Your browser doesn’t support HTML5
မြန်မာအစိုးရရဲ့ ဘဏ္ဍာငွေမှာ နိုင်ငံပိုင်လုပ်ငန်းကရတဲ့ငွေက တဝက်လောက် ပါဝင်ပါတယ်။ စီးပွားရေးကဏ္ဍအများအပြားမှာ နိုင်ငံပိုင်လုပ်ငန်းရှိနေပြီး လုပ်ပိုင်ခွင့်တွေများပြားတာမို့ တိုင်းပြည်စီးပွားရေးမှာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်လုပ်ငန်းအများအပြားရဲ့ လုပ်ပိုင်ခွင့်နဲ့ ရည်ရွယ်ချက်ဟာ ရှင်းလင်းပြတ်သားမှုမရှိဘဲ၊ လုပ်ပုံကိုင်ပုံဟာလည်း နိုင်ငံတကာမှာသုံးတဲ့ စံနှုန်းထက် နိမ့်ကျနေတယ်လို့ ဆိုပါတယ်။ Natural Resource Governance Institute နဲ့ Renaissance Institute က ပညာရှင်တွေဖြစ်တဲ့ Andrew Bauer, Arkar Hein, Khin Saw Htay, Matthew Hamilton နဲ့ Paul Shortell တို့ ရေးသားပြုစုပြီး မကြာမီကထုတ်ပြန်တဲ့ နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး စာတမ်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံပိုင်လုပ်ငန်းကို ကော်ပိုရေးရှင်း (သို့မဟုတ်) ပုဂ္ဂလိကပိုင်လုပ်ဖို့ စစ်အစိုးရခေတ် ၁၉၉၀ ပြည့်နှစ်တွေကတည်းက ရည်ရွယ်ခဲ့ပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပေးခဲ့ပါတယ်။ အရှုံးပေါ်တဲ့ နိုင်ငံပိုင်လုပ်ငန်းအများအပြားကို ပုဂ္ဂလိကပိုင် လုပ်လိုက်တဲ့အတွက် အစိုးရအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး လျော့ကျသွားပါတယ်။ အမြတ်ရတာရှိသလို၊ အရှုံးပေါ်တာလည်း ရှိပါတယ်။ ကုန်ကျစရိတ်များပြီး ကောင်းစွာမလည်ပတ်နိုင်လို့ ထုတ်လုပ်မှုနဲ့ ဝင်ငွေတိုးတက်မှုဘက်မှာ အားနည်းနေတာလည်းပါပါတယ်။
ဥပမာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းဟာ အကျိုးတူကမ်းလွန် လုပ်ကွက်တွေကို (၁၅) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ နှစ်စဉ်ရောင်းချတဲ့ ဓါတ်ငွေ့အားလုံးအတွက် အခွန်အကောက်တွေ ပေးဆောင်နေရလို့ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းရဲ့ ကုန်ကျစရိတ်ဟာ ပေးသင့်ပေးထိုက်တာထက် ပိုများနေပါတယ်။ အကျိုးတူလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအတွက်ပါ မြန်မာက အခွန်ဆောင်နေတဲ့သဘောပါ။ ဓါတ်ငွေ့ပိုက်လိုင်းအစုစပ်လုပ်ငန်းမှာလည်း ဒီပုံစံအတိုင်းပါ။ ၂၀၁၂ မတိုင်မီက နိုင်ငံပိုင်လုပ်ငန်းတွေဟာ သူတို့ရတဲ့ အမြတ်ငွေအားလုံး စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနကို ပေးသွင်းရမှာ ဖြစ်ပေမယ့် အပြည့်အဝပေးသွင်းတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ နိုင်ငံပိုင်လုပ်ငန်းက များများရပြီး နည်းနည်းပေးတာကို စစ်အစိုးရခေတ်က လက်ခံတဲ့သဘော ဖြစ်ပါတယ်။
စစ်အစိုးရခေတ်က ကြီးကြပ်မှုအားနည်းတာကြောင့် နိုင်ငံပိုင်လုပ်ငန်းတွေ ပေးသွင်းရတဲ့ အခွန်ငွေဟာ အလွန်နည်းနေတယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ရေးလုပ်ပြီး မိမိဘာသာ ရပ်တည်ရေးကို ရည်ရွယ်တော့ ပြဿနာ ဖြစ်လာပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေဟာ သူတို့ရဲ့အမြတ်ငွေ (၄၅) ရာခိုင်နှုန်းကိုသာ အစိုးရဘဏ္ဍာငွေစာရင်းထဲ ထည့်သွင်းပြီး (၅၅) ရာခိုင်နှုန်းကို အခြားစာရင်းများ Other Accounts (သို့မဟုတ်) ကိုယ်ပိုင်ရန်ပုံငွေအနေနဲ့ သိမ်းဆည်းထားပြီး လိုသလို ထုတ်ယူသုံးစွဲကြပါတယ်။ ၂၀၁၇ ဇန်နဝါရီလအထိ အခြားစာရင်း (ခေါ်) ကိုယ်ပိုင်ရန်ပုံငွေမှာ ကျပ်ငွေဘီလျံ (၄၀၀၀) သာ ရှိတာမို့ အခြားစာရင်း (ခေါ်) ကိုယ်ပိုင်ရန်ပုံငွေဟာ အစိုးရအသုံးစရိတ်လိုငွေထက် သုံးဆပိုများနေတာကို တွေ့ရပါတယ်။
အမြတ်ငွေအများဆုံး သိမ်းဆည်းထားတဲ့ နိုင်ငံပိုင်လုပ်ငန်းကတော့ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းနဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွေ ဖြစ်ပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းမှာရှိတဲ့ အမြတ်ငွေပမာဏဟာ (၇) နှစ်စာ အသုံးစရိတ်နဲ့ ညီမျှပြီး၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးနဲ့ သိမ်းဆည်းငွေပမာဏဟာ (၁၇၂) နှစ်စာ အသုံးစရိတ်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ အမြတ်ငွေ (၉၀) ရာခိုင်နှုန်းကို သိမ်းဆည်းထားတာမို့ ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံပိုင် လုပ်ငန်းဟာ (၂၀) ရာခိုင်နှုန်း၊ ထိုင်းမှာ (၁၀) ရာခိုင်နှုန်း၊ ဗိယက်နမ်မှာ (၁၈) ရာခိုင်နှုန်း၊ အင်ဒိုနီးရှားမှာ (၇) ရာခိုင်နှုန်း သိမ်းဆည်းထားကြပါတယ်။ ဒါကြောင့် အမြတ်ငွေ သိမ်းဆည်းမှုနဲ့ သုံးစွဲမှုဆိုင်ရာ မူဝါဒချမှတ်ပြီး ပြည်သူတွေ သိရှိနိုင်အောင် အွန်လိုင်းက ထုတ်ပြန်ကြေညာဖို့ အကြံပေးထားပါတယ်။
ရေနံဓါတ်ငွေ့နဲ့ ကျောက်မျက်လုပ်ငန်းက သိမ်းဆည်းထားတဲ့ ကိုယ်ပိုင်ရန်ပုံငွေကို အကျိုးရှိအောင် ခွဲဝေမယ်ဆိုရင် ကျပ်ငွေ (၃) ထလီယံနီးပါး (သို့မဟုတ်) ကျပ်ငွေသန်းပေါင်း (၃) သန်းနီးပါး ထွက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုခွဲဝေသုံးစွဲလိုက်ပေမယ့် ရေနံဓါတ်ငွေ့နဲ့ ကျောက်မျက်လုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်နိုင်မှာဖြစ်ပြီး သင့်တော်တဲ့ ကုန်ကျစရိတ်ကိုလည်း ဆက်လက်သုံးစွဲနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမြတ်ငွေသိမ်းဆည်းပုံနဲ့ ပတ်သက်ပြီး စည်းမျဉ်းဥပဒေ ပြောင်းလဲလိုက်ရုံနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ပိုပြီးလုပ်ရည်ကိုင်ရည် ရှိလာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့်မို့ ဥပဒေနဲ့ နည်းဥပဒေတွေမှာ ပိုမိုကောင်းမွန်လာအောင် ပြင်ဆင်ရေးဆွဲတဲ့အပြင် ရည်မှန်းချက် အကောင်အထည်ဖော်မှုနဲ့ စွမ်းဆောင်နိုင်မှုမှာလည်း ရှင်းလင်းစွာ ဖော်ပြရပါလိမ့်မယ်။ လုပ်ငန်းရည်မှန်းချက်နဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက် မရှင်းလင်းတဲ့အတွက် အစိုးရက စောင့်ကြည့်ဖို့ ခက်နေပါတယ်။ တာဝန်ဝတ္တရားကို ရှင်းလင်းစွာ ဥပဒေပြဌာန်းထားတာ မရှိတဲ့အတွက် လုပ်ငန်းထိန်းကြောင်းတဲ့နေရာမှာ အားနည်းနေရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအချက်အလက်တွေကို ပြည်သူမာျး သိရှိအောင်ချပြဖို့ လိုအပ်ကြောင်း 'နိုင်ငံပိုင်ုလုပ်ငန်း ပြုပြင်ရေး' စာတမ်းမှာ ဖော်ပြထားပါတယ်။