မြန်မာ နဲ့ မူးယစ်ဆေးဝါး ပြဿနာ

Opium

Your browser doesn’t support HTML5

မြန်မာနဲ့ မူးယစ်ဆေးပြဿနာ

မြန်မာ့မူးယစ်ဆေး တိုက်ဖျက်ရေး အစီအစဉ်ကို အမေရိကန်အစိုးရက ဆက်လက်ကူညီမှာဖြစ်ကြောင်း လွန်ခဲ့တဲ့လ (၂၃) ရက်နေ့က နေပြည်တော်မှာ ကြေညာချက် ထုတ်ပါတယ်။ မြန်မာအစိုးရရဲချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ အမေရိကန်သံအမတ်က ကူညီဖို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့စာနယ်ဇင်းတွေမှာ မူးယစ်ဆေး ဖမ်းဆီးတဲ့သတင်းကို အများဆုံး တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့ဟာ ကုလသမဂ္ဂ မူးယစ်ဆေး တိုက်ဖျက်ရေးနေ့ဖြစ်တဲ့အတွက် မြန်မာနဲ့ထိုင်းမှာ မူးယစ်ဆေး ဖျက်ဆီးတဲ့ပြပွဲတွေ ကျင်းပပါတယ်။ ရှမ်းလက်နက်ကိုင်ကလည်း မူးယစ်ဆေး မီးရှို့တဲ့ အခမ်းအနားလုပ်ပါတယ်။

မူးယစ်ဆေး အများအပြား ဖမ်းဆီးနိုင်တာကို တိုက်ဖျက်ရေး အောင်မြင်တဲ့အနေနဲ့ မြန်မာနဲ့ထိုင်းအစိုးရက ယူဆပုံရပါတယ်။ ဒါပေမဲ့ ဖမ်းဆီးရမိတဲ့ ပမာဏဟာ အလွန်နည်းသေးတယ်လို့ မူးယစ်ဆေးဝန်ထမ်းတွေက ဆိုပါတယ်။ မြန်မာနဲ့ထိုင်းမှာ ထုတ်လုပ်တဲ့ မူးယစ်ဆေးကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ အခြားအရှေ့တောင်အာရှဒေသကို တင်ပို့နေကြောင်း သိရပါတယ်။ သင်္ကန်းဝတ်နဲ့ စစ်ဗိုလ်အပါအဝင် မူးယစ်ဆေး မှောင်ခိုမှုနဲ့ အပြစ်ပေးခံရသူ (၁၃၅၀၀) ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ မနှစ်ကထက်စာရင် မူးယစ်ဆေး ပြစ်မှုပေါင်း (၅၀) ရာခိုင်နှုန်း တိုးပွားလာတာ တွေ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လွန်ခဲ့တဲ့ မတ်လထုတ် “နိုင်ငံတကာ မူးယစ်ဆေး ချုပ်ကိုင်ရေး မဟာဗျူဟာ” အတွဲ (၁) မှာလည်း ဗမာပြည်ကို စိတ်ကြွဆေး အများဆုံး ထုတ်လုပ်ရာဒေသအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ဘိန်းဈေးကွက်ရဲ့ (၂၀) ရာခိုင်နှုန်းဟာ မြန်မာပြည်ကထွက်တာ ဖြစ်ပါတယ်။ အရှေ့ပိုင်းနယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တွေ ကြီးစိုးရာဒေသမှာ စိတ်ကြွဆေး အများဆုံး ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်အဖွဲ့တွေထဲမှာ (၉၀) ရာခိုင်နှုန်းဟာ မူးယစ်ဆေးနဲ့ မကင်းနိုင်ဘူးလို့ ရဲမှူးကြီးဟောင်း ဦးခမ်းအောင် က DVB သတင်းဌာနနဲ့ တွေ့ဆုံစဉ် ဇွန်လက ပြောသွားပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ မူးယစ်ဆေးကိစ္စပါ ထည့်သွင်းသင့်တယ်လို့ အကြံပေးထားပါတယ်။ မူးယစ်ဆေး ထုတ်လုပ်မှု တိုးပွားလာတာကို ဖမ်းဆီးရမိတာတွေက သက်သေပြပါတယ်။

တောင်ယာလုပ်စားသူတွေ ဝမ်းစာမလောက်တဲ့အခါမှာ သုံး-လေးလနဲ့ ဝင်ငွေပိုရနိုင်တဲ့ ဘိန်းကို စိုက်ပျိုးကြပါတယ်။ ထွက်တဲ့ဘိန်းကို ကုန်သည်တွေက အိမ်တိုင်ယာရောက် လာဝယ်တာမို့ အိမ်မှာသိမ်းထားလို့ရတဲ့ ကုန်ပစ္စည်း ဖြစ်ပါတယ်။ တချို့ဆိုရင် ဘိန်းမထွက်မီကတည်းက ငွေကြိုပေးထားပြီး ထွက်သမျှကို ဝယ်တာမျိုးလည်း ရှိတယ်လို့ ရဲမှူးကြီးဟောင်း ဦးခမ်းအောင်က ပြောပါတယ်။ ဘိန်းစိုက်လို့ ချမ်းသာလာတာ မရှိဘဲ၊ ဘိန်းဝယ်ယူပြီး ဘိန်းဖြူချက်သူတွေကသာ ချမ်းသာကြတယ်လို့ ဆိုပါတယ်။ တောင်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် ဘိန်းစိုက်ပျိုးမှု နည်းပါးနိုင်စရာ အလားအလာ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လို့ ဆယ်စုနှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးရေးကို နိုင်ငံခြားအကူအညီနဲ့ ကြိုးပမ်းတာ အနှစ် (၃၀) ကျော်မှ လက်ရှိ အခြေအနေ ရောက်လာပါတယ်။

လွန်ခဲ့တဲ့နှစ် မတ်လကုန်မှာ NLD အစိုးရ တက်လာပြီးတဲ့နောက် မူးယစ်ဆေးဝါး အဖမ်းအဆီးတွေ များလာတာကို တွေ့နိုင်ပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေ တိုးချဲ့လာတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဆိုင်ရာ မူခင်းတွေကို ကိုင်တွယ်ရာမှာ ဥပဒေနဲ့အဖွဲ့အစည်း အားနည်းနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ အစိုးရအဆက်ဆက်ဟာ တိုက်ဖျက်ရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်နေပေမယ့် မူးယစ်ဆေးပြဿနာဟာ ပိုပြီးတော့ ဆိုးဝါးလာကြောင်း ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် မနှစ်က ပြောသွားပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနရဲ့ အင်အားကို မတိုးချဲ့နိုင်တာဟာလည်း အားနည်းချက်တခု ဖြစ်ပါတယ်။ လူအင်အား (၃၀) ရာခိုင်နှုန်း လိုအပ်နေတဲ့ ဌာနဖြစ်တဲ့အတွက် မနိုင်တဲ့ဝန်ကို ထမ်းနေရသလို ဖြစ်နေပုံရပါတယ်။

မူးယစ်ဆေးသုံးစွဲသူဦးရေ တိုးပွားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စိတ်ကြွဆေးနဲ့ ဘိန်းဖြူကို အရည်ဖျော်ပြီး အပ်နဲ့ထိုးသွင်းတဲ့ ဓလေ့ ခေတ်စားလာတာမို့ ဘိန်းရှုတဲ့ဓလေ့ ခေတ်ကုန်သွားပြီလို့ ဆိုပါတယ်။ မူးယစ်ဆေးကို အပ်နဲ့ထိုးသွင်းသူတွေများလေလေ HIV ခေါ် ခုခံစွမ်းအားကျရောဂါ စွဲကပ်သူတွေများလေလေ ဖြစ်နေပါတယ်။ မူးယစ်ဆေးသုံးစွဲသူ နှစ်သိန်းနီးပါး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပေမယ့် အရပ်သားအသင်းအဖွဲ့နဲ့ ကုလသမဂ္ဂကတော့ သုံးသိန်းနဲ့ လေးသိန်းအကြား ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဆေးစွဲမှုကုသရေးဌာနပေါင်း (၇၃) ခု ရှိပါတယ်။ ရန်ကုန် အမေရိကန်သံရုံးကလည်း မြန်မာအစိုးရ မူးယစ်ဆေး တိုက်ဖျက်ရေး အစီအစဉ်တွေမှာ အကူအညီပေးနေပါတယ်။ မြန်မာ့ရဲတပ်ဖွဲ့ကိုလည်း မူးယစ်ဆေး နှိမ်နှင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ကူညီနေပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးမှာ သုံးနိုင်တဲ့ အစိုးရစွမ်းရည်မှာ အကန့်အသတ်ရှိနေပြီး တိုင်းရင်းသား ချုပ်ကိုင်ရာဒေသမှာ မူးယစ်ဆေးအထွက်များနေတဲ့အတွက် ထိရောက်မှု မရှိသလို ဖြစ်နေပါတယ်။ ဒီကနေ့အထိတော့ မူးယစ်ဆေးမှာ ပါဝင်နေတဲ့ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို အစိုးရအာဏာပိုင်က အရေးယူနိုင်စွမ်း မရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန မူးယစ်ဆေးအစီရင်ခံစာ အတွဲ (၁) မှာ ဖော်ပြထားပါတယ်။