Your browser doesn’t support HTML5
ပဲခူးတိုင်းရေတာရှည်မြို့နယ်နဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ်အကြားက မြေယာအချို့နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်ခွင့်လက်မှတ်ကို KNU ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပေးထားပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ အငြင်းပွားစရာ ပြဿနာဖြစ်နိုင်တာမို့ ပဲခူးတိုင်းအစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့လက ကန့်ကွက်လိုက်ပါတယ်။ ဒါကိုကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ဒေသမှာ ဗဟိုအစိုးရပြဌာန်းတဲ့ဥပဒေကို မကျင့်သုံးတာ ထင်ရှားပါတယ်။ ဗဟိုအစိုးရအာဏာစက် မထိရောက်တဲ့ဒေသမှာ ဓလေ့ထုံးစံဥပဒေကို အသုံးများပါတယ်။
နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်ခဲ့တာကြောင့် မြန်မာနိုင်ငံနေရာ အတော်များများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ချုပ်ကိုင်ထားတာတွေ့ရပါတယ်။ အစိုးရတပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြားစောင့်တပ်ရဲ့ ချုပ်ကိုင်မှုအောက် ကျရောက်နေတဲ့ နယ်မြေလည်းရှိပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ လက်အောက်ခံဒေသမှာ ဓလေ့ထုံးစံကို လိုက်နာတာ ရှိသလို ချုပ်ကိုင်တဲ့တပ်ဖွဲ့ရဲ့ တရားစီရင်မှုကို နာခံရတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ကျင့်သုံးနေတဲ့ တရားစီရင်ရေးကို ဒေသခံမဟုတ်တဲ့ အပြင်လူတွေ မသိကြတာများပါတယ်။
ဒါကြောင့် တိုင်းရင်းသားတပ်ဖွဲ့တွေ ကျင့်သုံးတဲ့ တရားစီရင်ရေးစနစ်ကို သိရှိနိုင်ဖို့အတွက် Asia Foundation က သုတေသီ Brain McCartan နဲ့ Kim Jolliffe (ဂျိုးလစ်ဖ်) ကို တာဝန်ပေးပါတယ်။ အစိုးရအာဏာစက် မရောက်နိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဓလေ့ထုံးစံကို အခြေခံတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အသင့်အတင်ရတဲ့ ပြည်နယ်တွေမှာ ဓလေ့ထုံးစံ ဥပဒေလွှမ်းမိုးမှုများပြီး တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ပမှာတော့ ကိုလိုနီဥပဒေကို ကျင့်သုံးပါတယ်။ ဒါကြောင့် ပြည်မနဲ့ ရောနှောမှုများတဲ့ ကရင်နဲ့ မွန်ပြည်နယ်မှာ ကိုလိုနီဥပဒေ လွှမ်းမိုးမှု ပိုများတာ တွေ့ရပါတယ်။ KNU ခေါင်းဆောင် စောဘဦးကြီးဟာ အင်္ဂလန်မှာ ဥပဒေ ပညာသင်ကြားခဲ့သူ ဖြစ်လို့ KNU တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့ဟာ ဗြိတိသျှ ကိုလိုနီဥပဒေမှာ အခြေခံပါတယ်။
ဒါကြောင့် KNU နယ်မြေမှာ တရားစီရင်ရေးနဲ့ တရားရေးကို အခိုင်အမာ တည်ဆောက်ထားပါတယ်။ တရားရေးဌာန၊ တရားစီရင်ရေးဌာနနဲ့ ရဲအဖွဲ့စသဖြင့် KNU မှာ ဌာနသုံးခု ရှိပါတယ်။ တရားရေးဌာနဟာ ဥပဒေပြဌာန်းမှုနဲ့ တရားဥပဒေ ဗဟုသုတပြန့်ပွားမှုအတွက် တာဝန်ယူရပါတယ်။ တရားရေးဌာနဟာ ဗဟိုကော်မတီမှာ ပါဝင်ပေမယ့် ခရိုင်နဲ့ မြို့နယ်အဆင့်မှာ မပါဝင်ပါဘူး။ တရားစီရင်ရေးဌာနဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။ တရားရုံးချုပ်မှာ တရားသူကြီးချုပ်သုံးသီးရှိပြီး လေးနှစ်တကြိမ် ကျင်းပတဲ့ KNU ကွန်ဂရက်က ရွေးကောက်တင်မြှောက်သူတွေ ဖြစ်ပါတယ်။ ခရိုင်နဲ့ မြို့နယ်တွေမှာ တရားသူကြီးတဦးစီကို (၂) နှစ်တခါ ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးမှာသာ အမှုစစ်ဆေးခွင့်ရှိပေမယ့် လက်တွေ့မှာတော့ KNLA တပ်မှူးတွေက အမှုကို စီရင်ဆုံးဖြတ်တာမျိုးတွေ ရှိပါတယ်။
KNPF ခေါ် ကရင်တပ်ဖွဲ့ကို ၁၉၉၁ မှာ တည်ထောင်ပြီး KNU နယ်မြေ တည်ငြိမ်ရေးအတွက် တာဝန်ယူရပါတယ်။ KNU နယ်မြေဖြစ်တဲ့ ခရိုင် (၇) ခုမှာ ကရင်ရဲတပ်ဖွဲ့ဝင် (၆၀၀) ကျော် နေရာချထားပါတယ်။ ခရိုင် (၄) ခုမှာ အကျဉ်းထောင်ရှိပြီး မြို့နယ်အဆင့်မှာ မရှိပါ။ KNU တရားစီရင်ရေးကို လက်နက်ကိုင်ပဋိပက္ခကာလနဲ့ အဆင်ပြေအောင် စီမံထားပုံရပါတယ်။ မွန်ပြည်သစ်ပါတီမှာလည်း ၁၉၉၅ အပစ်ရပ်သဘောတူချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအချို့ ရှိနေပါတယ်။ ဒီအထဲမှာ ထိုင်းနဲ့ဆက်စပ်နေတဲ့ အပိုင်းဟာ အကြီးဆုံးဖြစ်ပြီး KNU နဲ့ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ နယ်မြေကလည်း ရှိပါတယ်။ မွန်ပြည်သစ်ပါတီ တရားစီရင်ရေးဟာ အုပ်ချုပ်ရေးလက်အောက်မှာ ရှိပါတယ်။ ဗဟိုတရားရေးကော်မတီ၊ ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီရှိပြီး ကိုလိုနီခေတ်ဥပဒေကို ပြန်လည်ပြင်ဆင်ကျင့်သုံးတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်နဲ့ မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့ ချုပ်ကိုင်ရာဒေသဟာ စစ်ရေးအရ ဖွဲ့စည်းထားကြတာဖြစ်လို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ အခြေခံလောက်သာ ရှိပါတယ်။ လက်နက်ကိုင်သူက ဖမ်းဆီးပြီး ကျေးလက်ဓလေ့ထုံးစံဥပဒေအရ စီရင်ချက်ချပါတယ်။ KNPP ကရင်အမျိုးသား တိုးတက်ရေးပါတီကတော့ ဝါရင့်အဖွဲ့ဝင်တွေ ရေးဆွဲတဲ့ ဥပဒေစာအုပ်အရ အငြင်းပွားမှုနဲ့ မှုခင်းအသေးစားတွေကို စစ်ဆေးပါတယ်။ ဗဟို၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှာ တရားရေးကော်မတီတွေ ရှိပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တိုင်းမှာ သီးခြားတရားရေးစနစ်တွေ ရှိကြပါတယ်။ ဒါကြောင့်မို့ တိုက်ပွဲကာလမှာ မတည်မငြိမ် ဖြစ်ပေမယ့် တိုက်ပွဲမရှိတဲ့အခါမှာ တရားရေးစနစ်ကို ပြန်လည်ကျင့်သုံးနိုင်ကြပါတယ်။
တိုင်းရင်းသားတရားရေးစနစ် ကြံ့ခိုင်တဲ့နေရာဒေသတွေမှာ လူဆိုးဂိုဏ်းတွေ ခြေကုတ်ယူဖို့ ခက်ခဲပါတယ်။ တချို့နေရာတွေမှာ တိုင်းရင်းသားစနစ်ကို အစိုးရစနစ်ထက်ပိုပြီး နှစ်သက်ကြပါတယ်။ ထိန်းချုပ်မှု ရှုပ်ထွေးတဲ့နေရာတွေမှာတော့ ဒေသခံတွေဟာ သူတို့နဲ့ အကိုက်ညီဆုံးဖြစ်မယ့် တရားရေးစနစ်ကို ရွေးချယ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်အဖွဲ့ ကြီးစိုးတဲ့နယ်မြေမှာ တရားစီရင်မှုကို အလွှဲသုံးစားလုပ်တာ ရှိပါတယ်။ တိုင်းရင်းသားတရားစီရင်ရေးမှာ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူမှုစီးပွားရေးနဲ့ နိုင်ငံရေးအရ ကွဲပြားခြားနားကြတာကို ပြုပြင်ရေးလုပ်ရာမှာ သတိထားသင့်ကြောင်း သုတေသီ Brain McCartan နဲ့ Kim Jolliffe (ဂျိုးလစ်ဖ်) တို့က သုံးသပ်တင်ပြထားပါတယ်။