Your browser doesn’t support HTML5
တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် ပူးပေါင်းလုပ်ကိုင်ကြဖို့ ပုဂ္ဂလိကဘဏ် (၂၂) ခုရဲ့ ဥက္ကဋ္ဌတွေကို ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ (၁၅) ရက်နေ့မှာ နေပြည်တော်မှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ မြန်မာ့ငွေရေးကြေးရေးကဏ္ဍဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဖြစ်နေပါတယ်။ နိုင်ငံခြားဘဏ်တွေကို ဝင်ခွင့်ပြုလိုက်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်းမှာ ပါဝင်လာပေမယ့် မြန်မာ့ငွေကြေးကဏ္ဍ နိုင်ငံတကာအဆင့်မီဖို့ အများကြီး လိုပါသေးတယ်။ မြန်မာပြည်မှာ ဘဏ်လုပ်ငန်းစခဲ့တာ အနှစ် (၈၀) လောက် ရှိပါပြီ။ ဒါပေမဲ့ ခေတ်မမီနိုင်ဘဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံသားတဦးရဲ့ နှစ်စဉ်အသားတင် ထုတ်လုပ်မှုဟာ အမေရိကန်ဒေါ်လာ (၁၂၀၀) ရှိပြီး၊ လာအိုနိုင်ငံသားက (၁၈၀၀)၊ အင်ဒိုနီးရှားနိုင်ငံသား (၃၃၀၀)၊ ထိုင်းနိုင်ငံသား (၅၈၀၀) ဖိုး ထုတ်လုပ်ကြပါတယ်။ ဘဏ္ဍာရေးမှာ ဘဏ်လုပ်ငန်းဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ GIZ ဂျာမန်အဖွဲ့ရဲ့ တွက်ကိန်းအရ နိုင်ငံသားတဦးရဲ့ တနှစ်တာ ဘဏ်အပ်နံှငွေဟာ (၃) ဒေါ်လာသာရှိပြီး၊ ဘဏ်ချေးငွေဟာ (၁) ဒေါ်လာခွဲသာ ရှိပါတယ်။ မြန်မာ့ဘဏ္ဍာရေးဟာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း တဖြည်းဖြည်း တိုးတက်လာပေမယ့် အရှေ့တောင်အာရှမှာတော့ အောက်ဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။
လွန်ခဲ့တဲ့ အနှစ်တရာကျော် ကိုလိုနီခေတ်က မြန်မာပြည်မှာ ဘဏ်လုပ်ငန်း စတင်တာ ဖြစ်ပေမယ့် မဆလစစ်အစိုးရခေတ်မှာ ပုဂ္ဂလိကဘဏ် (၁၀) ခုနဲ့ နိုင်ငံခြားဘဏ် (၁၄) ခုတို့ နိုင်ငံတော်ပိုင် လုပ်ခံရပါတယ်။ မဆလခေတ် ပျက်သုဉ်းလို့ စစ်အစိုးရ ပြန်တက်ပြီး၊ ဈေးကွက်စီးပွားရေး လုပ်တဲ့အခါ ၁၉၉၂ မှာ ပုဂ္ဂလိကဘဏ် ပြန်လည်ပေါ်ထွက်လာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဗဟိုဘဏ်ဟာ လုပ်ပိုင်ခွင့် ပိုမိုရှိလာပြီး၊ လွတ်လပ်စွာ သီးခြားရပ်တည်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာပါတယ်။ ဦးသိန်းစိန်လက်ထက် ၂၀၁၆ မှာ စာမျက်နှာ (၈၉) မျက်နှာရှိတဲ့ “ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ” ကို ပြဌာန်းနိုင်တာဟာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်အကူအညီနဲ့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်လို့ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီတယ်လို့ GIZ ဂျာမန်အဖွဲ့က မှတ်ချက်ချထားပါတယ်။
ပြည်တွင်းဘဏ် (၃၀) နဲ့ နိုင်ငံခြားဘဏ် (၉) ခုမှာရှိတဲ့ စုစုပေါင်း ငွေပမာဏဟာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၅၅) ရာခိုင်နှုန်း ရှိတယ်လို့ GIZ ဂျာမန်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လစာရင်းအရ မြန်မာပြည်မှာ ဘဏ်ခွဲပေါင်း နှစ်ထောင်နီးပါးရှိကြောင်း သိရပါတယ်။ လူတသိန်းမှာ ဘဏ် (၄) ခုလောက်ရှိတဲ့ သဘောပါ။ ရန်ကုန်လူဦးရေ (၇) သန်းကျော်မှာ ဘဏ်ခွဲ (၄၇၀) ရှိပြီး၊ လူဦးရေ တသန်းကျော်ရှိတဲ့ နေပြည်တော်မှာ (၆၉) ခု ရှိတာမို့ အချိုးအစားအရ အရေအတွက်ချင်း အတူတူ ဖြစ်နေပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းကို ကြီးစိုးတဲ့ ခရိုနီကုမ္ပဏီတွေထဲမှာ အကြီးဆုံးက ကမ္ဘောဇ၊ ဧရာဝတီ နဲ့ သမဝါယမ (CB) ဘဏ်တွေ ဖြစ်ကြပါတယ်။ ဒီအထဲမှာ ကမ္ဘောဇဘဏ် အကြီးဆုံးဖြစ်ပြီး၊ မကြာမီကပဲ အမေရိကန်ဘဏ်ပါရဂူ Mike Denoma ကို အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
အာဏာအရှိဆုံး ဗိုလ်ချုပ်မှူးကြီးတွေနဲ့ ရင်းနှီးသူ ခရိုနီ ဦးအောင်ကိုဝင်း တည်ထောင်ထားတဲ့ ကမ္ဘောဇဘဏ်ဟာ အချမ်းသာဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာပြီး၊ တပြည်လုံးမှာ ဘဏ်ခွဲ ငါးရာကျော် ရှိပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေ မြန်မာပြည်ကို ငွေပြန်ပို့နိုင်အောင်လည်း ကမ္ဘောဇဘဏ်က စီစဉ်ထားပါတယ်။ ခရိုနီ ဦးဇော်ဇော် တည်ထောင်တဲ့ ဧရာဝတီဘဏ်ကတော့ ဘဏ်ခွဲပေါင်း နှစ်ရာလောက်နဲ့ ဒုတိယအကြီးဆုံး ဖြစ်ပါတယ်။ CB ဘဏ်လို့ လူသိများတဲ့ သမဝါယမဘဏ်ဟာ တတိယအကြီးဆုံး ဖြစ်ပါတယ်။ သမာဝါယမဘဏ် လိမိတက် Cooperative Bank Limited ကို ၁၉၉၂ မှာ ပုဂ္ဂလိကဘဏ်အဖြစ် တည်ထောင်ခဲ့ပြီး ၂၀၀၄ မှာ အများပိုင်ကုမ္ပဏီ Private Company အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကုမ္ပဏီကြီးသုံးခုဟာ ဘဏ်လုပ်ငန်းကဏ္ဍရဲ့ (၆၀) ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ကြောင်း သိရပါတယ်။
ဒီဘဏ်ကြီး (၃) ခုအပြင် မြဝတီဘဏ်၊ MAB မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ရိုးမဘဏ်စတဲ့ ခရိုနီဘဏ်တွေကိုလည်း အရေးပါတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းအဖြစ် ရိုလင်ဘာဂါ (Roland Berger) ကုမ္ပဏီ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကျန်တဲ့ဘဏ်တွေမှာ မတည်ငွေရင်း မလုံလောက်တဲ့ ပြဿနာ ရှိပါတယ်။ ၂၀၁၆ မတ်လကုန်စာရင်းအရ မတည်ငွေရင်း ဒေါ်လာ (၇၅) သန်းကျော်တဲ့ဘဏ်က (၅) ခု ရှိပြီး၊ သန်းတရာကျော်တာက (၂) ခုသာ ရှိကြောင်း သိရပါတယ်။ ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေက သတ်မှတ်ထားတဲ့ မတည်ငွေရင်း ဒေါ်လာ (၁၆) သန်းတောင် မရှိတဲ့ ဘဏ်လုပ်ငန်းက (၆) ခု ရှိနေပါတယ်။
မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍဟာ ပြုပြင်ပြောင်းလဲရမယ့်အချိန် ရောက်နေပါပြီ။ လွန်ခဲ့တဲ့ (၅) နှစ်မှာ ခရိုနီတွေ ခေါင်းဆောင်တဲ့ ဘဏ်လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာပါတယ်။ ခေတ်မီနည်းစနစ်ကိုလည်း ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ခေတ်နောက်ကျနေတုန်းဖြစ်လို့ ခရိုနီတွေ ကြီးစိုးတဲ့ဘဏ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာမှ တိုင်းပြည်စီးပွားရေးလည်း တိုးတက်လာမယ်လို့ ရိုလင်ဘာဂါ အစီရင်ခံစာက ဆိုပါတယ်။ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ သူတို့ကို အကာအကွယ်ပေးမယ့် စည်းမျဉ်းတွေကို ထိုင်စောင့်နေမယ့်အစား ကိုယ်ထူကိုယ်ထ ကြိုးစားကြဖို့ ရိုလင်ဘာဂါ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။