အမေရိကန် စစ်သင်္ဘောနှစ်စင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့ မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ သွားရောက်ပြီးကတည်းက ဒါဟာ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အမေရိကန် အမှတ် (၇) ရေတပ်က စစ်သင်္ဘောတွေ ဖြစ်ကြတဲ့ USS Antietam နဲ့ USS Chancellorsville တို့က ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်နေကျအတိုင်း ဖြတ်သွားကြတာ ဖြစ်ပါတယ်လို့ အမေရိကန်ရေတပ်က ဆိုပါတယ်။ နိုင်ငံတကာရေပြင်ကနေ ဖြတ်သွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ တရုတ်နဲ့ ထိုင်ဝမ် ကမ်းခြေအကြားက ထိုင်ဝမ်ရေလက်ကြားဟာ ၁၆၀ ကီလိုမီတာ ကျယ်ဝန်းပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌက ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးတဲ့အခါ တရုတ်ဟာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေအပြင် တာဝေးပစ် ဒုံးကျည်တွေကိုပါ အသုံးပြုပြီး ထိုင်ဝမ် ရေလက်ကြားနဲ့ ကမ်းခြေ တလျှောက်မှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို သူ့အချုပ်အခြာပိုင် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ ထိုင်ဝမ်က သီးခြားနိုင်ငံအဖြစ် ခွဲထွက်ကြေညာမှာကို သည်းမခံကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။
အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားပေမဲ့ ထိုင်ဝမ်နဲ့ အလွတ်သဘော ဆက်ဆံရေးကိုလည်း တည်ဆောက်ထားတာပါ။ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်မှာ နေထိုင်သူတွေကသာ ဆုံးဖြတ်ရမယ်လို့ အမေရိကန်က ပြောပါတယ်။
=== Unicode ====