သယံဇာတ စစ်ဆင်ရေး

Your browser doesn’t support HTML5

သယံဇာတ စစ်ဆင်ရေး

ကချင်ပြည်နယ် တနိုင်းဒေသ၊ ပယင်းနဲ့ ရွှေထွက်တဲ့နေရာတွေမှာ ဒီနှစ်အစောပိုင်းက အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပါတယ်။ အစိုးရတပ်က လေယာဉ်နဲ့ ဗုံးကျဲတဲ့အထိ အင်အားသုံးလာပါတယ်။ ဒီလို တိုက်ပွဲတွေပြင်းထန်နေတုန်း တရုတ်က ကြားဝင်ဖြေရှင်းတာကြောင့် ယူနန်ပြည်နယ် ဒါလီမြို့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က တွေ့ဆုံဆွေးနွေးကြကြောင်း သိရှိရပါတယ်။

အဲဒီနောက် တိုက်ပွဲတွေ ခဏရပ်ဆိုင်းသွားပြီး မတ်လနဲ့ ဧပြီလမှာ ပြန်လည်ပြင်းထန်လာပြန်ပါတယ်။ ပယင်းနဲ့ ရွှေထွက်ရာဒေသက ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရက ဦးတည်တိုက်ခိုက်တယ်လို့ ကချင်ဘက်က ဆိုပါတယ်။ ဒါလီအစည်းအဝေးမှာ တနိုင်းနဲ့ မန်စီဒေသက ကချင်တပ်ဖွဲ့တွေကို ဖယ်ရှားပေးဖို့ မြန်မာတပ်က တောင်းဆိုတယ်လို့ ကချင်ဗိုလ်မှူးကြီးနော်ဘူကပြောကြောင်း ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ ပယင်းမှော်နဲ့ ရွှေမှော်ရှိရာ တနိုင်ဒေသကို ချုပ်ကိုင်ထားတဲ့ ကချင်တပ်ရင်း (၁၄) ခုကို ရုတ်သိမ်းပေးဖို့ အစိုးရက တောင်းဆိုတယ်လို့ ဆိုပါတယ်။

ပယင်း၊ ရွှေ၊ ကျောက်စိမ်းစတဲ့ ကျောက်မျက်သယံဇာတတွေကို ရောင်းဝယ်တာဟာ ကချင်တပ်ဖွဲ့ တဦးတည်းလုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ အစိုးရတပ်နဲ့ ပြည်နယ်အစိုးရမပါရင် မလုပ်နိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူးက ဆိုပါတယ်။ ရှေ့တန်းရောက် အစိုးရတပ်က တပ်ရင်းမှူး၊ ဗျူဟာမှူး စတဲ့ ထိပ်တန်းအရာရှိတွေနဲ့ နားလည်မှုမရဘဲ၊ ကချင်တဦးတည်း လုပ်နိုင်တဲ့ လုပ်ငန်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ဝေစုခွဲတာနဲ့ ပတ်သက်ပြီး အစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့ အငြင်းပွားတဲ့အတွက် တနိုင်းက ကျောက်မျက်တွင်းတွေကို တရားမဝင်တော့ဘူးလို့ အစိုးရတပ်ဘက်က စွပ်စွဲလာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတိုင်းဟာ မြန်မာ-ယူနန် စီးပွားရေးလမ်းကြောင်း ဖြစ်နေတာမို့ ချုပ်ကိုင်နိုင်အောင် အစိုးရတပ်က အင်အားတိုးချဲ့ပြီး ထိုးစစ်နေတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

မြန်မာ-ယူနန် ကားလမ်းတွေ ပိုမိုကောင်းမွန်လာအောင် တရုတ်အကူအညီနဲ့ အဆင့်မြင့်ဖို့ မြန်မာဘက်က စီစဉ်နေပုံရပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ ယူနန်နဲ့ တိုက်ရိုက်ကုန်သွယ်တဲ့နေရာတွေဖြစ်လို့ တည်ငြိမ်အေးချမ်းဖို့ တရုတ်အတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် တရုတ်အထူးသံတမန်က ကြားဝင်စေ့စပ်ပြီး ဒါလီမြို့မှာ မြန်မာ-ကချင် တွေ့ဆုံပွဲ ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆက်ပြီးတွေ့ဆုံဆွေးနွေးဖို့သာ သဘောတူနိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲနဲ့ တိုက်ပွဲဆက်စပ်မှု ကင်းမဲ့နေပါတယ်။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးမှ ကချင်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်လို့ မြန်မာစစ်တပ်ဘက်က ပြောပါတယ်။ စစ်အစိုးရခေတ်မှာ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပေမယ့် ၂၀၁၁ နောက်ပိုင်းမှာ အစိုးရနဲ့စစ်တပ် တသီးတခြား ဖြစ်လာတာမို့ ဆွေးနွေးရတာ ခက်ခဲ့လာတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ကတည်းက အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားတဲ့ KNU ကရင်အဖွဲ့ရဲ့ ဖာပွန်နယ်မြေမှာ အစိုးရတပ်က လမ်းဖောက်တဲ့အတွက် မတ်လမှာ ကရင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ကြပါတယ်။ ကရင်တပ်မဟာ (၅) ထိန်းချုပ်တဲ့နေရာကို ကားလမ်းဖောက်ပြီး တဖြည်းဖြည်းသိမ်းပိုက်ဖို့ အစိုးရတပ်ဘက်က ရည်ရွယ်ပုံရပါတယ်။ ထိတွေ့ပစ်ခတ်မှုတွေကြောင့် ခေးပူကျေးရွာအုပ်စုက ရွာသား နှစ်ထောင်ကျော် ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ အပစ်အခတ်ရပ်စဲဖို့ သဘောတူတဲ့အခါမှာ နှစ်ဘက်စစ်တပ်တွေ သွားလာလှုပ်ရှားနိုင်တဲ့လမ်းကြောင်းကို သတ်မှတ်ရပါတယ်။ ဒါပေမဲ့ ဖာပွန်ခရိုင်မှာတော့ ဒီသတ်မှတ်ချက်ကိုကျော်လွန်ပြီး KNU နယ်မြေထဲမှာ အစိုးရတပ်က ဝင်ရောက်တာလို့ ကရင်ဘက်က ပြောဆိုပါတယ်။ အပစ်အခတ်ရပ်စဲတုန်း အပေါ်စီးရအောင် အစိုးရတပ်က စစ်ဆင်တာလို့ ဆိုပါတယ်။

ရခိုင်မြောက်ပိုင်း ပြဿနာနဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ ဥရောပနိုင်ငံများအဖွဲ့က မြန်မာစစ်ခေါင်းဆောင်ပိုင်းကို အရေးယူဖို့ ပြောဆိုနေကြပြီး မြန်မာစစ်တပ်ကို ဦးတည်တိုက်ခိုက်ဖို့ အမေရိကန်မှာ ဆွေးနွေးနေကြပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ စစ်ဦးချုပ် မင်းအောင်လှိုင်ကို ဆင်ဖြူတော်သူရဲကောင်းဘွဲ့ (ပထမအဆင့်) ကို မကြာမီက ချီမြှင့်လိုက်ပါတယ်။ အိန္ဒိယစစ်တပ်ကလည်း မြန်မာတပ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာစစ်ဗိုလ်တွေကို စစ်ရေးလေ့ကျင့်ပေးဖို့ သဘောတူထားပါတယ်။ တရုတ်ကတော့ ကချင်ပြည်နယ်စစ်ပွဲမှာ မြန်မာတပ်နဲ့ ကချင်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးအောင် ကြားဝင်စေ့စပ်တဲ့အထိ မြန်မာ့ပြည်တွင်းရေးမှာ ထဲထဲဝင်ဝင် ဖြစ်နေပါပြီ။

ဂျပန်အစိုးရဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပါတယ်။ ရုရှားကလည်း မြန်မာစစ်တပ် လုပ်ရပ်ကို ဆက်လက်ထောက်ခံပြီး စစ်လက်နက် ရောင်းချနေပါတယ်။ ဒါကြောင့် အင်္ဂလိပ်နဲ့ ဥရောပက စစ်ရေးအဆက်အသွယ် ဖြတ်ရုံနဲ့ အခြေအနေ ပြောင်းသွားမှာ မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ပါတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ သမ္မတသစ်ဦးဝင်းမြင့် ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ စစ်ပြိုင်အစိုးရလို ဖြစ်နေတဲ့ အစိုးရနဲ့ စစ်တပ်တို့ရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံကို ယုံကြည်မှု သိပ်ရှိပုံမရကြောင်း တင်ပြလိုက်ရပါတယ်။