Your browser doesn’t support HTML5
မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိတယ်ဆိုတာကို အဖွဲ့အစည်းအသီးသီးက လေ့လာဆန်းစစ်နေကြတာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရတက်လာကတည်းက ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၀၃ မှာ ပြဌာန်းထားတဲ့ ဆက်သွယ်ရေး Telecom ဥပဒေနဲ့ ၂၀၁၇ မှာ ပြဌာန်းထားတဲ့ ပြင်ဆင်ချက် ဥပဒေအရ အရေးယူခံရသူဦးရေဟာ ဦးသိန်းစိန်ခေတ်ကထက် ပိုမိုများပြားနေပါတယ်။ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမှုဟာ ဦးသိန်းစိန်လက်ထက်မှာ (၁၁) မှု၊ NLD လက်ထက်မှာ (၁၂၉) မှု ရှိတယ်လို့ အသံအဖွဲ့ရဲ့ အစိုးရသက်တမ်းဝက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မနှစ်က ဇန်နဝါရီလမှာ တည်ထောင်ခဲ့တဲ့ အသံအဖွဲ့က လူငယ်တစုနဲ့ ဘန်ကောက်အခြေစိုက် SEAPA သတင်းအဖွဲ့တို့ ပူးတွဲရေးသားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ NLD အစိုးရ တက်ခါစမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူတာတွေ ရှိလာပါတယ်။ ပြင်သစ်အခြေစိုက် Reporters Without Borders, or Reporters Sans Frontières အဖွဲ့က နိုင်ငံပေါင်း (၁၈၀) ရဲ့ သတင်းလွတ်လပ်မှုကို တိုင်းတာရာမှာ မြန်မာနိုင်ငံက အဆင့် (၁၃၇) မှာ ရှိနေပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက မြန်မာထက်သာပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ နဲ့ တရုတ်တို့က မြန်မာထက် ဆိုးဝါးပါတယ်။
၂၀၁၃ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆-ဃ) မှာ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ဆိုထားတာကို အခွင့်ကောင်းယူပြီး အရေးယူနေကြတာ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ပြောဆိုပါတယ်။ ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်မှု၊ အနိုင်အထက်ပြုမှု၊ မတရားတားဆီးကန့်ကွက်မှု၊ အသရေဖျက်မှု၊ နှောင့်ယှက်မှု၊ မလျော်သြဇာသုံးမှု (သို့မဟုတ်) ခြိမ်းခြောက်မှု စတာတွေလုပ်ရင် ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ခုစလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ပြင်ဆင်ချက်ကတော့ ထောင်ဒဏ်ကို (၂) နှစ်အထိ လျော့ချထားပါတယ်။ တရားဥပဒေစိုးမိုးရေးဘက်မှာလည်း မြန်မာနိုင်ငံဟာ ညံ့ဖျင်းနေဆဲ ဖြစ်ပါတယ်။ သီးခြားလွတ်လပ်ပြီး သမာသမတ်ဖြစ်တဲ့ တရားစီရင်ရေးစနစ်ကိုရောက်ဖို့ အများကြီး လိုသေးတယ်လို့ ဆိုပါတယ်။
၂၀၁၈ လွတ်လပ်မှုအညွန်းမှာ လွတ်လပ်မှုရှိတဲ့နိုင်ငံ၊ မရှိတဲ့နိုင်ငံနဲ့ အနည်းအကျဉ်းသာရှိတဲ့ နိုင်ငံဆိုပြီး နိုင်ငံပေါင်း (၁၉၅) နိုင်ငံကို သုံးမျိုးသုံးစား ခွဲခြားထားပါတယ်။ ဒီအထဲမှာ လွတ်လပ်မှုရှိတဲ့ နိုင်ငံက (၄၅) ရာခိုင်နှုန်း၊ မရှိတဲ့နိုင်ငံက (၂၅) ရာခိုင်နှုန်းနဲ့ လွတ်လပ်မှု အနည်းအကျဉ်းရှိတဲ့ နိုင်ငံက (၃၀) ရာခိုင်နှုန်း ရှိပါတယ်။ အာဆီယံအုပ်စုမှာတော့ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် စင်္ကာပူနိုင်ငံတို့ကို လွတ်လပ်မှုအနည်းအကျဉ်းသာရှိတဲ့ နိုင်ငံသာအဖြစ် သတ်မှတ်ပါတယ်။ ထိုင်း၊ ဗိယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဘရူးနိုင်းတို့ကိုတော့ စာနယ်ဇင်း လွတ်လပ်မှုမရှိတဲ့ နိုင်ငံများအဖြစ် သတ်မှတ်ထားပါတယ်။ သတင်းသမားကို ပြည်ထဲရေးဌာနက စောင့်ကြည့်တာဟာ မြန်မာပြည်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ သတင်းယူတဲ့ သတင်းထောက်ကို သူပုန်နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး အစိုးရက အမှုလုပ်တတ်ပါတယ်။
စစ်တပ်နဲ့ အစိုးရကို ဝေဖန်တယ်လို့ယူဆရင် NLD အစိုးရဟာ မရှင်းလင်းမပြတ်သားတဲ့ ဥပဒေတွေကိုသုံးပြီး စာနယ်ဇင်းတွေကို ဖိနှိပ်ချုပ်ခြယ်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒါကြောင့်မို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေကို သွားရောက်မယ့် သတင်းသမားဦးရေ နည်းပါးနေပါတယ်။ အမျိုးမျိုးခြိမ်းခြောက်ခံရတဲ့ သတင်းသမားဟာ ဓမ္မဓိဌာန်ကျကျ မကြောက်မရွံ သတင်းရေးနိုင်ဖို့ ခက်ခဲတယ်လို့ စက်တင်ဘာလထုတ် ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစိုးရအာဏာပိုင်တွေက စွဲချက်တင်တဲ့အမှုမှာလွတ်ဖို့ အလားအလာ အလွန်နည်းပါတယ်။ NLD အစိုးရခေတ်မှာလည်း ယုံကြည်ချက်ကြောင့် ထောင်ကျနေသူတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသား (၄၀) နဲ့ အမှုစစ်ခံနေရသူ (၃၀၀) နီးပါးရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ထောင်ဒဏ်ကျခံနေရတဲ့ Reuters သတင်းထောက်နှစ်ဦးရဲ့ အယူခံကို တရားရုံးက ပယ်ချလိုက်တာကိုကြည့်ရင် မြန်မာတွေ အာဏာရှင်စနစ်အောက် ပြန်ရောက်နေတာသိသာကြောင်း မကြာမီ မြန်မာပြည်က ပြန်လာတဲ့ ကုလသမဂ္ဂဝန်ထမ်းဟောင်း Charles Petrie က ဇန်နဝါရီလ (၁၁) ရက်နေ့ထုတ် Washington Post သတင်းစာမှာ ရေးသားထားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ (၂၀၀၃-၂၀၀၇) အထိ မြန်မာပြည်မှာ (၅) နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်နဲ့ ပတ်သက်လာရင် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အမြင်တူကြတယ်လို့ Charles Petrie က ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အတွေးအခေါ်ဟာ ကွဲပြားခြားနားလှတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတာလည်း ထိရောက်မှာ မဟုတ်ဘူးလို့ Charles Petrie က မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါလီမန်လွှတ်တော်စနစ်ကို ယုံကြည်ပုံရပေမယ့် လုပ်ပုံကိုင်ပုံတွေကတော့ အာဏာရှင်ဆန်တယ်လို့ ဆိုပါတယ်။ NLD လွှတ်တော်အမတ်တွေကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး ကိုလိုနီအစိုးရနဲ့ စစ်အစိုးရ သုံးခဲ့တဲ့ ဖိနှိပ်ရေးယန္တရားတွေကို ဆက်သုံးနေတုန်းပဲလို့ Charles Petrie က သုံးသပ်ထားပါတယ်။