အမျိုးသမီးပညာရေး ပြဿနာ

Your browser doesn’t support HTML5

အမျိုးသမီးပညာရေး ပြဿနာ

မြန်မာပြည်မှာ မိန်းကလေးတွေ နဲ့ အမျိုးသမီးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းအမျိုးမျိုးက စစ်တမ်းတွေ ထုတ်ပြန်ထားကြပါတယ်။ မူလတန်းကျောင်းတက်စဉ်က မိန်းကလေးနဲ့ ယောကျ်ားလေးဦးရေဟာ အတူတူလောက် ရှိပေမယ့် အလယ်တန်းနဲ့ အထက်တန်းပိုင်းကို ရောက်ရှိလာတဲ့အခါမှာ မိန်းကလေးဦးရေဟာ သိသိသာသာ နည်းပါးလာတယ်လို့ ဆိုပါတယ်။ ၂၀၁၅ စာရင်းအရ အသက် (၁၅) နှစ်ပြည့်တဲ့ အမျိုးသမီး (၂) သန်းနီးပါးဟာ စာမတတ်ကြဘူးလို့ UNESCO အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ အိမ်အလုပ်မှာ ကူညီနေရလို့ စာဆက်မသင်နိုင်တော့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် (၁၄) နှစ် နဲ့ (၁၅) နှစ်လောက် ရောက်လာရင် ကျောင်းဆက်မတက်တော့တဲ့ ယောကျ်ားလေးတွေက (၄၀) ရာခိုင်နှုန်း၊ မိန်းကလေးက (၄၅) ရာခိုင်နှုန်းလောက်ရှိကြောင်း သိရပါတယ်။ မိဘကျောင်းစရိတ် မတတ်နိုင်တော့လို့ ကျောင်းကထွက်ကြရတာ များပါတယ်။ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာမသင်နိုင်ကြတာ ဖြစ်ပါတယ်။ သားနဲ့သမီးရှိတဲ့ ဆင်းရဲသားအိမ်ထောင်စုဟာ သားကိုသာ ကျောင်းတက်စေချင်ပြီး သမီးဖြစ်သူကို အိမ်အလုပ်လုပ်ခိုင်းတာ များပါတယ်။ တက်နိုင်တဲ့မိသားစုကသာ သူတို့သားသမီးကို ကျောင်းဆက်ထားနိုင်ပါတယ်။ ဆင်းရဲသားထဲမှာလည်း ကျောင်းဆက်ထားနိုင်သူ အနည်းအကျဉ်း ရှိပါတယ်။

ဆယ်တန်းအောင်သူတွေထဲမှာ အမျိုးသမီးဦးရေက ပိုများနေပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်တဲ့ Gender Quality and Women Rights ဆိုတဲ့ အစီရင်ခံစာမှာ ၂၀၁၂ စာရင်းကို ကိုးကားပြီး တက္ကသိုလ်တက်သူ (၆၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မဟာဝိဇ္ဖာနဲ့ မဟာသိပ္ပံ တက်ရောက်သူ (၈၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ Ph.D ဒေါက်တာဘွဲ့ တက်နေသူတွေထဲမှာလည်း (၈၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ် ဆရာ၊ ဆရာမတွေထဲမှာ အမျိုးသမီးက (၈၃) ရာခိုင်နှုန်း ဖြစ်နေတာ တွေ့ရပါတယ်။ ယောကျ်ားတွေဟာ ဘွဲ့မရမီ အလုပ်လုပ်တာများတဲ့အတွက် ပညာဆက်သင်သူ နည်းပါးတာ ဖြစ်နိုင်ပါတယ်။ တရားသူကြီး (၁၄၀၀) ကျော်နဲ့ ဥပဒေအရာရှိ (၁၂၀၀) ကျော်မှာတော့ အမျိုးသားကတဝက်၊ အမျိုးသမီးကတဝက် ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအများစု စာမတတ်သူဖြစ်နေတာ အဓိကအားနည်းချက် ဖြစ်ပါတယ်။

ဆရာမလုပ်တဲ့ အမျိုးသမီးဦးရေများသလို သစ်တော၊ အင်ဂျင်နီယာနဲ့ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေမှာတော့ အမျိုးသားဦးရေ များပြားပါတယ်။ တက္ကသိုလ်ပညာရေးကို နှစ်အတော်ကြာဆည်းပူးပြီးမှ အလုပ်ရတဲ့ အမျိုးသမီးတွေကိုကြည့်ရင် အမျိုးသားတွေလို အလုပ်အကိုင်ရဖို့ မလွယ်ကူတာ သိသာပါတယ်။ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းမှာ အမျိုးသားနဲ့ အမျိုးသမီးဦးရေ အတူတူလောက် ရှိကြပေမယ့် ဘာသာစကား၊ အချုပ်အလုပ်စတာတွေမှာ အမျိုးသမီးတွေ များနေပါတယ်။ ခေတ်သစ်စီးပွားရေးမှာ လိုအပ်တဲ့ ကွန်ပြူတာလို ဘာသာရပ်ကို စိတ်ဝင်စားတဲ့ အမျိုးသမီးတွေက နည်းနေပါတယ်။ သမားရိုးကျ အလုပ်တွေကိုပဲ အမျိုးသမီးတွေက ဆက်လုပ်နေကြတာများပါတယ်။

ကွန်ပြူတာအတတ်ပညာဟာ အမျိုးသားအတွက်သာ ဖြစ်တဲ့ဆိုတဲ့အမြင်မျိုးဟာ မြန်မာတင်မကဘဲ အခြားအာရှနိုင်ငံတွေမှာလည်း ရှိနေပါတယ်။ ကွန်ပြူတာတတ်တဲ့ အမျိုးသမီးတွေရဲ့ တီထွင်မှုဟာ အမျိုးသားတွေရဲ့ တီထွင်မှုနဲ့မတူဘဲ ကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို အဓိကထားပြီး တီထွင်လေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ သမားရိုးကျ လုပ်ငန်းခွင်ထဲက ထွက်နိုင်အောင် ခေတ်မီအတတ်ပညာ သင်ကြားကြဖို့ လိုပါတယ်။ ၂၀၁၄ လူဦးရေးစာရင်းအရ အမျိုးသားအလုပ်သမား သန်း (၂၀) ကျော်ရှိပြီး အမျိုးသမီးအလုပ်သမားက (၁၃) သန်း ရှိပါတယ်။ စီးပွားရေးတိုးတက်လာတာနဲ့အတူ အိမ်တွင်းစီးပွားရေးမှာ အမျိုးသမီးပါဝင်တဲ့ အခန်းကဏ္ဍဟာလည်း ကြီးမားလာတာကြောင့် အမျိုးသမီးပညာရေးနဲ့ အလုပ်ရရှိရေးဟာ အရေးကြီးလာပါတယ်။

လူ့ဘဝ တိုးတက်ဖွံ့ဖြိုးရေးမှာ ပညာရေးဟာ အဓိကလိုအပ်ချက်တခု ဖြစ်ပါတယ်။ ပညာတတ်ရင် အလုပ်ရဖို့ အခွင့်အလမ်း ပိုများလာတာမို့ အနှိမ့်ခံဘဝက လွတ်မြောက်နိုင်ပါတယ်။ မိသားစုကျန်းမာရေးအကြောင်းကိုလည်း ပိုမိုသိရှိနားလည်လာတဲ့အတွက် ဦးဆောင်နိုင်စွမ်း ရှိလာပါတယ်။ ကောင်းမွန်တဲ့ လူ့ဘောင်တည်ဆောက်ရာမှာ လိုအပ်တဲ့အတတ်ပညာနဲ့ ကျွမ်းကျင်မှုကို ပညာတတ်မှသာ ရနိုင်ပါတယ်။ အမျိုးသမီးတွေ ပညာမတတ်လို့ ခေတ်နဲ့အညီ အလုပ်မလုပ်နိုင်တာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ စာမတတ်တဲ့ အမျိုးသမီးဟာ သားဖွားမှုကို ထိန်းချုပ်နိုင်ပြီး အကြမ်းဖက်အနိုင်ကျင့်တာကို တွန်းလှန်နိုင်ပါတယ်။ စာတတ်တဲ့ အမျိုးသမီးကသာ နိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။

စာတတ်တဲ့အမျိုးသမီးဟာ ကျန်းမာရေးဘက်မှာလည်း အသိဉာဏ်ပိုရှိလာတဲ့အတွက် သားသမီး ကျန်းမာရေးကောင်းမွန်လာပါတယ်။ မူလတန်း ပညာလောက်သာတတ်ထားတဲ့ အမျိုးသမီးတွေဟာ ကူးစက်ရောဂါကာကွယ်ရေးကို ပိုမိုနားလည်သဘောပေါက်ကြပါတယ်။ အလယ်တန်းပညာ သင်ကြားထားတဲ့ အမျိုးသမီးတွေမှာ ကလေးအသေအပျောက်နှုန်း နည်းပါကြပါတယ်။ ၁၉၇၀ ကနေ ၂၀၁၀ အထိ အနှစ် (၄၀) ကာလမှာ အမျိုးသမီးတွေ ပိုစာတတ်လာတဲ့အတွက်ကြောင့် (၅) နှစ်အောက် ကလေးသူငယ် သေဆုံးမှုနှုန်းဟာ သိသိသာသာ လျော့နည်းလာကြောင်း သိရှိရပါတယ်။