အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က လူနည်းစု ဆစ်ခ် (Sikh) ဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို စစ်သွေးကြွတွေက ဒီနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့တာကြောင့် နှစ်ယောက်ထက်မနည်း သေဆုံးပြီး၊ (၇) ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးတဲ့သူ (၂) ယောက်မှာ (၁) ယောက်က Sikh လူမျိုးတဦး ဖြစ်ပြီးတော့ ၊ နောက်တယောက်ကတော့ တာလီဘန်လုံခြုံရေးအဖွဲ့ဝင် ဖြစ်တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Abdul Nafi Takor က သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားအုပ်စုဟာ Kart-e-Parwan အရပ်က ဘုရားကျောင်းထဲ အဝင်ဝမှာရှိတဲ့ လုံခြုံရေးတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်ပြီးတော့ အဲဒီဘုရားကျောင်းထဲကို ဝင်သွားတာဖြစ်တယ်လို့ Takor က ပြောပါတယ်။
အဲဒီနောက် တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘုရားကျောင်းဝင်းကို အမြန်ဝိုင်းလိုက်ပြီးတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြတာမှာ စစ်သွေးကြွတွေ အကုန်လုံံးသေဆုံးသွားခဲ့ပါတယ်။ အဲဒီနေရာကနေ မီးခိုလုံးကြီးတွေ ထွက်လာတာကို ဒေသတွင်း ရုပ်သံလိုင်းတွေက ပြသခဲ့ပါတယ်။
စစ်သွေးကြွတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ကားကို လူစည်ကားတဲ့နေရာကို မောင်းပြီး ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့်၊ သူတို့ ပစ်မှတ်ထားတဲ့နေရာကို မရောက်ခင်မှာ ပေါက်ကွဲသွားခဲ့တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန်မှာ ဘုရားကျောင်းအတွင်း လူ (၃၀) လောက် ရှိတယ်လို့ ဘုရားကျောင်းတာဝန်ရှိသူ Gornam Singh က ပြောပါတယ်။
အခုချိန်ထိတော့ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
=== Unicode ====