လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်ချက်များ

မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးအတွက် ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်တွေစဖို့ ကုလလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေပြီး ဒီချိုးဖောက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်ပွင့်လင်း တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲစရာမလိုဘဲ တညီတညွတ်တည်း အတည်ပြုလိုက်တာပါ။ ဇူလိုင်လ (၇)ရက်နေ့က ဆုံးဖြတ်ခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်အပေါ် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တုန့်ပြန်ချက် သဘောထားအမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဇူလိုင်လ (၇) ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအရေး မဲခွဲစရာမလိုဘဲ၊ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။ အဓိက ဆုံးဖြတ်ချက်တွေကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ စတင်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းလိုက်တာနဲ့ မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လုပ်နေပြီး ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်က တင်သွင်းတဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စောင့်ကြည့်လေ့လာခွင့်ပေးဖို့ တောင်းဆိုတာပါ။ အခုလို မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမပါဘဲ တဖက်သတ်ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုလုပ်နိုင်ရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း တောင်းဆိုချက်အပေါ် မြန်မာရိုဟင်ဂျာများအဖွဲ့ ( UK) ရဲ့ ဥက္ကဋ္ဌ - လက်ရှိ မြန်မာစစ်တပ်ကို အာဂျင်တီးနားတရားစွဲဆိုမှု ဦးဆောင်သူ ဦးထွန်းခင်က အခုလိုသုံးသပ်ပါတယ်။

“လူ့အခွင့်အရေးကောင်စီရဲ့ ဒီလိုဆုံးဖြတ်ချက်ချတဲ့အပေါ် ကြိုဆိုတယ်။ ဒါက တကယ့်ကို မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အဓိကအချက်ပေါ့နော်။ ဒီစစ်အာဏာသိမ်းကောင်စီက ရိုဟင်ဂျာအပါအဝင် လူနည်းစုအားလုံးကို ရက်စက်မှုပေါင်းစုံနဲ့ အခုနေ့စဉ်နဲ့အမျှ နိုင်ငံသားနိုင်ငံသားတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အဲ့ဒီ့လို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပေးဖို့ အရေးတကြီးလိုအပ်တယ်။ ဒီဘက်မှာ ကျနော်တို့က EU, US, UK စတဲ့ နိုင်ငံတွေကို လော်ဘီလုပ်ဖို့ ကြိုးစားနေပါတယ်။ အဓိက ဒီနိုင်ငံတွေဘက်ကလည်း Support လုပ်ဖို့ အများကြီးလိုအပ်တယ်။ ဒီအဖြစ်တွေကို စစ်အာဏာသိမ်း ကောင်စီကတော့ အကုန်လုံးကို ငြင်းပယ်မှာပဲလေ သူတို့က ရာဇဝတ်မှုကျူးလွန်တာတွေကို အရင်ကလည်း ငြင်းပယ်တာပဲလေ။ အခုလည်း ငြင်းမှာပဲ ဒါပေမဲ့ ဒါကို ရိုဟင်ဂျာအပါအဝင် လူနည်းစု Activistsတွေ နောက် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ အားလုံးပေါင်းပြီး Unified Voice ဆိုတဲ့ တသံတည်းထွက်ပြီး တွန်းအားပေးဖို့ ကျနော်တို့တွေ လုပ်နေပါတယ်။ ဒီရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်အုပ်စုကို ဖမ်းဝရမ်းတွေ ထုတ်ပြီး အင်တာပိုလ်ကနေတဆင့် ဖမ်းဝရမ်းတွေထုတ် ဖမ်းဖို့ အစီအစဉ်တွေတော့ရှိတယ်။ အထူးသဖြင့် UN Security Council ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ICC ကို Refer လုပ်ဖို့လည်း လိုအပ်တယ်။ အခုက ရိုဟင်ဂျာနဲ့ပတ်သက်လို့ ICC မှာလည်း အမှုရှိနေတယ် ICJ မှာလည်း လူမျိုးတုန်းသတ်ဖြတ်တဲ့အမှုပေါ့။ သူတို့ အမှုတွေတော်တော်များများ ရင်ဆိုင်နေရတယ် ဒီလို Universal Jurisdiction လို့ခေါ်တဲ့ ဒီလိုအမှုတွေကို တခြားနိုင်ငံတွေမှာလည်းဖွင့်ဖို့ လိုအပ်တယ်။ အဲ့လိုဖွင့်မှ သူတို့ နိုင်ငံတကာမှာ သွားဖို့လာဖို့ ပိုပိုပြီး ပိတ်ပင်သွားမယ် သူတို့ ဘယ်သွားသွား ဖမ်းနိုင်တဲ့အနေအထားမျိုး ကျနော်တို့ လုပ်နိုင်ဖို့ လိုအပ်တယ် အဲ့တာကို လုပ်နိုင်ဖို့ကိုလည်း ကျနော်တို့ မျှော်လင့်တယ်။"

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက တရားဝင်သတ်မှတ်မှုခံရလောက်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ခံခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်နေရတာက ငါးနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ သူတို့နေရပ်ပြန်ရေးက မျှော်လင့်ချက်မဲ့နေချိန် အခုလို သူတို့နေရပ်ပြန်ရေးအစီအစဉ်တွေ ပြန်စပါလို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် တိုက်တွန်းတောင်းဆိုချက်အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ မနေချင်တော့ဘူး ရိုဟင်ဂျာတွေ နေရပ်အမြန်ဆုံးပြန်လိုပါပြီ နေရပ်ပြန်ရေးအစီအစဉ်တွေကို စနစ်တကျ စတင်ပါတော့လို့ တောင်းဆိုလာသူကတော့-ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်ထဲက ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင် ဖြစ်ပါတယ်။

“ကျနော်တို့ ပြန်ဖို့ အဆင်သင့်ရှိပါတယ်။ အဆင့်သင့်ဆိုတာ ကျနော်တို့ ရောက်ကတည်းကစ နောက်နေ့ကတည်းကကို ပြန်ဖို့အဆင်သင့်ရှိတာပါ။ ဒါပေမဲ့ ကျနော်တို့ကိုခေါ်မယ့်သူ မရှိဘူး ဖြစ်နေတယ်။ ကျနော်တို့အတွက် တာဝန်ယူမယ့်သူ မရှိဘူး ဖြစ်နေတယ်။ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို လူဦးရေ (၈) သိန်းကျော် စာရင်းဇယားကို ငါးနှစ်မှာ စိစစ်လုပ်ဆောင်ပေးတာ ကျနော်တို့ မတွေ့ဘူး။ အနည်းဆုံးတော့ ကျနော်တို့ကို ခေါ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အဲ့ဒီ့လူဦးရေ စာရင်းကို စိစစ်ရမှာ ဒီအချိန်က။ အခုက ဒီလူဦးရေစာရင်းကိုတောင် စိစစ်မပြီးနိုင်ဘူးဆိုရင် ကျနော်တို့ကို သူတို့ တကယ်တမ်း ခေါ်မလား။ မခေါ်ဘူးလားဆိုတာကို ကျနော်တို့ သံသယဖြစ်နေတယ်။ လောလောဆယ် ကျနော်တို့ ယုံကြည်လို့ မရဘူး။ ကျနော်တို့က ပြန်ချင်တယ် ကျနော်တို့ကို တာဝန်ယူပြီးခေါ်မယ့်သူမရှိဘူးဖြစ်နေတာ။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ ကျနော်တို့တွေက အဆင်သင့်ရှိတယ် ကျနော်တို့ကို အမြန်ဆုံးခေါ်ပါလို့ ကျနော်တို့ရဲ့ဆန္ဒအတိုင်း တောင်းဆိုပြီးပြီ။ ဒါပေမဲ့ အခုအချိန်အထိ ကျနော်တို့ကို နေရပ်ပြန်ရေးကိစ္စ စတင်ဖို့လုပ်တာ တာဝန်ယူဖို့လုပ်တာ ဘယ်မှာမှ မတွေ့ဘူး။ ကျနော်တို့နဲ့ တွေ့ဆုံတာလည်း မရှိဘူး။ ဘာမှ ညှိနှှိုင်းတာလည်း မရှိဘူး အခုအချိန်အထိ။ ကျနော်တို့တွေနဲ့မှ ညှိနှှိုင်းမှု မရှိဘူးဆိုရင် ကျနော်တို့က ဘယ်လိုလုပ်ပြီး ပြန်လို့ရမှာတုန်း။ သူတို့ညှိနှိုင်းမယ်ဆိုရင် ကျနော်တို့က အခုပြန်ဆို အခုပြန်မှာပါ။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၁၀) မှာ ခိုလှုံနေထိုင်သူ ဦးစောမြင့်ကလည်း နေရပ်ကို အမြန်ဆုံးပြန်ချင်ကြပြီး နေရပ်ပြန်ရောက်ချိန် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်လို နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ လိုလားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ဘက်က သဘောထားက ရှင်းရှင်းလေးပါ။ ဘာမှလည်း အထူးအထွေ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေ နေရပ်ကို အဆောတလျင် ပြန်ချင်တယ်။ လူတိုင်းပြန်ချင်တယ်။ ဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေကြတဲ့သူတိုင်း ပြန်ချင်တယ်။ ရိုဟင်ဂျာဒုက္ခသည်တိုင်း တယောက်မကျန် ပြန်ချင်တယ်။ မြန်မာနိုင်ငံအစိုးရဘက်က ကျနော်တို့အတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးဖို့ လိုလိမ့်မယ်ထင်တယ်။ နံပတ်တစ်အချက်ကတော့ ဒီ IDP ဒုက္ခသည်စခန်းမှာ နေလာရတာ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ဒီလူတွေ နေရပ်ရင်းပြန်ဖို့ ကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးရပါလိမ့်မယ်။ နံပတ်နှစ်အချက်ကတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲကို ရောက်နေကြတဲ့သူတွေရဲ့ အခြေခံလူ့အခွင့်အရေး Basic Rights လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာပညာသင်ကြားခွင့်၊ နောက် နေရပ်ရင်းကိုပြန်ကြတဲ့အခါ လူ့အခွင့်အရေးနဲ့အညီ အခြေခံမူ အချက်တွေတွေ မူတည်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နိုင်ငံတကာအသိုက်အဝိုင်းက ခိုင်မာတဲ့အာမခံချက်ပေးမယ်ဆိုရင် ကျနော်တို့ အားလုံး တယောက်မကျန် မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ကြမယ့်သူတွေပါ။”

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ရင်ရော ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခိုင်မာတဲ့ လုံခြုံမှုပေးနိုင်ပါ့မလားဆိုတာကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေကတော့ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ပြန်ပြီးတော့ စိစစ်လက်ခံနိုင်ရေး ကုလအပါအဝင် မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံကြား ညှိနှှိုင်း ဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) က ဇူလိုင် ၂၂ ရက်နေ့ မှာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်ရှင်။

==== Unicode ====











