တရုတ်နဲ့ ဂျပန်တို့မှာ အင်အားပြင်း Hinnamnor တိုင်ဖုန်း တိုက်ခတ်နေ

Asia Typhoon

တရုတ်နဲ့ ဂျပန်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း Hinnamnor ကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကူးတို့လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ဂျပန်နိုင်ငံမှာလည်း စာသင်ကျောင်းတွေပိတ်၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ အခုနှစ်အတွက် အင်အားအပြင်းထန်ဆုံး ဒီမုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းနဲ့ ကိုရီးယားနိုင်ငံတွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ သောင်းချထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အများပြည်သူတွေ အန္တရာယ်ရှိတဲ့နေရာတွေ မသွားနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်းက စီးပွားရေးမြို့တော်တခုဖြစ်တဲ့ Wenzhou မှာလည်း စာသင်ကျောင်းတွေကို ပိတ်ထားပါတယ်။

မုန်တိုင်း Hinnamnor ဟာ လေတိုက်နှုန်း တနာရီ (၁၇၅) ကီလိုမီတာနှုန်းနဲ့ အရှေ့တရုတ်ပင်လယ်ဘက်ကို ဦးတည် တိုက်ခတ်နေတယ်လို့ ဟောင်ကောင်အခြေစိုက် စောင့်ကြည့် လေ့လာရေးဌာနက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းမှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အိုကီနာဝါကျွန်းမှာ မုန်တိုင်းဒဏ်ကြောင့် သစ်ပင်တွေ ယိမ်းထိုးနေတာနဲ့ မိုးစက်ကြီးတွေ လမ်းဘေးပလက်ဖောင်းပေါ်ကို ကျနေတဲ့ရုပ်ပုံတွေ NHK သတင်းမှာ ပြသနေပါတယ်။

ဒီမုန်တိုင်းဟာ ကိုရီးယားကျွန်းဆွယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ကျွန်းမှာတော့ မုန်တိုင်းကြောင့် ခရိုင် ၃ ခုက ဒေသခံ ၆၀၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

=== Unicode ====





