မြန်မာ့အလုပ်အကိုင် အခြေအနေ

Your browser doesn’t support HTML5

မြန်မာ့အလုပ်အကိုင် အခြေအနေ

မြနု်မာနိုင်ငံမှာ အလုပ်အကိုင်ပေါင်း (၂၄) သန်း ရှိတယ်ဆိုပေမယ့် (၉၀) ရာခိုင်နှုန်းကျော်ဟာ စိုက်ပျိုးရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းနဲ့ လုပ်ငန်းအသေးစားလေးတွေ ဖြစ်ပါတယ်။ တနည်းဆိုရင်တော့ (၂၄) သန်းမှာ ရိုးရာအစဉ်အလာအလုပ်က (၂၁) သန်းရှိပြီး ခေတ်သစ် ပုဂ္ဂလိကအလုပ်က (၂) သန်း၊ အစိုးရအလုပ်က (၁) သန်းနီးပါး ရှိပါတယ်။ မြန်မာပြည်က အလုပ်အကိုင်တွေရဲ့ အရည်အသွေးနဲ့ ယှဉ်ပြိုင်မှုစွမ်းရည်ဟာ အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနိမ့်ကျတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ပညာရှင် (၁၀) ဦး ရေးသားပြုစုတဲ့ စာမျက်နှာ (၁၇၀) စာတမ်း Myanmar’s Future Jobs မှာ ဖော်ပြထားပါတယ်။ အလုပ်သမားဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

အလုပ်သမားအများစုဟာ တပတ်နာရီ (၄၀) ကျော် ပျမ်းမျှနှုန်းနဲ့ အလုပ်လုပ်ကြပါတယ်။ အကျိုးခံစားခွင့်ရှိတဲ့ အလုပ်သမားဦးရေဟာ (၅) ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိရပါတယ်။ ဒီအထဲမှာ အလုပ်သမား (၅) ဦးမှာ တဦးက ယာယီ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားထဲမှာ (၃) ရာခိုင်နှုန်းကိုသာ ကျွမ်းကျင်လုပ်သား (သို့မဟုတ်) အတတ်ပညာရှင်အဖြစ် သတ်မှတ်ထားပါတယ်။ အလုပ်အကိုင် ကောင်းကောင်းရရှိနိုင်ဖို့အတွက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာပြည်သားက (၃) သန်းလောက် ရှိပါတယ်။

ပြည်တွင်းအလုပ်သမား (၄၀) ရာခိုင်နှုန်းဟာ အလုပ်ကြမ်းသမား ဖြစ်ပါတယ်။ ဒီအထဲမှာ လမ်းဘေးဈေးသည်၊ ယာဉ်မောင်း၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ လယ်ယာလုပ်သား စသည်တို့ ပါဝင်ပါတယ်။ စစ်တပ်၊ ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ လုပ်ခအများဆုံး ရကြပါတယ်။ အလုပ်သမားဦးရေ (၁၃) ရာခိုင်နှုန်းလောက်သာ လုပ်ခ အများဆုံး ရကြပါတယ်။ စိုက်ပျိုးလယ်ယာကဏ္ဍက အလုပ်သမားလုပ်ခဟာ အနည်းဆုံး ဖြစ်ပါတယ်။ လယ်ယာလုပ်ခမှာ တရုတ်ပြည်က အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလယ်သမားတွေ ထိုင်းမှာ စိုက်ပျိုးရေးလုပ်နေတာ ဖြစ်ပုံရပါတယ်။ မြန်မာပြည်မှာ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲထဲမှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုလည်း ပါဝင်ပါတယ်။ အလုပ်သမား (၂၀) ရာခိုင်နှုန်းသာ အခြေခံပညာအထက်တန်း ရှိပါတယ်။

ကျောင်းမနေဘူးသူနဲ့ မူလတန်းပြီးသူဟာ လုပ်ခအတူတူ ရကြတာကိုကြည့်ရင် မူလတန်းပညာကို အလုပ်ဈေးကွက်မှာ တန်းဖိုးမထားတာ သိသာပါတယ်။ အလယ်တန်းလွန် ပညာရေးဟာလည်း အလုပ်သမားဈေးကွက်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပါဘူး။ ဒါပေမဲ့ အလုပ်သမား (၁၀) ရာခိုင်နှုန်းကသာ အတတ်ပညာကို သင်ယူနိုင်ပါတယ်။ အခုခေတ် အလုပ်အကိုင်မှာ လိုအပ်နေတဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုကို မြန်မာ့ပညာရေးစနစ်က မပေးနိုင်ဘူးလို့ အလုပ်ရှင် (၈၀) ရာခိုင်နှုန်းက ယူဆပါတယ်။ အလုပ်ရှင်တွေဟာ သူတို့အလုပ်သမားကို သူတို့ဘာသာ သင်တန်းပေးနေပေမယ့် ဒီလိုလုပ်နိုင်သူက (၅) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ စီမံခန့်ခွဲရေး ကျွမ်းကျင်တဲ့မန်နေဂျာကိုရဖို့ အခက်ခဲဆုံးလို့ ဆိုပါတယ်။ ဂျပန်နဲ့ ကိုရီးယားမှာလို မန်နေဂျာလူတန်းစား ထွက်ပေါ်လာမှသာ လုပ်ငန်းကို အဆင့်မြင့်နိုင်မှာ ဖြစ်ပါတယ်။

ယှဉ်ပြိုင်မှုစွမ်းရည် မြှင့်တင်ဖို့အတွက် လုပ်ငန်းတွေမှာ အတားအဆီး ဖြစ်နေတာကို ဖယ်ရှားဖို့ လိုပါတယ်။ အလုပ်သမား၊ ကုန်ကြမ်းပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ရရှိပြီး၊ ဈေးကွက်ကို လက်လှမ်းမီဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ပို့ကုန်ယှဉ်ပြိုင်နိုင်မှု အလားအလာ ကောင်းတယ်လို့ ဆိုပါတယ်။ အလုပ်သမားအင်အားလိုအပ်တဲ့ အထည်ချုပ်နဲ့ အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ထပ်မံတိုးချဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးချဲ့နိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှုကို ဖိတ်ခေါ်ပြီး လုပ်သားအင်အား လိုအပ်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်စေတာဟာ အရည်အသွေးမြင့်တဲ့ အလုပ်အကိုင်ကို ဖန်တီးရာ ရောက်ပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ရှိလာတာနဲ့ အဆင့်မြင့် အလုပ်အကိုင်တွေ တိုးပွားလာပါတယ်။ သင့်တော်တဲ့ ရင်းနှီးမြုပ်နံှရေးဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးနိုင်ဖို့ အရေးကြီးပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မြန်မာ့လယ်ယာထုတ်လုပ်မှုဟာ အလွန်နည်းပါးနေတာကို တွေ့နိုင်ပါတယ်။ ဧရာဝတီတိုင်းမှာ လယ်မြေ (၂) ဧကခွဲမှာ မိုးစပါး စိုက်ပျိုးရင် (၁၃၁) ရက် ကြာပါတယ်။ ကမ္ဘောဒီးယားမှာ (၅၂) ရက်၊ ဗိယက်နမ်မှာ (၂၂)၊ ထိုင်းနိုင်ငံမှာ (၁၁) ရက်သာ ကြာပါတယ်။ မြန်မာပြည်မှာ ရက်ပေါင်း (၈၀) နဲ့ စိုက်ပျိုးနိုင်တဲ့ ဒေသ ရှိပေမယ့် ပြိုင်ဆိုင်မှုစွမ်းရည် မရှိပါဘူး။ မြန်မာပြည်မှာ တနေ့တာလုပ်အားက စပါးကီလို (၂၀) ကျော်သာ ထုတ်နိုင်ပေမယ့် ထိုင်းမှာ ကီလို (၅၀၀) ကျော် ထုတ်နိုင်ပါတယ်။ ဆန်စပါးကိုသာ အဓိက မထားဘဲ၊ အခြားသီးနံှတွေကိုသာ စိုက်ပျိုးဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းအသားတင် ထုတ်လုပ်မှု တိုးပွားရေးကို အာရုံစိုက်တာထက် အလုပ်အကိုင် ဖန်တီးရေးကို အဓိကထားတာက ပိုပြီးအကျိုးရှိတယ်လို့ ဆိုပါတယ်။ လုပ်ငန်းအောင်မြင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေနဲ့ မူဘောင်တွေ ချမှတ်ပေးရေး၊ အသေးစားလုပ်ငန်း ဖွံ့ဖြိုးရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး၊ လုပ်ငန်းဆိုင်ရာ သင်တန်းကတဆင့် ကျွမ်းကျင်မှုမြှင့်တင်ရေး၊ လုပ်ငန်းနဲ့ သင့်လျော်တဲ့ အလုပ်သမား ရရှိရေး၊ စိုက်ပျိုးလယ်ယာ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး၊ ပဋိပက္ခလွန် ဒေသတွေမှာ အလုပ်အကိုင်များ ပေါ်ထွန်းလာရေး စသည်တို့ကို အဓိကထားဖို့ အကြံပေးထားပါတယ်။