မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်လို့ ယာယီမိုးကာတဲနဲ့ နေထိုင်ရတဲ့ ရှမ်း-ကယားဘက်က စစ်ရှောင်အများစု အခက်အခဲဖြစ်နေပါတယ်။ ရာသီဥတုဆိုးဝါးလာလို့ စစ်ပြေးဒုက္ခသည်တွေဟာ မလုံမခြုံ အခက်အခဲဖြစ်တဲ့ အခြေအနေ သတင်းပေးပို့ထားတာကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။
မိုခါ မုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် အတော်များများမှာ နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။စစ်ပြေးဒုက္ခသည်များတဲ့ ရှမ်း-ကယားဘက် တချို့နေရာမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်တဲ့ဒဏ်ကို ခံစားနေရပါတယ်။ ယာယီ မိုးကာတဲထိုးပြီး နေထိုင်ရတဲ့သူတွေဟာ လေပြင်းတိုက်လို့ မိုးကာတဲ အမိုးလန်တာ၊ ရေစိုတာတွေနဲ့ မလုံမခြုံဖြစ်နေတယ်လို့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ခြမ်း စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
“ဟို…မုန်တိုင်းအရှိန်ကြောင့်တော့ မနေ့ည တညလုံးနီးပါးပေါ့ လေပြင်းလေတိုက်တယ်၊ မိုးရွာတာပေါ့။ camps ထဲမှာ တချို့မိုးကာတဲနဲ့ နေတဲ့လူအတွက်ကတော့ တချို့ကတော့ အမိုးတွေလှန်တာရှိတယ်၊ မိုးတွေ ယိုတာရှိတာပေါ့။ မိုးကာတွေကလည်း တချို့က ဆွေးနေတာတွေ ဘာတွေ ရှိခါကျတော့ အခက်အခဲရှိတာပေါ့နော်။ ဒီဘက်ကျတော့ အထောက်အပံ့တွေ ရနိုင်တဲ့နေရာနဲ့ အလှမ်းဝေးတဲ့ အခြေအနေမျိုးကျတော့ အခုလည်း အလှူရှင်တွေကလည်း မရောက်တာလည်းကြာပြီ။ အခု မိုးကာတွေသာမက စားဝတ်နေရေး ဆန်ရိက္ခာတွေ အများကြီးအခက်အခဲရှိတယ်။”
ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ပြေးဒုက္ခသည် ၆,၀၀၀ ထက်မနည်း နီးစပ်ရာဆွေမျိုးအိမ်နဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ ခိုလှုံလျက်ရှိပါတယ်။ ဒုက္ခတွေဟာ ယာယီမိုးကာတဲထိုးပြီး နေထိုင်လာတာကြာလို့ အမိုးအကာတွေ ဆွေးတာ ပျက်တာတွေနဲ့ ကြုံနေရလို့ အမိုးအကာအပြင် စားရေးသောက်ရေး အကူအညီလည်း လိုအပ်နေကြတာလို့ ဆိုပါတယ်။
အလားတူ ဒီးမော့ဆိုမြို့နယ်က တောတောင်ထဲမှာ ဖြစ်သလို ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်လည်း အများအပြားရှိနေပါတယ်။ အခုလို မိုးကြီးလေကြီးနဲ့ ကြုံရလို့ တောထဲမှာ အခက်အခဲအများကြီးဖြစ်နေတဲ့အကြောင်း တောတွင်းစစ်ဘေးရှောင်တဦီးကို ကိုကိုးပြီး ကျေးရွာနေ စစ်ဘေးရှောင်တဦးက ခုလို ပြောပြပါတယ်။
“ဟိုနေ့…သူငယ်ချင်းတယောက်ရောက်လာသေးတယ်၊ အိပ်ဖို့နေရာတောင်မှမရှိဘူးတဲ့။ သူအဲ့လိုမျိုးပြောတယ်။ နေ့ရော ညရောမိုးလည်းရွာမယ်ဆို သူတို့အတွက်တော့ အဆင်မပြေလောက်ဘူးနဲ့ တူတယ်။ ဘာလို့လဲဆို မိုးတအားရွာနေတာ၊ မိုးကာနဲ့ဆို မိုးကာက တချို့လူက မိုးကာ တထည်ပဲရှိတဲ့ဟာဆိုတော့ ပိုပြီးဆိုးတာပေ့ါ။”
စစ်ရေးပြင်းထန်တဲ့ နေရာတွေမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲဖြစ်နေတာမို့ အကူအညီရဖို့ ခဲယဥ်းတယ်လို့ စစ်ရှောင်နဲ့ စစ်ရှောင်ကူညီသူတွေက ပြောဆိုပါတယ်။
ရှမ်းပြည်တောင် မိုးဗြဲစစ်ရှောင်တဦးကတော့ စစ်ပြေးဒုက္ခသည်နေထိုင်တဲ့ မိုးကာတဲမှာ မိုးစိုပြီး အခက်အခဲဖြစ်နေတယ်လို့ ခုလို ပြောပါတယ်။
“ကိုယ် ကိုယ်တိုင်က စစ်ရှောင်ခါကျတော့ တဲတွေလည်း မလုံမခြုံဖြစ်တယ်လေ၊ မိုးလည်းရွာ လေလည်းပြင်းတော့ အဲ့မိုးကာအောက်မှာ နေရဆို မိုးကာလန်လိုက်၊ ညသန်းခေါင်းယံ မိုးတအားရွာခါကျတော့လေ သူတို့မှာ မလုံဘူး။ မိုးလည်းမလုံခါကျတော့ စောင်တွေအကုန်လုံး လုံးထားပြီးမှ မိုးကာနဲ့ တဲနဲ့ ထပ်အုပ်ရတယ်လေ။ မခြုံရဲပေါ့နော် အဲ့တိုင်းနေတယ်ရှင်။ လယ်ကွင်း လယ်ကွက်(လယ်ကွင်းပြင်မှာ တဲထိုးနေရတယ်)အဲ့မျိုးပဲ နေရတယ်၊ ကိုယ့်ဟာကိုယ်နဲ့ ဖြစ်သလိုပဲ နေကြတာ အဲ့မှာ (စစ်ရှောင်)အများကြီးရှိတယ်၊ တဲထဲမှာ လယ်ကွင်းထဲမှာ အများကြီးရှိတယ်။”
ပြီးခဲ့တဲ့လ မိုးဦးကျချိန်တုန်းကလည်း လေပြင်းတိုက်ခတ်လို့ မိုးဗြဲ-ဖယ်ခုံမြို့နယ်က လယ်ထွန်းကျေးရွာမှာ နေအိမ် ၃၀ ကျော်လောက် အမိုးလှန်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ရေးပဋိပက္ခအပြင် ရာသီဥတုဒဏ်ပါ ခံစားနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအဖို့ အကူအညီရရှိရေးမှာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေပြောပါတယ်။
Your browser doesn’t support HTML5