Your browser doesn’t support HTML5
တရုတ်သမ္မတရှီကျင့်ဖိန် ၂၀၁၃ စက်တင်ဘာလမှာ ကာဇတ်စတန်နိုင်ငံမှာ မိန့်ခွန်းပြောစဉ် "ခေတ်သစ်ပိုးလမ်းမ စီးပွားရေးရပ်ဝန်း" ကို အတူတကွ တည်ဆောက်ကြဖို့ကို ပြောပါတယ်။ အောက်တိုဘာလ ရောက်တဲ့အခါ အင်ဒိုနီးရှားနိုင်ငံမှာ မိန့်ခွန်းပြောတော့ "ခေတ်သစ်ပင်လယ်ပိုးလမ်းမကြီး" ကို အတူတကွ တည်ဆောက်ကြဖို့ ပြောပါတယ်။ ဒီအဆိုနှစ်ခုကို ပေါင်းစပ်ပြီး "ရပ်ဝန်းတခု လမ်းတခု" ဆိုတဲ့ စီမံကိန်းကြီး ပေါ်ထွက်လာပါတယ်။ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း (သို့မဟုတ်) ခေတ်သစ်ပိုးလမ်းမ စီမံကိန်းလို့လည်း ခေါ်ပါတယ်။ စီးပွားရေးရပ်ဝန်းဟာ တရုတ်ပြည်ကနေ အာရှအလယ်ပိုင်းတောင်ပိုင်းနဲ့ ဥရောပအထိ ဖြစ်ပါတယ်။
စီးပွားရေးလမ်းကြောင်းဟာ အရှေ့တောင်အာရှ၊ ပါးရှားပင်လယ်ကွေ့ဒေသ၊ အာဖရိကမြောက်ပိုင်းနဲ့ ဥရောပအထိ ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြန်နဲ့ တရုတ်-အင်ဒိုနီးရှားစင်္ကြန်မှာ မြန်မာ ပါဝင်နေပါတယ်။ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းရဲ့ ဦးတည်ချက် (၅) ခုမှာ အခြေခံအဆောက်အအုံ ဆက်သွယ်မှုဟာ ပထမ ဖြစ်ပါတယ်။ ကားလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်း၊ ပိုက်လိုင်းလမ်းကြောင်း စတာတွေ ဆက်နွယ်ပေါင်းစပ်ရေး ဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ဖို့ "အာရှအခြေခံ ရင်းနှီးမြုပ်နံှမှုဘဏ်" ကို တည်ထောင်ထားပါတယ်။
တရုတ်နိုင်ငံက မတည်ငွေ ဒေါ်လာသန်းလေးသောင်းထည့်တဲ့ နိုင်ငံစုံပါဝင်တဲ့ဘဏ် ဖြစ်ပါတယ်။ မြန်မာက ဒေါ်လာ (၂၆၅) သန်း အစုရှယ်ယာ ထည့်ဝင်ထားပါတယ်။ လိုရင်လိုသလို တရုတ်ဆီက ချေးနိုင်အောင် ဖန်တီးထားပုံရပါတယ်။ ဖွံ့ဖြိုးရေးရာမဟာဗျူဟာနဲ့ ပေါ်လစီပိုင်းမှာ ညှိနှိုင်းဆောင်ရွက်ရေးဟာ ရပ်ဝန်းလမ်းကြောင်းရဲ့ ဒုတိယ ဦးတည်ချက် ဖြစ်ပါတယ်။ ကုန်သွယ်မှု အဆင်ပြေရေးဟာ တတိယ ဦးတည်ချက် ဖြစ်ပါတယ်။ စတုတ္ထ ဦးတည်ချက်ဟာ ဘဏ္ဍာရေးပေါင်းစပ်ဆက်နွယ်မှုဖြစ်ပြီး ပဉ္စမ ဦးတည်ချက်က ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးရေး ဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရင်တော့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းဟာ တရုတ်ရဲ့ ကုန်သွယ်ရေးနယ်ပယ် အခြေခိုင်အောင် ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၆၆) နိုင်ငံပါဝင်ပြီး ဒေါ်လာ (၄) သန်း ရင်းနှီးမြုပ်နံှမယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ (၇၀) ရာခိုင်နှုန်း ပါဝင်နေတဲ့ စီမံကိန်းကြီးဖြစ်လို့ ဘယ်ပုံစံ ပေါ်ထွက်လာမယ်ဆိုတာ ခန့်မှန်းနိုင်ဖို့ ခက်ခဲပါတယ်။ ရေရှည်မှာ အမေရိကန် စီးပွားရေးအင်ပါရာနဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့သာ ယူဆနေကြပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ တရုတ်ပါဝင်တဲ့ ပမာဏဟာ ၁၉၉၅ မှာ (၄) ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် နောက်အနှစ် (၂၀) ကြာတော့ (၁၅) ရာခိုင်နှုန်းအထိ တိုးပွားလာပါတယ်။ ဒီလို အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ တရုတ်စီးပွားရေးအတွက် ရပ်ဝန်းလမ်းကြောင်း စီမံကိန်းကို တီထွင်လိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုပညာရှင် Paulo Bastro က လွန်ခဲ့တဲ့ ဇွန်လမှာ စာတမ်းရေးပါတယ်။ ရပ်ဝနု်းလမ်းကြောင်းက နိုင်ငံတွေဟာ တရုတ်နဲ့ ပြိုင်ဆိုင် ရောင်းဝယ်ကြရမှာမို့ ပြည်တွင်းစီးပွားရေးမှာ ပြုပြင်ညှိနှိုင်းမှုတွေ မလွဲမသွေ လုပ်လာရမယ့်အကြောင်းကို သုံးသပ်ထားတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ပို့ကုန်ချင်း ဆင်တူကြတဲ့ ဗိယက်နမ်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံတွေဟာ တရုတ်နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရမယ့် အခြေအနေကို ရောက်လာပါတယ်။ တနည်းဆိုရင်တော့ ပို့ကုန်ဈေးကွက် လုဘက်တွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်ကုန်ထုတ်လုပ်ငန်းမှာ စက်ရုပ်လုပ်သားများ အသုံးပြုမှု များလာရင် တရုတ်ယှဉ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအခါမှာ ပြည်တွင်းစီးပွားရေးမှာ ပြုပြင်ညှိနှိုင်းမှုတွေ လုပ်လာရပါလိမ့်မယ်။ မလုပ်နိုင်တဲ့ တိုင်းပြည်ဟာ တရုတ်နဲ့ ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးသွားပါလိမ့်မယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီးယား၊ အီရန်စတဲ့ နိုင်ငံတွေမှာတော့ တရုတ်ပစ္စည်း အများအပြား တင်သွင်းနေပေမယ့် တရုတ်နဲ့ ပို့ကုန်ချင်း မတူတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်စရာ အလားအလာနည်းတယ်လို့ ကမ္ဘာ့ဘဏ် ပညာရှင်က သုံးသပ်ပါတယ်။
စီးပွားရေး ဆက်နွယ်ပေါင်းစပ်မှုများလေလေ ပြိုင်ဆိုင်မှုကလည်း များလာလေလေ ဖြစ်လာတာမို့ ကုန်ထုတ်လုပ်မှုစနစ်မှာ အပြောင်းအလဲ ပြုပြင်ညှိနှိုင်းမှုတွေ လုပ်လာရပါတယ်။ ပြိုင်ဆိုင်တဲ့ ကုန်ပစ္စည်းကိုလိုက်ပြီး အလုပ်သမားကို လေ့ကျင့်သင်ကြာမှု၊ အလုပ်သမား အင်အားခွဲဝေသုံးစွဲမှု စတာတွေ လုပ်လာရပါတယ်။ တရုတ်ရဲ့ ပြိုင်ဆိုင်မှုအင်အားကို တုံ့ပြန်နိုင်အောင် ပြည်တွင်းစီးပွားရေးမှာ ပြုပြင်ညှိနှိုင်းရတဲ့ စရိတ်စခက တိုးပွားလာနိုင်တယ်လို့ Paulo Bastro က ခန့်မှန်းပါတယ်။ လောလောဆယ်မှာတော့ ဗိယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ အင်ဒိုနီးရှားဟာ တရုတ်ရဲ့ ပြိုင်ဆိုင်မှုနဲ့ တွေ့နေပါတယ်။
ရပ်ဝန်းလမ်းကြောင်းအတွက် အခြေခံအဆောက်အအုံ တည်ဆောက်တဲ့အတွက် မြန်မာပြည်သူ သန်း (၂၀) ကျော် မှီခိုအားထားနေတဲ့ သဘာဝအရင်းအမြစ်တွေ ပျက်စီးသွားမှာကို အရပ်သားအဖွဲ့တွေက စိုးရိမ်ပူပန်နေကြကြောင်း ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့ထုတ် Myanmar Times မှာ Naw Betty Han က တင်ပြထားပါတယ်။ ဒါကြောင့် ရပ်ဝန်းလမ်းကြောင်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ရာမှာ ပြည်သူ့ဘဝရပ်တည်ရေးအတွက် လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဖို့ အလွန်အရေးကြီးတယ်လို့ အရပ်သားအသင်းအဖွဲ့တွေက ယူဆကြပါတယ်။