အာဆီယံအရေး တက်ကြွစွာ ဦးဆောင်မှုပေးဖို့ ဒေါ်စုကို စင်္ကာပူဝန်ကြီးချုပ်တိုက်တွန်း

စင်္ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံစဉ် (ဇွန်လ ၇ ရက်) Myanmar State Counsellor Office Facebook

မြန်မာနိုင်ငံကို ဇွန်လ (၇)ရက်နေ့ကနေ (၉)ရက်နေ့ထိ သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့မနေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံကိုယ်စားပြုပြီး နိုင်ငံတကာကိစ္စရပ်တွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်မှုပေးဖို့ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

အခုလို ကမ္ဘာမှာသြဇာရှိတဲ့ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ အာဆီယံ အတွက် အရေးပါကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင်တဦးကလည်း ဗွီအိုအေကိုပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

အင်္ဂါနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းဟာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ထူးခြားချက်အနေနဲ့ စင်္ကာပူဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံကိုယ်စားပြုပြီး နိုင်ငံတကာစာမျက်နှာမှာ ဦးဆောင်မှုပေးရေးကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့ကနေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ပတ်သက်လို့ ဒေါ်စုရဲ့အခန်းကဏ္ဍ အဲဒါကို တက်တက်ကြွကြွနဲ့ ပိုမိုပြီးပါဝင်ပေးဖို့ စင်္ကာပူဝန်ကြီးချုပ်က request လုပ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာက လေးစားရတဲ့ image ရှိတယ်။ ကျနော်တို့ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါ G20 ရှိမယ်၊ Climate Change စသဖြင့်ပေါ့နော် နိုင်ငံတကာစာမျက်နှာတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အာဆီယံက အဖွဲ့အစည်းသေးသေးလေးဖြစ်နေတယ်။ အဲဒီအခါမှာ voice ကအရင်တုန်းက ကောင်းကောင်းကန်းကန်းမရှိခဲ့ဘူး။ အဲဒီတော့ အာဆီယံကို ကိုယ်စားပြုုပြီး ဒေါ်အောင်ဆန်းစုကြည်ကနေ တက်တက်ကြွကြွနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးမှာ ပါဝင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အလှည့်ကျတဲ့ အခန်းကဏ္ဍကနေဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်။”

မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိူးသမီး နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့လိုပဲ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi အပါအဝင် အခြားအာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အပြုသဘောဆောင်ဆက်ဆံရေးမှာ အလွယ်တကူဦးဆောင်နိုင်စွမ်းရှိမှာဖြစ်တယ်လို့ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူတချို့ကလည်း သုံးသပ်ထားပါတယ်။

ကမ္ဘာမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်စာရင်းဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ အာဆီယံအတွက်လည်း အရေးပါကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ Georgetown တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကလည်း ဗွီအိုအေကိုပြောပါတယ်။

“နိုင်ငံတကာကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းမြင့်မားမှုကို အသိအမှတ်ပြုထားတဲ့အချက်ဟာအလွန်အရေးပါပါတယ်။ နိုင်ငံခြားဝန်ကြီးအနေနဲ့လည်း သူ့ရဲ့နိုင်ငံကို အာဆီယံမှာ အရေးပါတဲ့အခန်းကဏ္ဍဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကဆောင်ရွက်ပါလိမ့်မယ်။”

စင်္ကာပူဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲအပြီးမှာလည်း နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာအစိုးရရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ ဒီသဘောတူညီချက်အရ နှစ်နိုင်ငံသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ကစတင်ပြီး မြန်မာ-စင်္ကာပူနှစ်နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ပဲ ရက်ပေါင်း (၃၀) သွားလာနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် အခွင့်အလမ်းတွေပွင့်လင်းလာမှာဖြစ်ပေမဲ့ မြန်မာတွေအနေနဲ့ လည်း စည်းကမ်းဥပဒေကိုလိုက်နာဖို့ အရေးကြီးကြောင်း မြန်မာခရီးသွားလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအောင်ဒင်ကပြောပါတယ်။

“ကျနော်တို့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ပေးပြီးပြီ။ ဒါပေမဲ့ နိုင်ငံသားတွေအနေနဲ့လည်း ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုတာပေါ့နော်။ စည်းကမ်းတကျနဲ့သွားမယ်။ စည်းကမ်းတကျနဲ့ နေမယ်။ စင်္ကာပူဆိုတာသိတဲ့အတိုင်းပဲ။ စည်းကမ်းအလွန်ကောင်းတဲ့တိုင်းပြည်ကို။ ကျနော်တို့က အဲဒီလိုစည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင် ကျနော်တို့နိုင်ငံရဲ့ image ပါထိသွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ဟိုမှာရောက်လို့ အပြစ်အနာအမှုအခင်းကိစ္စတခုခုဖြစ်လို့ အရေးယူခံရမယ်ဆိုရင် ကျနော်တို့ မြန်မာတွေ image ကကျသွားနိုင်တယ်။ ဒါကိုသွားတဲ့ မြန်မာခရီးသည်တိုင်းက သတိထားသင့်တယ်လို့ ကျနော်ယူဆပါတယ်။”

နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ စင်ကာပူလေကြောင်းလိုင်းတွေတိုးချဲ့ပြေးဆွဲရေးအပါအဝင် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ကြောင်း မြန်မာအစိုးရထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

စင်္ကာပူဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အတိုက်အခံပါတီဖြစ်တဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီဥက္ကဌ သမ္မတဟောင်းဦးသိန်းစိန်နဲ့ လွှတ်တော်နှစ်ရပ်လုံးရဲ့ ဥက္ကဌတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

Your browser doesn’t support HTML5

အာဆီယံအရေး တက်ကြွစွာ ဦးဆောင်မှုပေးဖို့ ဒေါ်စုကို စင်္ကာပူဝန်ကြီးချုပ်တိုက်တွန်း