Your browser doesn’t support HTML5
မြန်မာပြည်မှာ Facebook လူမှုကွန်ရက်ကို ဆက်သွယ်ရေးအတွက် တိုင်းသူပြည်သားကရော၊ အစိုးရကရော အသုံးပြုနေတာမို့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေပါတယ်။ အကျိုးရှိတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေနိုင်သလို ပဋိပက္ခဖြစ်မယ့် ဝါဒဖြန့်ချက်နဲ့ အမုန်းစကားကိုလည်း ဖြန့်ဝေနိုင်ပါတယ်။ ဒါကြောင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု ဖြစ်လာအောင်လုပ်ရာမှာ Facebook လူမှုကွန်ရက်ဟာ အဓိကအခန်းပါဝင်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဌာနက လွန်ခဲ့တဲ့ မတ်လက ထောက်ပြသွားပါတယ်။ လူမှုကွန်ရက်ဟာ အကျိုးပြုတာနည်းပြီး မကောင်းတဲ့ဘက်က များသလို ဖြစ်နေပါတယ်။
ဧပြီလရောက်တော့ Facebook အကြီးအကဲဆီကို မြန်မာ့အရပ်ဘက်အသင်းအဖွဲ့ (၈) ဖွဲ့က စာရေးပြီး အမုန်းစကားဖြန့်ဝေမှုကို စနစ်တကျ စောင့်ကြည့်ဖို့ အကြံပြုပါတယ်။ တာဝန်ရှိပုဂ္ဂိုလ်၊ ဘာသာစကားကျွမ်းကျင်သူနဲ့ အရပ်ဘက်အသင်းအဖွဲ့တွေ လက်တွဲပြီး Facebook ကို စောင့်ကြည့်ဖို့ အကြံပေးကြောင်း သိရပါတယ်။ ဒီလိုလုပ်ဖို့ ၂၀၁၃ လောက်ကတည်းက မြန်မာအရပ်ဘက်အဖွဲ့တွေ တောင်းဆိုခဲ့ကြပေမယ့် မလုပ်နိုင်ခဲ့ကြဘူးလို့လည်း တချို့က ဆိုပါတယ်။ အမုန်းစကားကို (၂၄) နာရီအတွင်း Facebook ပယ်ဖျက်နိုင်ပါ့မလားလို့ Mark Zuckerberg ကို ဆီးနိတ်လွှတ်တော်မှာ ဧပြီလက မေးပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ ဆောင်ရွက်နေပုံကို Zuckerberg က ဆီးနိတ်လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ ပထမအနေနဲ့ မြန်မာစကား တတ်ကျွမ်းသူ အတော်များများထပ်ပြီးခန့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာစကားတတ်ပြီး ဒေသအခြေအနေသိသူကသာ အမုန်းစကားကို စစ်ဆေးနိုင်ပါတယ်။ ဒုတိယအနေနဲ့ မြန်မာအရပ်သားအသင်းအဖွဲ့တွေနဲ့ လက်တွဲပြီး အမုန်းစကားဖြန့်ဝေသူကို စီစစ်ရမယ်လို့ ဆိုပါတယ်။ တွေ့တဲ့အခါမှာ အမုန်းစကားကို တည်ဖြတ်မှာမဟုတ်ဘဲ ဖြန့်ဝေသူရဲ့ Account ကို ပယ်ဖျက်ပစ်တဲ့နည်းကို သုံးမယ်လို့ Zuckerberg က ပြောပါတယ်။ တတိယအနေနဲ့ မြန်မာပြည်မှာသုံးတဲ့ Facebook စနစ်မှာ အပြောင်းအလဲလုပ်ဖို့ လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အခြားတိုင်းပြည်တွေမှာလည်း ဒီလိုပြဿနာမျိုး မဖြစ်ပွားရအောင် တားဆီးနိုင်လိမ့်မယ်လို့ ပြောသွားပါတယ်။
မြန်မာ့လူမှုကွန်ရက် Facebook ဟာ အမုန်းစကား ပြန့်ပွားရာနေရာ ဖြစ်နေပုံကို Bethany Davis က ဗြိတိန်နိုင်ငံ Winchester တက္ကသိုလ်မှာ ၂၀၁၅ က မဟာဝိဇ္ဇာကျမ်းရေးဖူးပါတယ်။ လူမှုကွန်ရက်ကြောင့် မွတ်စလင်ဆန့်ကျင်ရေး ပြင်းထန်လာတာဟာ လူ့အဖွဲ့အစည်း အဆိပ်သင့်တဲ့ သဘောပဲလို ဆိုပါတယ်။ လူငယ်တွေ အများဆုံးသုံးတဲ့ လူမှုကွန်ရက်မှာ မွတ်စလင်ဘာသာကို တဘက်သတ် စွပ်စွဲတိုက်ခိုက်တာဟာ အထင်မှားအမြင်မှား ဖြစ်စေပါတယ်တဲ့။ အမုန်းစကားဟန့်တားရေး၊ ဥပဒေနဲ့ ထိန်းချုပ်ရေး၊ တန်ပြန်ချေပရေး စတဲ့ နည်းသုံးခုနဲ့ တုံ့ပြန်နိုင်တယ်လို့ Bethany Davis က ဆိုပါတယ်။ နေဘုန်းလတ် ဆိုသူကတော့ ‘ပန်းစကား’ လှုပ်ရှားမှုနဲ့ တန်ပြန်ထားပါတယ်။ Internet မှာ အမုန်းစကားသုံးတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ ပန်းစကားက ရည်ရွယ်ပါတယ်တဲ့။
NLD အစိုးရ တက်လာပြီး မကြာမီမှာ အမုန်းစကား ပြောကြားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြဌာန်းဖို့ ကြိုးစားကြောင်း သိရှိရပါတယ်။ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုကို ဖြစ်ပွားစေတဲ့ အမုန်းစကား ဖြန့်ဖြူးမှုကို ထိန်းချုပ်တဲ့ဥပဒေကို ဘာသာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြဌာန်းဖို့ စီစဉ်တာပါ။ ဒီဥပဒေမျိုး မရှိသေးတဲ့အတွက် ပြဌာန်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဒီကိစ္စမှာ ပညာပေးပြီး ပြဿနာကို အပြည့်အဝနားလည်အောင် ကြိုးပမ်းတာက ပိုပြီးထိရောက်တယ်လို့ မြင်ကြပါတယ်။ မြန်မာပြည်ဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး ဘာသာပေါင်းစုံ ကိုးကွယ်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို အားလုံးလက်ခံနိုင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ စည်းကမ်းရှိတဲ့ လူ့အဖွဲ့အစည်းမှာ လူမျိုးစုံယှဉ်တွဲ နေထိုင်နိုင်ဖို့အတွက် မြန်မာပြည်ဟာ မြန်မာတဦးတည်းပိုင် မဟုတ်ဘဲ အများပိုင် ဖြစ်တာကို လက်ခံရပါလိမ့်မယ်။
အမုန်းစကားကို လူကြိုက်များလာစေတဲ့ အကြောင်းရင်းတခုက အသိပညာခေါင်းပါးမှု ဖြစ်တယ်လို့ Bethany Davis က သုံးသပ်ပါတယ်။ ကျောင်းသင်ရိုးမှာ တိုင်းရင်းသားလူမျိုးနဲ့ အခြားဘာသာတွေ မသင်ကြားဘဲ ဗမာ ဗုဒ္ဓဘာသာအကြောင်းကိုသာ ဦးစားပေးသင်တာကြောင့် ကွဲပြားတဲ့အမြင်ကို မြင်နိုင်စွမ်းမရှိ ဖြစ်နေတာလို့ ဆိုပါတယ်။ Facebook မှာ ပညာပေးအစီအစဉ်တွေလုပ်ပြီး အမုန်းစကားကို ယဉ်ကျေးသိမ့်မွေ့စွာ လူငယ်ပိုင်းက တန်ပြန်နိုင်ရင် အများကြီး အကျိုးရှိမယ်လို့ ဆိုပါတယ်။ မတရားတဲ့ကိစ္စကို တည်ငြိမ်အေးဆေးစွာ တန်ပြန်တာဟာ အသိပညာပြန့်ပွားစေတယ်လို့ Bethany Davis က သုံးသပ်ပါတယ်။ အမုန်းစကားဟာ မသိနားလည်မှုအပေါ်မှာ အခြေခံတာကို သိထားဖို့လိုပါတယ်။
အစိုးရရဲ့ သဘောသဘာဝပြောင်းလဲဖို့ ကိစ္စဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုနဲ့ ကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုအပေါ်ထားရှိတဲ့ သဘောထားတွေ ပြောင်းလဲလာပြီး ယှဉ်တွဲနေထိုင်နိုင်မှသာ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ အမုန်းစကားနဲ့ အယုတ္တအနတ္တ ရေးသားမှုကို ဟန့်တားဖို့အတွက် Facebook Account ပယ်ဖျက်တဲ့ နည်းလမ်းကိုသာ သုံးရပါလိမ့်မယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်မှာ စည်းမဲ့ကမ်းမဲ့နဲ့ မိုက်ရိုင်းမှု ကင်းရှင်းဖို့ကလည်း အရေးကြီးပါတယ်။