ဒေါ်စုအမှု နိုင်ငံတော် တရားသူကြီးချုပ် ကြားနာ

  • မသင်းသီရိ

ဒေါ်စုအမှု နိုင်ငံတော် တရားသူကြီးချုပ် ကြားနာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့အမှုအတွက် အထူးအယူခံလွှာကို နေပြည်တော်က တရားရုံးချုပ်မှာ ဒီကနေ့ ကြားနာခဲ့ကြပါတယ်။ နေအိမ်အကျယ်ချုပ် ကန့်သတ်ထားမှုကို ဖောက်ဖျက်တယ်ဆိုတဲ စွပ်စွဲချက်တွေဟာ မှားယွင်းနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိူးဆောင် ရှေ့နေတွေက တရားရုံးချုပ်မှာ လျှောက်လဲချက် ပေးခဲ့ကြသလို ဒီလျှောက်လဲချက် ပေးတာတွေကို တရားသူကြီးချုပ် ကိုယ်တိုင် ကြားနာခဲ့ပါတယ်။ ဒီကြားနာပွဲအခြေအနေ သိရအောင် နေပြည်တော်မှာ ရောက်နေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

နေအိမ်အကျယ်ချုပ် ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချထားတဲ့အမှုအတွက် အထူးအယူခံလွှာကို ဒီကနေ့ နေပြည်တော်က တရားရူံးချုပ်မှာ ၃ နာရီ နီးပါးလောက် ကြားနာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နေအိမ်မှာ အတူရှိနေကြတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ အမှုအတွက်လည်း တပါတည်း ကြားနာခဲ့တယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ ၁၀ နာရီ စပါတယ်။ ထိုင်တဲ့တရားသူကြီးကတော့ ဦးအောင်တိုးရယ်၊ ဒုတိယ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ရယ်၊ တရားသူကြီး ဦးကျော်ဝင်း ရယ် ၃ ယောက် ထိုင်ပါတယ်။ တဖက်က ရှေ့နေချုပ် ရုံးက ညွှန်ကြားရေးမှူးတစ်ယောက် လျှောက်လဲချက် ပေးပါတယ်။ ကျနော်တို့ ၁၂ နာရီခွဲ ၁ နာရီလောက် ပြီးပါတယ်။ ကျနော်တို့ အဖြေကတော့ နေပြည်တော်မှာပဲ ကြေညာမှာ။ ရက်တွေဘာတွေတော့ မသိရသေးပါဘူး။”

နေအိမ်ကို ရေကူးဝင်ရောက်လာတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို ခဏတာနားခိုခွင့်ပေးတာဟာ နေအိမ်အကျယ်ချုပ် ကန့်သတ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုကို စတင်စစ်ဆေးခဲ့တာ ဖြစ်ပြီး အပြစ်ရှိတယ်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို မနှစ် သြဂုတ်လတုန်းက ထောင်ဒဏ်၃ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တော့မှ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေရဲ့ အမိန့်နဲ့ ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်ခွဲ လျော့ချခဲ့တာပါ။ တကယ်တော့ အမှုကို စတင်စွဲခဲ့တာတွေဟာ ဥပဒေကြောင်းနဲ့ လွှဲနေတယ်ဆိုတာကို ဒီကနေ့ ရုံးတော်မှာ အဓိက တင်ပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိက ကတော့ တားဆီးမိန့်တွေ၊ ကန့်သတ်မိန့်တွေဟာ တရားမဝင်တဲ့အတွက် ဒီဟာတွေကို ဖောက်ဖျက်တယ် ဆိုပြီး စွပ်စွဲတာဟာ မှားနေတယ်ပေါ့။ အဓိက အဲဒါပဲ။ လာရောက် နားထောင်တာကတော့ ရုံးခန်းအပြည့်တော့ ရှိပါတယ်။ သွားရလာရတာ အခက်အခဲပဲ ရှိပါတယ်။ တရားရုံးမှာ အခက်အခဲ မရှိပါ။”

နေပြည်တော်ကို အမှုကိစ္စအတွက် ရောက်နေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဒီအမှုကို စီရင်ချက် ချလာတယ်နိုင်တယ်လို့ ရှေ့နေတွေက ခန့်မှန်းပါတယ်။ ဒီနေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချထားတဲ့အမူကို အင်းစိန်က မူလတရားရုံးနဲ့ ရန်ကုန်တိုင်း တရားရုံးတို့မှာ အယူခံဝင်ခဲ့ဖူးပေမဲ့ ဒီအယူခံလွှာကို ၂ ကြိမ်စလုံး တရားရုံးတွေက ပယ်ချထားပြီး အခုမှ နေပြည်တော် တရားရုံးချုပ်က လက်ခံကြားနာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ဖမ်းဆီးခဲ့ချိန်နဲ့ အင်းစိန်ထောင်တွင်း ချုပ်ရက်တွေကိုပါ တွက်ကြည့်မယ်ဆိုရင် လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့ဟာ နေအိမ် အကျယ်ချုပ် သတ်မှတ်ထားတဲ့ သက်တမ်း ပြည့်ပြီမို့ လွှတ်ပေးဖို့ကိုလည်း နိုင်ငံတကာက တောင်းဆိုနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင်ပြုလုပ်တဲ့ ညစာစားပွဲ တခုအတွင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွေ ပြီးရင် လွှတ်ပေးမယ်လို့ အာဆီယံ ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။