မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတာဟာ အပြစ်မရှိဘဲ ဖမ်းဆီးထားတာ ဖြစ်တယ်၊ ဥပဒေအရ အကျုံးမဝင်ဘူး ဆိုပြီး တရားရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အထူးအယူခံ တင်ထားတာနဲ့ ပတ်သက်ပြီး ဒီနေ့ စတင် ကြားနာခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကိစ္စ တရားမဝင်ဘူးဆိုပြီး အထူးအယူခံလွှာ တင်ထားတာကို တရားရုံးချုပ် ရန်ကုန်က ပထမအဆင့်အဖြစ် လက်ခံရေး၊ လက်မခံရေး ဒီနေ့ စပြီး ကြားနာမှု လုပ်တဲ့အကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။
“အင်းစိန်မှာ အမှုစစ်ခဲ့တဲ့ ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောင်ဒဏ် ချခဲ့တယ်လေ။ အဲဒီ ထောင်ဒဏ် အမိန့်တွေကို ကျနော်တို့ ပထမဆုံး တိုင်းတရားရုံးမှာ အယူခံတယ်၊ ဒုတိယ ဗဟိုတရားရုံးမှာ ပြင်ဆင်မှု တင်တယ်၊ ကျနော်တို့ မအောင်မြင်ခဲ့ဘူး။ အခု တရားရုံးချုပ်မှာပဲ အထူး အယူခံဝင်ခွင့် ကျနော်တို့ လျှောက်ထားတယ်။ ပထမအဆင့်ကတော့ လက်ခံရေး၊ လက်မခံရေး။
“ပထမအဆင့်ကို ဒီနေ့ စတာပေါ့။ လက်ခံရေး၊ လက်မခံရေးဆိုတဲ့ နှစ်ဘက် လျှောက်လဲချက် ပေးကြပါတယ်။ တပတ်၊ နှစ်ပတ်အတွင်းမှာ တရားရုံးက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ကျနော်တို့တင်တဲ့ အယူခံလွှာကို လက်ခံတယ်၊ လက်မခံဘူးပေါ့။ လက်ခံတယ်ဆိုရင် ဒုတိယအဆင့် ကျနော်တို့ လျှောက်လဲချက် ပေးရပါမယ်။ တရားရုံးက ဒီနေ့ နားထောင်ရုံပဲ နားထောင်ပါတယ်။ ဘာအမိန့်မှ မချဘူး၊ ဘာမှလည်း မပြောပါဘူး။”
တရားလိုနဲ့ တရားခံအကြား အငြင်းပွားနေတဲ့ အဓိက အချက်ကတော့ ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့ အချက်ပါပဲ။
“၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မတွေကို ရည်ညွှန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်တယ်၊ တားဆီးတယ်၊ ဒီလိုလုပ်လာတယ်။ အဲတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကျနော်တို့ပြောတာက မရှိတော့ဘူး၊ သုံးလို့လည်း မရဘူး၊ သေနေတဲ့ ဥပဒေ။ ဒီဥပဒေထဲက ပုဒ်မတွေနဲ့ ကျနော်တို့ကို ကန့်သတ်ထားတာ၊ အဲဒီကန့်သတ်ခြင်းဟာ တရားမဝင်ဘူး။ တရားမဝင်တဲ့အတွက် ဘာပြစ်မှုမှ မရှိတော့ဘူးလို့ ကျနော်တို့က အဓိက အဲဒါ ပြောပါတယ်။”
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တင်ပြတဲ့အချက် ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရဘက်ကတော့ ဒီဥပဒေကို တရားဝင်နေတုန်းပဲဆိုတဲ့ သဘော ပြောနေပါတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“သူတို့ကတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တရားဝင် ပယ်ဖျက်ထားတာ မရှိသေးတဲ့အတွက် သုံးခွင့်ရှိတယ်လို့ ပြောပါတယ်။ ကျနော်တို့ပြောတဲ့ အထဲမှာ ၈၈ ခုနှစ်ကတည်းက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆုံးခန်းတိုင်ခဲ့ပြီ ဆိုတဲ့ဟာကို ဥပဒေရဲ့ နိဒါန်းမှာ ပါတယ်။ ဒီဥစ္စာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ အတည်ပြုထားတဲ့ ကြေညာချက်။ သူတို့က သုံးလို့ရသေးတယ်ဆိုတဲ့ သဘောမျိုးတွေ ပြောနေတယ်။ မရှိတော့တဲ့ ဥပဒေကို ဘယ်သုံးလို့ရတော့မလဲ။ ကျနော်တို့က ဒါကိုပဲ ပြောတာ။”
အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ ကြိုးစားမှုတွေဟာ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးရေး ရှိလာစေဖို့လို့ ဦးဉာဏ်ဝင်းက ဆက်ပြီး ရှင်းပြပါတယ်။
“အခု ကြိုးစားနေတာ ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိဘူးဆိုတဲ့ အချက်ရယ်၊ တရားဥပဒေ စိုးမိုးရေး၊ တရားဥပဒေနဲ့အညီ စစ်ဆေးရေးရယ်၊ ဒီနှစ်ခု၊ ဒါ ပြည်သူလူထု အားလုံးနဲ့ ဆိုင်တယ်။ တရားဥပဒေ စိုးမိုးရေး၊ ဒါကို ကျနော်တို့ ကြိုးစားနေတာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူ့ကို ဝိုင်းပြီး ကူညီပေးနေကြတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ကိုပါ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၂၂/၁၀၉ နဲ့ နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
ဒီနေ့ တရားရုံးကို သွားကြတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေကြီး ဦးကြည်ဝင်းက လျှောက်လဲခဲ့ပြီး ဒေါ်ခင်ခင်ဝင်းတို့အတွက် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က လျှောက်လဲခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်မှာ အကျယ်ချုပ် ချထားတာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူတို့ကို စစ်အစိုးရဘက်က ပြန်လွှတ်ပေးမလား၊ ဆက်ပြီးတော့ ဖမ်းထားမလား ဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြပါတယ်။