ပြိုင်မှာက လွှတ်တော် ၂ ရပ်ပေါင်းမှာမှ အမတ်နေရာ ၄၀ ကျော်ဆိုတော့ လောလောဆယ်မှာတော့ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သူတို့ လုံး၀ ဥဿုံအနိုင်ရတဲ့အခါမှာမှ ဖြစ်လာနိုင်တဲ့ ကိစ္စလို့ ထင်ရပါတယ်။

နောက်… စီးပွားရေး၊ လူမှုရေး ကိစ္စတွေကိုလည်း ပြောထားသေးတယ်။ အဲဒီအထဲမှာ အထူးခြားဆုံး အချက်က ဘာဖြစ်မလဲ ဆိုတာကိုလဲ ကြည့်ရအောင်ပါရှင့်။

ကျနော် ထင်တာကတော့ ခင်ဖြူထွေး ပထမဦးဆုံး ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်ပါတယ်။ ဗမာစကား အခက်အခဲ ရှိတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ ပညာရေးမှာ လိုအပ်သလို ဆောင်ရွက်ပေးဖို့ တနည်းအားဖြင့် တိုင်းရင်းသား ဘာသာစကားတွေကို ကျောင်းမှာ ပညာရေးမှာ အသုံးပြုဖို့လို့ ယူဆပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ ကိစ္စပါ။ တခြား အခွင့်အရေးပိုင်းမှာတော့ မြန်မာပြည်မှာ အစဉ်သဖြင့် အဖိနှိပ်ခံ လူတန်းစားတွေ ဖြစ်လာခဲ့တဲ့ လယ်သမားတွေနဲ့ ပတ်သက်ပါတယ်။ ဒီအပိုင်းမှာတော့ သူက လယ်ယာပိုင်ဆိုင်ခွင့်တို့၊ လွတ်လပ်စွာ ရောင်းဝယ်ခွင့်တို့ စတာတွေ ဖော်ပြထားတာ တွေ့ရပါတယ်၊ စသဖြင့် ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ “တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့် ရဖို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆန်စပါး အပါအဝင် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ဈေးကွက်စီးပွားရေးနဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့် ရဖို့နဲ့ သင့်တော်တဲ့ဈေးနှုန်းများ ရဖို့ကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း လယ်ယာထွက်ကုန် ပစ္စည်းများ ဈေးတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေ့ရှုတဲ့ လယ်ယာထွက်ကုန် စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ၊ ပြဿနာအရေး ကိစ္စရပ်များကို တောင်သူလယ်သမား အကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ညီညွတ်သော တောင်သူလယ်သမား အဖွဲ့အစည်းများအား ဖွဲ့စည်းခွင့် ပေးသွားရပါမယ်။”

ဒီ ဦးစားပေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်လာဖို့ဆိုတာကတော့ အချိန် အတော်ယူရမှာပါပဲ။

မှန်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ တချို့ဟာတွေကတော့ လောလောဆယ် လုပ်လို့ ဖြစ်နိုင်ပေမဲ့ တချို့ဟာတွေကတော့ လွှတ်တော်မှာ အမတ်ဦးရေ အများစု သာမန် ၅၀% ရတာတင်မကဘူး ၇၅ % ကျော် ရမှဖြစ်မယ့် ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ဒီဟာ မလွယ်ကူဘူး ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဒါတွေက နားထောင်လို့တော့ ကောင်းပါရဲ့။ တကယ်ပဲ အကောင်ထည် ပေါ်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ် ထင်ပါတယ်။ လွယ်လွယ်တော့ ကျမတို့ လိုလား တောင့်တနေတဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ ဝိရိယ စိတ်ဓါတ် ပညာ ဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

မြန်မာ့ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းထဲက တစွန်းတစကို ကြားခဲ့ကြရတာပါ။ ဒီမိန့်ခွန်း အပြည့်စုံကိုတော့ မနက်ဖြန် မတ်လ ၁၄ ရက် မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။