ဂျပန်ဝန်ကြီးချုပ်ကို သမ္မတ Biden ဖုန်းဆက် ဝမ်းနည်းစကားပြော

U.S. President Biden pays tribute to Japan's former Prime Minister Shinzo Abe during visit to the Japan ambassador's residence in Washington

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတ Joe Biden က စိတ်မကောင်းကြောင်း ဒီနေ့ စနေနေ့မှာ ဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောကြားပါတယ်။

Mr. Abe ဟာ အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် ဆောင်ရွက်ခဲ့တဲ့ ထူးခြားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ သမ္မတ Biden က ဖုန်းထဲမှာ ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Kishida က ပြောပြခဲ့ပါတယ်။ ဂျပန်မှာ အကြမ်းဖက်မှုကို အလျှော့ပေးမှာမဟုတ်ဘဲ ဒီမိုကရေစီစနစ်ကို ကာကွယ်သွားမယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သောကြာနေ့က Nara မြို့က မဲဆွယ်စည်းရုံးပွဲတခုမှာ မိန့်ခွန်းပြောနေစဉ် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Abe ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ Tokyo မြို့တော်ကို ပြန်လည်သယ်ယူခဲ့ပါတယ်။ ကမ္ဘာမှာ လက်နက်ကိုင်ဆောင်ခွင့် အတင်းကြပ်ဆုံး ဂျပန်နိုင်ငံမှာ အခုလို ဝန်ကြီးချုပ်ဟောင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့အပေါ် ပြည်သူတွေ အတော်လေးတုန်လှုပ်နေကြပါတယ်။

အသက် (၄၁) နှစ်အရွယ် သေနတ်သမားဟာ အိမ်လုပ် (၁၅) လက်မလောက် ရှည်လျားတဲ့ သေနတ် (၁) လက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲကပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Abe ဟာ အဖွဲ့အစည်းတခုနဲ့ ပါတ်သက်နေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် သေနတ်သမားက ဝန်ကြီးချုပ်ကို သတ်ဖြတ်ဖို့ အကွက်ချစီစဉ်ခဲ့တယ်လို့ ဝန်ခံကြောင်း စုံစမ်းစစ်ဆေးသူတွေပြောပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်သလဲဆိုတာကိုတော့ ရဲက ပြောကြားခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တယောက်ဖြစ်ခဲ့တဲ့ Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတကာက ဝမ်းနည်းစကားတွေ ပြောကြားနေကြပါတယ်။

===Unicode ====



