Your browser doesn’t support HTML5
သစ်တောကြီးကြပ်ကွပ်ကဲတဲ့အလုပ်ကို အစိုးရတဦးတည်း မလုပ်နိုင်တဲ့အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အများအပြား ပါဝင်နေပါတယ်။ မြန်မာ့သစ်တော စီမံအုပ်ချုပ်ရေးကို ဘန်ကောက်အခြေစိုက် ပြည်သူနဲ့သစ်တော လေ့လာရေးဌာနက (၅) နှစ် စီမံကိန်းချပြီး လေ့လာနေပါတယ်။ မနှစ်ကတော့ မြန်မာ့သစ်တော စီမံအုပ်ချုပ်ရေး အကဲဖြတ်စာတမ်း Assessing Forest Governance in Myanmar ကို ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့သစ်တောကို တောကောင်း၊ တောပျက်နဲ့ တောနိမ့်ဆိုပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ်။
နေရောင်ခြည်မဝင်နိုင်လောက်အောင် သစ်ရွက်တွေ ပိတ်နေတဲ့တောကို ရွက်အုပ်ပိတ်သစ်တော Closed Forest (သို့မဟုတ်) တောကောင်းလို့ ခေါ်ပါတယ်။ ရွက်အုပ်သိပ်သည်းမှု (၄၀) ရာခိုင်နှုန်းကျော်ရင် တောကောင်းလို့ သတ်မှတ်ပြီး (၁၀) နဲ့ (၄၀) ရာခိုင်နှုန်းကြားမှာရှိရင် ရွက်အုပ်ပွင့်သစ်တော Open Forest (သို့မဟုတ်) တောပျက်လို့ ခေါ်ပါတယ်။ (၁၀) ရာခိုင်နှုန်းထက်နည်းရင် တောင်ယာသစ်တော (သို့မဟုတ်) တောနိမ့်လို့ သတ်မှတ်ပါတယ်။ ၁၉၉၀ က တိုင်းပြည်ဧရိယာ (၄၅) ရာခိုင်နှုန်းဟာ တောကောင်း ဖြစ်ပေမယ့် ၂၀၁၅ ရောက်တော့ (၂၁) ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်လို့ "မြန်မာ့သစ်တော စီမံအုပ်ချုပ်မှု အကဲဖြတ်ချက်" စာတမ်းမှာ ဖော်ပြထားပါတယ်။
သစ်တောစီမံအုပ်ချုပ်မှု သုတေသနမှာ ပါဝင်သူ (၃၀၀) နီးပါး ရှိပါတယ်။ ပြဿနာတွေ အများကြီးရှိသလို၊ ဖြေရှင်းနိုင်မယ့် အခွင့်အလမ်းတွေလည်း များတယ်လို့ သိရပါတယ်။ အပိုင်း (၃) ပိုင်းခွဲပြီး သုံးသပ်ထားပါတယ်။ ပထမပိုင်းက မူဝါဒ၊ ဥပဒေ၊ အဖွဲ့အစည်းနဲ့ သက်ဆိုင်ပါတယ်။ သစ်တောဥပဒေ၊ သစ်တောနည်းဥပဒေ၊ သစ်တောမူဝါဒ၊ မြေအသုံးချရေးဥပဒေ၊ အစုအဖွဲ့ပိုင်းသစ်တောစည်းမျဉ်းနဲ့ သစ်ထုတ်လုပ်ရေး လုပ်ထုံးလုပ်နည်းတွေ ရှိနေတာဟာ သစ်တောစီမံအုပ်ချုပ်ရေးအတွက် ကောင်းမွန်တဲ့ အခြေခံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလူနည်းစုရဲ့ ရပိုင်ခွင့်နဲ့ နိုင်ငံခြားကုန်သွယ်ရေးမှာ စည်းမျဉ်းတွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ယူနန်နဲ့ ကုန်သွယ်ရေးမှာ ရောထွေးနေတဲ့ သစ်ခိုးထုတ်မှုကို ကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။ လူမှုရေးရာ အကျိုးသက်ရောက်မှုကို ဥပဒေပြုဖို့ လိုနေပါတယ်။
စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်ချက်ချနိုင်မှု အတိုင်းအတာကို ဒုတိယပိုင်းမှာ တင်ပြထားပါတယ်။ ဒီအထဲမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုဟာ အညံ့ဆုံးဖြစ်နေပါတယ်။ နိုင်ငံရေး၊ ဥပဒေရေးနဲ့ တရားရေး ဆုံးဖြတ်ချက်ချရာမှာ တိုးတက်မှုအများဆုံးဖြစ်ကြောင်း စာရင်းဇယားနဲ့ ဖော်ပြထားပါတယ်။ ဥပဒေပြုမှုမှာ ပွင့်လင်းမြင်သာပြီး အစိုးရဌာနတွေကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု မရှိပါဘူး။ ပုဂ္ဂလိကလုပ်ငန်းကို သစ်တောလုပ်ပိုင်ခွင့် ချပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေပါတယ်။ ဒီနေရာမှာ အစိုးရဌာနတွေနဲ့ ဒေသခံပြည်သူတွေကြား သတင်းဖလှယ်မှု အလွန်အားနည်းနေပါတယ်။ ဒေသဆိုင်ရာမှာ ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိပေမယ့် တပြည်လုံးအတိုင်းအတာမှာ မစွမ်းဆောင်နိုင်တာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေသခံသစ်တောနဲ့ မြေယာပြဿနာတွေကိုတော့ အချိန်မီ မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။
တတိယပိုင်းကတော့ သစ်တောနဲ့ မြေယာကြီးကြပ်မှု၊ ဥပဒေကျင့်သုံးမှု၊ အစိုးရဌာနချင်း လက်တွဲလုပ်ဆောင်မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ေ်ရး စတာတွေနဲ့ ဆိုင်ပါတယ်။ အပိုင်း (၃) ပိုင်းမှာ ဒီအပိုင်းက အညံ့ဆုံး ဖြစ်ပါတယ်။ သစ်တောရေးရာမှာ ပြည်တွင်းပဋိပက္ခ ဆက်လက်ရှင်သန်နေတာမျိုးလည်း ရှိပါတယ်။ ဥပမာ တနင်္သာရီတိုင်းမှာ ၁၉၉၀ ပြည့်လွန်မှာ လက်နက်ပဋိပက္ခတွေ ပြီးဆုံးသွားပေမယ့် အခွန်ကောက်ခံမှုနဲ့ မြေယာသိမ်းပိုက်မှုတွေကို မကျေနပ်တဲ့ဒေသခံတွေက ပြည်သူ့စစ်ဖွဲ့ကြတဲ့အတွက် တရားဥပဒေ စိုးမိုးဖို့ ခက်ခဲလာပါတယ်။ သစ်ခိုးထုတ်မှုကို စောင့်ကြည့်ဖို့ တာဝန်ပေးခံရတဲ့ ဒေသခံတွေမှာ လိုအပ်တဲ့ လူအင်အားနဲ့ ပစ္စည်းပစ္စယ မရှိတာကလည်း အားနည်းချက် ဖြစ်ပါတယ်။ ဒီကြားထဲ ဘဝရပ်တည်မှု ခက်ခဲလာတဲ့ ဒေသခံတွေကလည်း သစ်ခိုးထုတ်တော့ ပြဿနာ ပိုရှုပ်ကုန်ပါတယ်။
အစိုးရဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း အလွန်အားနည်းတယ်လို့ သစ်တောစီမံအုပ်ချုပ်ရေးအကဲဖြတ်မှု စာတမ်းမှာ ဖော်ပြထားပါတယ်။ အထက်ကအမိန့်ပေးတဲ့ စနစ်ကြောင့်လည်း ဌာနဆိုင်ရာတွေ ပူးပေါင်းလုပ်ကိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ သစ်တောဌာန၊ ကေအင်ယူနဲ့ အရပ်သားအဖွဲ့အစည်းတွေ ပုံမှန်တွေ့ဆုံတာမျိုး ရှိပေမယ့် အချင်းချင်းယုံကြည်မှု မရှိတဲ့အတွက် သတင်းအချက်အလက်မျှဝေဖို့ အကန့်အသတ် ရှိနေပါတယ်။ စိုက်ပျိုးရေးဌာနဲ့ သစ်တောဌာန လုပ်ပုံလုပ်နည်း ကွဲပြားခြားနားတာဟာ ဒေသခံတွေရဲ့ မြေယာလုပ်ပိုင်ခွင့်ကို ထိခိုက်စေပါတယ်။
သစ်တောစီမံအုပ်ချုပ်ရေးမှာ ပါဝင်သူအားလုံး ကိုယ့်တာဝန်ကိုယ်သိပြီး ထိထိရောက်ရောက် ပါဝင်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ကိုင်မှုစွမ်းရည် မြှင့်တင်ဖို့အတွက် အရပ်သားအသင်းအဖွဲ့ ကွန်ရက်ဖွဲ့စည်းဖို့ အကြံပေးထားပါတယ်။ သစ်တောကြီးကြပ်ကွပ်ကဲမှု စောင့်ကြည့်ရေးစနစ်ကျင့်သုံးဖို့ လိုတယ်လို့ ဆိုပါတယ်။ သတင်းအချက်အလက် စုစည်းပြီး လေ့လာဆန်းစစ်နိုင်ရင် သစ်တောစီမံအုပ်ချုပ်ရေး အားကောင်းလာပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှု အားကောင်းလာရင် အဂတိလိုက်စားမှု လျော့နည်းသွားမယ်လို့ မျှော်လင့်ကြောင်း သစ်တောစီမံအုပ်ချုပ်ရေး အကဲဖြတ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။