ဒေါ်အောင်ဆန်းစုကြည် EU အကြီးအကဲတွေနဲ့ တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥရောပ ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံ

EU ဥရောပသမဂ္ဂ ဌာနချုပ်ရှိရာ ဘယ်ဂျီယံနိုင်ငံ Brussels မြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ဥရောပကောင်စီ ဥက္ကဌ Donald Tusk နဲ့ တွေ့ဆုံခဲ့ပါတယ်။ EU ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ Federica Mogherini နဲ့လည်း ဥရောပသမဂ္ဂ ရုံးချုပ်မှာ တွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ရှိနေပါတယ်။ ဒီမတိုင်ခင် မနက်ပိုင်းတုန်းကတော့ ဘယ်ဂျီယံနိုင်ငံ ဘုရင် Philippe နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံရေး ပြောင်းလဲမှု နောက်ဆုံးအခြေအနေတွေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖွယ်ရှိပါတယ်။ ဥရောပ သုံးနိုင်ငံ ခရီးစဉ်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဂျီယံနိုင်ငံကို မေလ ၁ ရက်နေ့မှာရောက်ရှိတာဖြစ်ပြီး အဲဒီကတဆင့် အီတလီနဲ့ ဗြိတိန်နိုင်ငံတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ အီတလီနိုင်ငံမှာတော့ အီတလီ အထက်လွှတ်တော်မှာ လုပ်မယ့် အီတလီအမျိုးသမီးများ အဖွဲ့ဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်စုကြည်အနေနဲ့ အဖွင့်မိန့်ခွန်းပြောမယ်လို့သိရပြီး အီတလီနိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ သီးခြားတွေ့ဆုံဖို့ရှိနေပါတယ်။ အီးယူ ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာတော့ မြန်မာနိုင်ငံ ရခိုင်ဒေသအရေးနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂဖက်ရဲ့စိုးရိမ်မှုတွေကို ရှင်းလင်း ပြောဆိုဖွယ်ရှိတယ်လို့လည်း အကဲခတ်တွေက ပြောကြပါတယ်။