ရခိုင်ပြဿနာ အစီရင်ခံစာများ

Your browser doesn’t support HTML5

ရခိုင်ပြဿနာ အစီရင်ခံစာများ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ (၆၃) စာမျက်နှာ အစီရင်ခံစာဟာ မျှမျှတတရှိပြီး လက်တွေ့ကျတဲ့ အကြံပြုချက်ဖြစ်တာမို့ ရခိုင်ပြဿနာ ဖြေရှင်းရာမှာ အများကြီး အကျိုးရှိမယ်လို့ Australia ဝန်ကြီးချုပ်ဟောင်း Kevin Rudd က မကြာမီက ရေးသားပါတယ်။ ရှစ်လေးလုံးမျိုးဆက်တွေကလည်း အာနန်ကော်မရှင် နဲ့ ရခိုင်အစီရင်ခံစာကို ထောက်ခံကြိုဆိုပါတယ်။ ရခိုင်ပြဿနာအကြောင်း ၂၀၁၃ ကစပြီး အစီရင်ခံစာတွေ ထုတ်လာတာမို့ အခုဆိုရင် အစိုးရအစီရင်ခံစာ (၃) ခု ရှိသွားပါပြီ။ ဒီအထဲမှာ အာနန်အစီရင်ခံစာဟာ သြဇာအရှိန်အဝါ အကြီးဆုံး ဖြစ်ပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံမှုကြောင့် လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ ကိုဖီအာနန်က ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဖွဲ့စည်းပါတယ်။ မြန်မာပညာရှင် (၆) ဦးနဲ့ နိုင်ငံခြားပညာရှင် (၃) ဦး ပါဝင်တဲ့ အမျိုးသားအဖွဲ့အစည်း ဖြစ်ပါတယ်။ ကိုဖီအာနန် ဥက္ကဋ္ဌ ဖြစ်ပေမယ့် NLD အစိုးရဖွဲ့စည်းတဲ့ အမျိုးသားကော်မရှင် ဖြစ်ပါတယ်။ ကော်မရှင်ဖွဲ့ပြီး တစ်လကျော်ကြာတဲ့အခါ မြန်မာနယ်စပ်ကင်းစခန်းအချို့ကို မွတ်စလင်လက်နက်ကိုင်တစုက တိုက်ခိုက်ပါတယ်။ မြန်မာဘက်က တုံ့ပြန်တဲ့အခါမှာ မွတ်စလင် အများအပြား ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံလို့ အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။

တနှစ်ကြာတော့ လွန်ခဲ့တဲလမှာ ကိုဖီအာနန်က အကြံပေးအစီရင်ခံစာကို တင်ပြပြီးတဲ့အခါ နာရီပိုင်းအတွင်း သြဂုတ်လမှာ မွတ်စလင်လက်နက်ကိုင်တစု ဝင်ရောက်တိုက်ခိုက်ပြန်ပါတယ်။ အစိုးရတပ်က တုံ့ပြန်တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းတဲ့အခါမှာ ရခိုင်မွတ်စလင် အများအပြား ဘင်္ဂလားဒေ့ရှ်မှာ ဝင်ရောက်ခိုလှုံကြပြန်တဲ့အတွက် NLD အစိုးရဟာ ဝိုင်းဝန်းဝေဖန်တာ ခံရပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်ပဋိပက္ခကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၂ မှာ ဖွဲ့စည်းတဲ့ (၂၅) ဦး ကော်မတီကလည်း ၂၀၁၃ မှာ (၇၅) စာမျက်နှာပါရှိတဲ့ အစီရင်ခံစာ ထုတ်ပြန်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ ဘာသာရေး အဓိကရုဏ်း ဆက်လက်ဖြစ်ပွားတဲ့အတွက် (၂၅) ဦး အစီရင်ခံစာကနေ အာရုံပြောင်းသွားကြပုံ ရပါတယ်။ (၂၅) ဦး အစီရင်ခံစာဟာလည်း တနှစ်စုံစမ်းလေ့လာပြီး ရေးသားတဲ့စာတမ်း ဖြစ်ပါတယ်။

မြန်မာဘက်က တုံ့ပြန်ပြီး နယ်မြေရှင်းလင်းရေး လုပ်တာကို ကုလလူ့အခွင့်အရေးရုံးက ဝေဖန်တဲ့အခါ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကို ၂၀၁၆ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ဖွဲ့စည်းပြီး ရက် (၆၀) အတွင်း အစီရင်ခံစာ ထုတ်ပြန်ဖို့ တာဝန်ပေးပါတယ်။ ဒီအတောအတွင်း ကုလသမဂ္ဂ ဒုက္ခသည်ရုံးက အမှုထမ်း (၄) ဦးဟာ (၁၆) ရက် ကွင်းဆင်လေ့လာပြီး ရုတ်ချည်းအစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဦးမြင့်ဆွေရဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး (၁၃) ဦး ကော်မရှင်ရဲ့ အစီရင်ခံစာဟာ (၆) လ နောက်ကျပြီး လွန်ခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့ကမှ ထုတ်ပြန်နိုင်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ရေးသားဖော်ပြချက်တွေကို ငြင်းဆိုထားတဲ့ အစီရင်ခံစာ ဖြစ်တဲ့အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းလောကမှာ အတော်လေး ဝေဖန်ရှုတ်ချခံရတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ မတ်လမှာ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး မစ်ရှင် စေလွှတ်ဖို့ ဆုံးဖြတ်ပါတယ်။ ဒီကိစ္စကို NLD အစိုးရက လက်မခံပါဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးကောင်စီဟာ လက်လှမ်းမီသလောက် မေးမြန်းပြီး ရှေ့နှစ်မတ်လမှာ အစီရင်ခံစာထုတ်ဖို့ ရည်ရွယ်ပါတယ်။ အဲဒီအခါမှာ မြန်မာအစိုးရနဲ့ ထိပ်တိုက်တွေ့ပြီး အငြင်းပွားစရာ ဖြစ်လာနိုင်ပါတယ်။ ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မပတ်သက်ဘဲ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးကိုသာ ဦးစားပေးထားပါတယ်။ ကော်မရှင်ဖွဲ့စည်းပြီး (၇) လအကြာ မတ်လ (၁၆) ရက်နေ့မှာ အာနန်ကော်မရှင်က ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အာနန်ကော်မရှင်ဟာ ဆန့်ကျင်မှုမျိုးစုံနဲ့ ကြုံခဲ့ရပါတယ်။

အာနန်ကော်မရှင် ဖွဲ့စည်းစဉ်က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်တဲ့အဆို တင်သွင်းခဲ့ပေမယ့် အရေးနိမ့်သွားပါတယ်။ ကန့်ကွက်တဲ့အဆိုကို ရခိုင်အမျိုးသားပါတီ၊ ကြံ့ဖွံ့ပါတီ နဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ထောက်ခံကြပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ကန့်ကွက်တဲ့အဆို အောင်မြင်သွားပါတယ်။ ဒါကြောင့် မတ်လမှာ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတဲ့ (၁၁) ဦး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ အာနန်ကော်မရှင် ဖွဲ့စည်းတာကို ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်တဲ့အတွက် လုပ်ရကိုင်ရ ခက်ခဲသွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုဖီအာနန်ရဲ့ (၉) ဦး ကော်မရှင် အစီရင်ခံစာနဲ့ ဒုသမ္မတဦးမြင့်ဆွေရဲ့ (၁၃) ဦး ကော်မရှင် အစီရင်ခံစာ နှစ်ခုစလုံးမှာပါတဲ့ ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကော်မတီဝင်တွေ စုပေါင်းပြီး (၁၅) ဦး ကော်မတီကို မကြာမီက ဖွဲ့စည်းကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အစိုးရသက်တမ်း တနှစ်ကျော်မှာ အရင်အစိုးရအဆက်ဆက်က မလုပ်နိုင်ခဲ့တာတွေကို လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်တွင်းပြည်ပမှာ အမျိုးမျိုးကန့်ကွက်နေတဲ့ကြားက အစီရင်ခံစာ ထုတ်ပြန်နိုင်တဲ့အဆင့် ရောက်လာပါတယ်။ ဒါပေမဲ့ အစီရင်ခံစာအဆင့်က လက်တွေ့အဆင့်ရောက်ဖို့ကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။