ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ပုဂံဘုရားဖူးခရီး ထွက်မည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ပုဂံဘုရားဖူးခရီး ထွက်မည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ် ကိုထိန်လင်းနဲ့အတူ ရှေ့တပတ်ထဲမှာ ပုဂံဘုရားဖူး သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးတဲ့နောက် နှစ်အတန်ကြာ ဖမ်းဆီးခံထားရာကနေ ပြန်လွတ်လာပြီးချိန်မှာ ပထမဆုံး သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်အပေါ် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း သူ့ကို ထောက်ခံသူတွေအကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ဟာ ဇူလိုင်လ ၄ ရက်နေ့ကျရင် လေယာဉ်နဲ့ ၄ ရက်ကြာ ပုဂံကို ဘုရားဖူး သွားရောက်ကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာပြီးတဲ့နောက် ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ NLD ပြောခွင့်ရသူ ဦးဝင်းထိန်က အခုလို ပြောပြပါတယ်။

“နိုင်ငံရေးနဲ့ ပတ်သက်လို့ သွားတာမဟုတ်ဘူး။ သူ့သားကို အချိန်ပေးတာပါ။ နှစ်ပေါင်း ၂၂ နှစ်လုံး လျစ်လျူရှုထားတဲ့ သားကို အချိန်ပေးတဲ့ အနေနဲ့ ပုဂံကို ဘုရားဖူးသွားမယ်။ ၄ ရက်နေ့သွားမယ်၊ ၈ ရက်နေ့ ပြန်လာမယ်။ ကျနော်တို့တော့ မပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ လုံခြုံရေး ကိစ္စတွေ လုပ်တာတော့ ရှိတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်က အထက်မြန်မာပြည် စည်းရုံးရေးခရီး သွားရောက်ချိန် မေလ ၃၀ ရက် ဒီပဲယင်း အနီးမှာ အစိုးရ လိုလားသူတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက နေအိမ်အကျယ်ချုပ် ဘဝနဲ့ ၈ နှစ်ကျော်ကြာ အထိန်းသိမ်းခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလကမှ ပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးနောက် အခုလို ပထမဆုံး သွားရောက်မယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့ ခရီးစဉ်အတွင်း ပြဿနာတခုခု ဖြစ်လာခဲ့ရင် အစိုးရမှာ တာဝန်အပြည့်ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က အခုလို ပြောခဲ့ပါတယ်။

“တကယ်တမ်းကတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်ကို အစိုးရက အပြည့်အ၀ တာဝန်ရှိပါတယ်။ အန်တီကိုယ်တိုင်ကလည်း ပြောပြီးသားပါ။ သူ မည်သူတဦးတယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်စေ၊ သူ တခုခု ထိခိုက်ဒဏ်ရာ အနာတရ၊ သို့မဟုတ် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့တယ်ဆိုရင် သူကတော့ ဒါ အစိုးရမှာပဲ တာဝန်ရှိတယ် ဆိုတာကို အန်တီ ဒေါ်အောင်ဆန်းစုကြည်ကလည်း အတိအလင်း ထုတ်ဖော် ပြောပြီးသားပါ။ ဒါကြောင့် အစိုးရ အနေနဲ့ကတော့ အန်တီ့ရဲ့ ခရီးစဉ်တွေမှာ ဘာပဲဖြစ်ဖြစ် လုံခြုံရေးကို အစိုးရကနေ ထိထိရောက်ရောက် အာမခံချက် ပေးသင့်ပါတယ်။”

ဒါ့အပြင် အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအနှံ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ဗုံးလန့်မှု သတင်းတွေဟာ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် ဒါတွေကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားလိုစိတ် မရှိတာ ပြသနေတယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုတိုးကျော်လှိုင်က ပြောဆိုခဲ့ပါတယ်။