Your browser doesn’t support HTML5
တိုင်းပြည်ရဲ့ စွမ်းအင်လိုအပ်ချက် (၄၀) ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်တဲ့ ပြဿနာကို အဖြေရှာကြဖို့ လွန်ခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-အီးယူ စီးပွားရေးဖိုရမ်မှာ ဆွေးနွေးကြပါတယ်။ စွမ်းအင်မလုံမလောက် ဖြစ်နေလို့ မီးမှန်မှန်မရတဲ့ ပြဿနာကို မြန်မာပြည်မှာ ကြုံတွေ့နေရတာ ကြာပါပြီ။ စစ်အစိုးရလက်ထက်က စခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ADB ကလည်း မြန်မာ့စွမ်းအင်ပြဿနာနဲ့ ပတ်သက်ပြီး Energy Sector Assessment, Strategy and Road Map ဆိုတဲ့ စာတမ်းကို လွန်ခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ဝေခဲ့ပါတယ်။
၂၀၁၄ ပထမ (၆) လပိုင်းမှာ သဘာဝဓါတ်ငွေ့က ဒေါ်လာသန်း (၂၀၀၀) ရတယ်လို့ ဆိုပါတယ်။ တနှစ်လုံးဆိုရင် ဒေါ်လာသန်း (၄၀၀၀) လောက် ရမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဓါတ်ငွေ့တွင်းသစ်တွေက ဒေါ်လာ (၃၀၀၀) လောက် နှစ်စဉ်ဝင်နိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမှု (၈၅) ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍမှာဖြစ်ပြီး၊ ပို့ကုန်တန်းဖိုး (၅၅) ရာခိုင်နှုန်းဟာ စွမ်းအင်ကရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းအင်မလုံမလောက် ဖြစ်နေပါတယ်။ ရတနာ၊ ဇောတိက နဲ့ ရွှေဓါတ်ငွေ့တွင်းတွေဟာ နိုင်ငံခြားကို (၈၀) ရာခိုင်နှုန်း တင်ပို့ပြီး (၂၀) ရာခိုင်နှုန်းသာ ပြည်တွင်းအတွက် သတ်မှတ်ပါတယ်။
စစ်အစိုးရသက်တမ်း နောက်ဆုံးနှစ်ဖြစ်တဲ့ (၂၀၁၀) မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီကို ပုဂ္ဂလိကို တင်သွင်းခွင့်ပေးတာကြောင့် လေးနှစ်အတွင်း လက်လီဆိုင် (၁၂၈၁) ရှိလာပါတယ်။ စွမ်းအင်လက်လီဆိုင်တွေကို စစ်တပ်ခရိုနီတွေသာ လုပ်ခွင့်ရကြတာ များပါတယ်။ ကျောက်မီးသွေးထွက်တဲ့နေရာ (၆၀၀) နီးပါးရှိပြီး၊ တန်ချိန်သန်း (၅၀၀) ကျော် ထွက်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးဟာ အညံ့စား Lignite ဖြစ်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးတွင်း (၅၇) ခုရှိပြီး၊ ၂၀၀၇ မှာ တန်ချိန်တသန်းခွဲထုတ်ပြီး၊ ၂၀၁၃ မှာ တန်ချိန်ခုနှစ်သိန်း ထုတ်တယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာ တီကျစ်စက်ရုံက (၅၀) ရာခိုင်နှုန်းအသုံးပြုပြီး ကျန်တာကို ဘိလပ်မြေနဲ့ စတီးကုမ္ပဏီတွေက သုံးတယ်လို့ ဆိုပါတယ်။
ရေအားလျှပ်စစ်စက်ရုံ (၃၅) ခုရှိတဲ့အနက် အလတ်စားက (၂၆) ခု၊ အသေးစားက (၉) ခု ရှိပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ရေအားလျှပ်စစ် အသေးစား (၅) ခု တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။ လျှပ်စစ်နဲ့ ဝန်ကြီးဌာန လေ့လာချက်အရ အသေးစားနဲ့ အလတ်စား ရေအားလျှပ်စစ် စက်ရုံ (၂၀၀) ကျော် တည်ဆောက်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ တခုကို (၁၀) မဲဂါဝပ် ရှိမှာမို့ စုစုပေါင်း မဲဂါဝပ် (၂၃၀) ထွက်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၄ လျှပ်စစ်ဥပဒေအရ ပြည်နယ်အစိုးရတွေဟာ အသေးစား ရေအားလျှပ်စစ်ကို တည်ဆောက်ခွင့် ပေးနိုင်ပါတယ်။ ၂၀၁၆ မှာ လျှပ်စစ်ဓါတ်အား မဲဂါဝပ် (၄၇၆၄) ထုတ်လုပ်တဲ့အနက် ရေအားလျှပ်စစ်က (၆၀) ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့က (၃၈) ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေးက (၂) ရာခိုင်နှုန်း လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရေအားလျှပ်စစ်ကို ထုတ်သမျှ သုံးစွဲနိုင်တာ မဟုတ်ပါဘူး။ မဲဂါဝပ် (၂၈၀၀) ကျော် ထုတ်လုပ်နိုင်ပေမယ့် တရုတ်အတွက် မဲဂါဝပ် (၅၂၀) ချန်ထားရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံပိုင် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက် (၁၀) ခုရှိပြီး၊ မဲဂါဝပ်တစ်ထောင်နီးပါး ထုတ်နိုင်ပါတယ်။ ပုဂ္ဂလိဓါတ်ငွေ့သုံး စက်ရုံ (၉) ခုရှိပြီး မဲဂါဝပ် (၆၆၀) ထုတ်နိုင်ပါတယ်။ လျှပ်စစ်ဓါတ်ကို ရန်ကုန်မှာ အများဆုံး သုံးစွဲပြီး၊ ကယားပြည်နယ်က ဒုတိယ၊ မန္တလေးက တတိယ၊ နေပြည်တော်က စတုတ္ထ အများဆုံး သုံးပါတယ်။ လျှပ်စစ်မှာ ပုဂ္ဂလိကလုပ်ငန်းတွေ စိတ်ဝင်စားလာတာကြောင့် ရေအားလျှပ်စစ် (၄၄) ခုနဲ့ ဓါတ်ငွေ့သုံးလျှပ်စစ် (၁၁) ခု တည်ဆောက်ဖို့ အစိုးရနဲ့ ပုဂ္ဂလိကဏ္ဍတို့ နားလည်မှု ယူထားပါတယ်။ နေရောင်ခြည်အင်အားသုံးတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ အမျိုးအစားတွေကိုလည်း တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။
ဦးသိန်းစိန်အစိုးရတက်လာတဲ့ (၂၀၁၁) မှာ တနိုင်ငံလုံး ဖွံ့ဖြိုးရေး အနှစ် (၂၀) စီမံကိန်း ချထားပါတယ်။ နောက်တော့ (၂၀၁၄) အစောပိုင်းမှာ အမျိုးသားစွမ်းအင်ပေါ်လစီကို အတည်ပြုပါတယ်။ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ ရေတိုရေရှည် စွမ်းအင်စီမံကိန်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်။ နောက် (၁၃) နှစ်ကြာရင် တပြည်လုံး မီးပေးဖို့ ရည်မှန်းထားပါတယ်။ မြန်မာ့စွမ်းအင်စီမံကိန်းမှာ (၂၀၁၂) ကစပြီး၊ ADB ဦးဆောင်ပါဝင်ပြီး၊ ဒေါ်လာသန်း (၄၀၀) သုံးဖို့ သဘောတူထားပါတယ်။ ကမ္ဘာဘဏ်ကလည်း စွမ်းအင်အတွက် ဒေါ်လာသန်း (၅၀၀) ကျော် သုံးပါလိမ့်မယ်။
စွမ်းအင်ကဏ္ဍအတွက် ဂျပန်က ဒေါ်လာသန်းတထောင်ကျော်ချေးဖို့ သဘောတူထားပါတယ်။ ထိုင်းကဒေါ်လာသန်း (၂၀)၊ ဂျာမဏီက ယူရိုသန်း (၄၀) သုံးဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ လာမယ့် (၁၃) နှစ်အတွင်း တပြည်လုံး မီးရဖို့ ADB ကူညီပါလိမ့်မယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာသန်း လေးသောင်းလောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ရေအားနဲ့ သဘာဝဓါတ်ငွေ့အားကနေ စွမ်းအင်ထုတ်ယူစရာတွေ မြန်မာပြည်မှာ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဘဏ္ဍာရေးနဲ့ အတတ်ပညာပိုင်းဆိုင်ရာမှာ ခေတ်မမီတာကြောင့် စွမ်းအင်ကဏ္ဍဟာ မဖွံ့ဖြိုး မတိုးတက်ဘဲ ဖြစ်နေတာမို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်ကြောင်း Energy Sector (၃၃) မျက်နှာ စာတမ်းမှာ ဖော်ပြထားပါတယ်။