ရွေးကောက်ပွဲ တရားမျှတဖို့ ကန် ဝန်ကြီးတိုက်တွန်း

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့အဖွ့ဲ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအား တွေ့ဆုံစဉ်။ (ဓာတ်ပုံ- ညိုအုန်းမြင့်)

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် တရားမျှတမှုရှိဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုလားစောင့်ကြည့်နေသလို မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တတ်အားသရွေ့ ကူညီပံ့ပိုးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာအစိုးရတာဝန်ရှိသူတချို့နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့မှာတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ဆွေးနွေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကူညီပေးနိုင်မယ့် နည်းလမ်းတွေအကြောင်း ပြောဆိုခဲ့တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က VOA ကို အခုလိုပြောပါတယ်။

“သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ကတော့ အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးပေါ့နော်။ နောက်တခါ အစိုးရပိုင်းကနေပြီးတော့ ဆောင်ရွက်ပေးနေတဲ့အပိုင်းပေါ်မှာ ရွေးကောက်ပွဲကိစ္စလိုဟာမျိုးတွေကို ဆွေးနွေးသွားပါတယ်။ နောက်တခါ သူတို့ရဲ့- ကျနော်တို့ အစိုးရနဲ့ဆက်သွယ်တဲ့ ဆက်သွယ်တဲ့ကိစ္စမျိုးတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာတွေ ဝိုင်းကူလုပ်ပေးရမလဲပေါ့နော်။ တဘက်မှာလည်း ဝါရှင်တန်မှာရှိနေတဲ့ …. လူနဲ့က ရွေးကောက်ပွဲအတွက်ကို တရားမျှမျှတတဖြစ်ဖို့ ပိုပြီးတော့ မျှော်လင့်တယ်။ အဲလိုတော့ ပြောသွားပါတယ်ခင်ဗျ။”

ဝန်ကြီးဦးစိုးသိန်းကလည်း အမေရိကန်အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပွင့်လင်း မြင်သာမှုရှိပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားဖို့ ပြောခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

“ဦးစိုးသိန်းအနေနဲ့ကလည်း ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့၊ စနစ်မှန်ဖို့၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေအရလက်ခံဖို့ဆိုပြီးတော့ အမေရိကန်မှာ အခြေစိုက်တဲ့ International Republican Institute တို့၊ ကာတာစင်တာတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ သူတို့နဲ့ MOU လက်မှတ် ထိုးထားတဲ့အတွက် ရွေးကောက်ပွဲတွေမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးနိုင်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးမှာ၊ အဓိကကျတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် အစိုးရဘက်ကနေ ဆောင်ရွက်သွားမယ့်အကြောင်း အပြန်အလှန်ဆွေးနွေးကြတာကို တွေ့ရပါတယ်ခင်ဗျ။”

လက်ထောက်ဝန်ကြီး Daniel Russel ဟာ အမေရိကန်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မြန်မာဌာနေ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ လက်ထောက်ဝန်ကြီးရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ညနေပိုင်းမှာတော့ လက်ထောက်ဝန်ကြီးက အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုအစီအစဉ် အဖွဲ့ဝင် မြန်မာလူငယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တွေရဲ့ အမြင်တွေကို ဆွေးနွေးခဲ့ကြပါတယ်။